25 C
Yangon

ပြင်ဦးလွင် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းတွင် ကျောင်းသားများ ထွက်ပြေးမည်စိုးရိမ်၍ စည်းကမ်းများ ဖြေလျှော့၊ CDM လုပ်လျှင် မိဘ၊ ဆွေမျိုးများ ဖမ်းဆီး သတ်ဖြတ်ခံရမည်ဟု ခြိမ်းခြောက်

Must read

ရန်ကုန်၊ မေ ၄

မန္တလေးတိုင်း၊ပြင်ဦးလွင်ရှိ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းတွင် ကျောင်း သားများထွက်ပြေးမည်ကိုစိုးရိမ်၍ စည်းကမ်းများစွာကို ဖြေလျှော့လိုက်ပြီး ဗိုလ်လောင်းကျောင်းသားများ ထွက်ပြေးခြင်း၊ CDM လုပ်ခြင်းများ ပြုလုပ်ပါက မိဘ ဆွေမျိုးများကို ဖမ်းဆီးခြင်းနှင့် သတ်ဖြတ်ခြင်းများခံရနိုင်သည်ဟု ကျောင်းစစ်အာဏာပိုင်များက တရားဝင် ပြောဆို ခြိမ်းခြောက်ထားကြောင်း သင်တန်း သားများထံမှ သိရှိရသည်။

လက်ရှိတွင် ဗိုလ်လောင်းသင်တန်းအပတ်စဉ် စီနီယာ၊ ဂျူနီယာများအကြား ထိန်းကျောင်းမှုဆိုင်ရာ စည်းကမ်းများကို လျှော့ချလိုက်ကြောင်း၊ အထူးသဖြင့် ကျောင်းသားများကို မိုဘိုင်းလ်ဖုန်း ပေးမသုံးသည့် စည်းကမ်းကို လျှော့ချလိုက်ပြီး အားလုံးကို ဖုန်းသုံးခွင့်ပြုကြောင်း၊ သို့ရာတွင် NUG CRPH နှင့် PDF တို့ သည် အကြမ်းဖက်သမား ဖြစ်သည်ဆိုသော ဝါဒဖြန့်စာများကို အချင်းချင်း အွန်လိုင်းတွင် ရှယ်ကြရန် ကျောင်းအာဏာပိုင်များက ပြောဆိုကြောင်း သိရှိရသည်။

“DSA ဗိုလ်လောင်း ကျောင်းသားတွေက ကျောင်းမဆင်းရသေးဘူး CDM လုပ်ချင်နေကြပြီ။ CDMလုပ်ရင်မိဘကိုပါသတ်ပစ်မှာဆိုပြီး ခြိမ်းခြောက်တယ် ကျောင်း ဘက်က။ အခုစည်းကမ်းတွေတအားလျှော့ပေးတယ်။ စီနီယာကျောင်းသားက ဂျူနီယာတွေ နှိပ်ကွပ်တာတွေ မလုပ်ရအောင် လုပ်လာတယ်။ ကျောင်းအုပ်ကြီးကလည်း ကျောင်းသားတွေကိုဖုန်းကိုပေါ်တင်ပေးသုံးပြီး ဝါဒဖြန့်ခိုင်းတယ်။ ကျောင်းအုပ်ကြီးက CDM မလုပ်နဲ့။ ကျန်တာ ကြိုက်တာလုပ်ဆိုပြီး ကျောင်းသားတွေကို ချော့ပြောတယ်။ စည်းကမ်းကတော့ အကုန်ဖြေလျှော့လိုက်တာ။ ဘာမှ မတင်းကျပ်တော့ဘူး” ဟု DSA ဗိုလ်လောင်းသင်တန်းမှ ကျောင်းသားတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

DSA ဗိုလ်လောင်းသင်တန်း တက်ရောက်ရန် လျှောက်ထားသူ နည်းပါးသဖြင့် ဗိုလ်လောင်းရွေးချယ်ရေးအဖွဲ့က စိစစ်မှု မလုပ်တော့ဘဲ လျှောက်ထားသူမှန်သမျှကို တက်ခွင့်ပြုနေကြောင်း၊ ယင်းသို့ ခွင့်ပြုသည့်တိုင် ဗိုလ်လောင်းတက်ရောက်မည့် ကျောင်းသား အလွန်နည်းပါးနေကြောင်း သိရှိရသည်။

“ဂျူနီယာကျောင်းသားအရေအတွက်က အတော်တော့ နည်းမယ်ပြောတယ်။ စတက်မယ့်ကျောင်းသား အရေအတွက်က အရမ်းနည်းမှာမို့ စီနီယာတွေက နှိပ် ကွပ်ရင် နှိပ်ကွပ်တဲ့သူပါ အရေးယူခံရမယ့် ပုံစံမျိုး ကျောင်းဘက်က သတိပေးလာတာလည်းရှိတယ်” ဟု DSA ဗိုလ်လောင်းသင်တန်းစီနီယာ ကျောင်းသားတစ်ဦးက ပြောဆိုသည်။

(သတင်းဖြေဆိုသူ၏ လုံခြုံရေးအရ ဗိုလ်လောင်းသင်တန်း အပတ်စဉ်များကို ချန်လှစ်ထားရပါသည်။)

ဓာတ်ပုံ- စစ်တပ်နည်းပညာတက္ကသိုလ်DSTA မှ ကျောင်းသားတချို့ လေ့ကျင့်ရေး ဆင်းနေစဉ်။ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article