25 C
Yangon

အထောက်အထားခိုင်လုံလျှင် လူတစ်ဦး အပ်ငွေ သိန်း ၁၀၀ ထုတ်ယူနိုင်သည်ဆိုသည့် စစ်ကောင်စီဗဟိုဘဏ် ညွှန်ကြားချက် စာရွက်ပေါ်မှာသာရှိပြီး လက်တွေ့ ထုတ်မရ၊ စစ်တပ်နှင့်ဌာနဆိုင်ရာ တစ်ပတ် သိန်း ၁၀၀၀ အကန့်အသတ်မရှိ ထုတ်ခွင့်ရ

Must read

ရန်ကုန်၊ မေ ၄

အကြမ်းဖက် စစ်ကောင်စီ၏ ဗဟိုဘဏ်က ဧပြီလ ၁ ရက်နေ့မှစတင်ပြီး အထောက် အထားခိုင်လုံလျှင် လူတစ်ဦး အပ်ငွေ သိန်း ၁၀၀ ထုတ်ယူနိုင်သည်ဆိုပြီး ညွှန်ကြားထားသော်လည်း လက်တွေ့တွင်မူ ထုတ်ယူမရကြောင်း ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

စစ်ကောင်စီဗဟိုဘဏ်က ပြည်သူများ၏ အပ်ငွေများကို ကျန်းမာရေးနှင့်ဘာသာရေးအတွက် အထောက်အထား ခိုင်လုံစွာ ပြနိုင်လျှင် တစ်ပတ် သိန်း ၁၀၀ ထုတ်ပေးမည်ဟု ကြေညာခဲ့သော်လည်း လက်တွေ့တွင်မူ လုံး၀(လုံး၀) ထုတ်မရဟု ပြည်သူများက ဆိုသည်။

“ကျန်းမာရေးနဲ့ ဘာသာရေးအတွက် အထောက်အထားပြနိုင်ရင် သိန်း ၁၀၀ ထုတ်ခွင့်ပေးမယ်လို့ ပြောတော့ ပုဂ္ဂလိကဆေးရုံမှာ ဆေးရုံတက်ဖို့ အူကျတာခွဲစိတ်ဖို့ ထောက်ခံစာနဲ့ သိန်း ၁၀၀ ထုတ်ပေးပါ ဆိုပြီး ဘဏ်ကိုတင်ပြတယ်။ အဲဒါ အစိုးရဆေးရုံထောက်ခံစာမှ လက်ခံမယ်၊ ငွေထုတ်ပေးမယ်၊ အဲဒါနဲ့ အစိုးရဆေးရုံထောက်ခံစာ ပြတော့လည်း အူကျတာ သိန်း ၁၀၀ မကုန်ဘူးဆိုပြီး ထုတ်မပေးဘူး။ တကယ်လို့ အရမ်း အလျှင်လိုရင်တော့ သိန်း ၁၀၀ ထုတ်ချင်ရင် ဘဏ်က ရာခိုင်နှုန်းသမားနဲ့ချိတ်ပေးမယ်ပြောတယ်။ ကိုယ့်ငွေနဲ့ကိုယ် အဆင်မပြေတာပါ။ မြန်မာ့စီးပွားရေးဘဏ်က အစိုးရဘဏ်ဆိုတော့ အပ်နှံထားတဲ့ငွေတွေ ဖျက်သိမ်းရင်တောင် မပျောက်ပျက်ဘူးဆိုပြီး အပ်ခဲ့မိတာ အခုတော့ ထုတ်မရ ပြုမရနဲ့။ ပုဂ္ဂလိကဘဏ်မှာရှိတဲ့ ပိုက်ဆံတွေလည်း ထုတ်မရဘူး။ ဒီလိုပဲ ” ဟု မြန်မာ့စီးပွားရေးဘဏ်တွင် ငွေအပ်နှံထားသူတစ်ဦးက ပြောသည်။

စစ်ကောင်စီက ငွေကြေးထုတ်ယူမှုများ မြန်ဆန်လာသည်ဟု ပြောဆိုနေသော်လည်း လက်တွေ့တွင်မူ အလိမ်အညာသာ ဖြစ်ကြောင်း ဧရာ၀တီဘဏ်တွင် လူတစ်ဦးလျှင်ကို နှစ်ပတ်ကို ၅ သိန်း ၊ ကုမ္ပဏီအကောင့်ဆိုပါက နှစ်ပတ်လျှင် သိန်း ၅၀ ၊ ဧပြီလနောက်ပိုင်း ငွေအလွှဲအပြောင်း ငွေများကို တစ်လစောင့်ဆိုင်းစနစ်ဖြင့် ထုတ်ပေးလျက်ရှိကြောင်း၊ အခြားသော ပုဂ္ဂလိကဘဏ်များတွင်လည်း အလားတူ ကြုံတွေ့နေရကြောင်း သိရှိရသည်။

ပြည်သူများက ဘဏ်များရှိ မိမိတို့၏ အပ်နှံငွေများကို ထုတ်ခွင့်မရသော်လည်း စစ်တပ်နှင့်ဌာနဆိုင်ရာများက တစ်ပတ်လျင် ငွေကျပ် သိန်း ၁၀၀၀ လွယ်ကူလျှင်မြန်စွာ ထုတ်ယူနိုင်ကြောင်း သိရှိရသည်။

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီဗဟိုဘဏ်က ငွေစက္ကူသစ်များစွာကို ရိုက်နှိပ်လျက်ရှိပြီး ပုဂ္ဂလိကဘဏ်များသို့ ငွေစက္ကူအသစ်များ နေ့စဉ် ဖြန့်ဝေပေးလျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article