25 C
Yangon

ဒုတိယဗိုလ်မှူးကြီး သော်ဇင်ထွန်း ဦးဆောင်သော ခမရ ၂၁၅ စစ်ကြောင်းက ကျေးရွာများကို ဝင်ရောက်ဖျက်ဆီးကာ ပစ္စည်းများ ခိုးယူခဲ့ကြောင်း လက်နက်နှင့်တကွ အလင်းဝင်လာသည့် တပ်သား သွင်ထူးကို ဝန်ခံ

Must read

ရန်ကုန်၊ မေ ၄

ဒုတိယဗိုလ်မှူးကြီး သော်ဇင်ထွန်း ဦးဆောင်သော ခမရ ၂၁၅ စစ်ကြောင်းက ကော့ကရိတ်တောင်ပိုင်းကျေးရွာများကို ဝင်ရောက်ဖျက်ဆီးကာ ပစ္စည်းများ ခိုးယူခဲ့ကြောင်း ယနေ့ မေလ ၄ ရက်နေ့တွင် KNLA ပူးပေါင်းတပ်ဖွဲ့ ကျားဖြူစစ်ကြောင်းထံ လက်နက်နှင့်တကွ အလင်းဝင်လာသည့် တပ်သား သွင်ထူးကို ဝန်ခံပြောကြားလိုက်သည်။

စစ်ကောင်စီ၏ တပ်မ ၁၁ လက်အောက်ခံ ခမရ (၂၁၅) မှ တပ်သားသွင်ထူးကိုသည် ကရင်အမျိုးသားအစည်းအရုံး KNU၊ တပ်မဟာ ၆၊ တပ်ရင်း ၂၇၊ ကျားဖြူစစ်ကြောင်းထံသို့ လက်နက်နှင့်အတူ ယနေ့ မေလ ၄ ရက်တွင်လာရောက်ပူးပေါင်းခဲ့ကြောင်း ဒေသသတင်းရင်းမြစ် Klo FM က ဖော်ပြသည်။

ဒုတိယဗိုလ်မှူးကြီး သော်ဇင်ထွန်း ဦးဆောင်သောအဆိုပါ စစ်ကြေင်းသည် လွန်ခဲ့သည့် ၆ လခန့်မှ စ၍ ကော့ကရိတ်မြို့နယ်အတွင်း စစ်ကြောင်းထိုးစဉ်ကာလများအတွင်း အံဖကြီးကျေးရွာ၊ ကမိုင်ကုန်းကျေးရွာ၊ ရွာသစ်ကျေးရွာ အပါအဝင်အခြားကျေးရွာများအတွင်းသို့ ဝင်ရောက်ခဲ့ပြီး လူ နေအိမ်အဆောက်အဦးများအားဖျက်ဆီးခြင်း၊ ဒေသခံများပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာများအားယူငင်ခြင်းများပြုလုပ်ခဲ့သည်ဟု ပြည်သူနှင့်ပူးပေါင်းခဲ့သည့် တပ်သား သွင်ထူးကိုက ဝန်ခံထားသည်။

“အံဖကြီးမှာတော့ သူ့အဖွဲ့နဲ့သူ ဟိုအိမ်သွားမွှေတယ်၊ ဒီအိမ်မွှေတာတွေလုပ်တယ်။ အချို့ကရွှေတွေရတယ်၊ ဖုန်းတွေယူတယ်။ ကျွန်တော်က အစားအသောက်တွေယူတယ်။ စစ်ကြောင်းမှူးတွေက မတားဘူး” ဟု ၎င်းက ဝန်ခံသည်။

ယင်းအပြင် စစ်ကောင်စီစစ်ကြောင်းအတွင်း စိတ်ကြွမူးယစ်ဆေးများသုံးစွဲမှုများလည်းရှိနေကြောင်းနှင့် ပြည်သူဘက်သို့ ပူးပေါင်းလာရသည့်အကြောင်းရင်းမှာ စစ်ကောင်စီတပ်အတွင်း အထက်အောက် ဖိနှိပ်မှုများကို မနှစ်သက်တော့ခြင်းနှင့် ထောက်ပံ့ပေးသည့် ငွေကြေးများအားလည်း ပုံမှန်ပေးအပ်ခြင်းမရှိသည့်အတွက်ဟု ၎င်းကဆိုသည်။

တပ်သား သွင်ထူးကို သည် ကျားဖြူတပ်ရင်းရုံးရှိ ဗိုလ်စောငြိမ်းချမ်းထံသို့ MA3 သေနတ် ၁ လက်၊ ကျည်ဘောက် ၂ ခုကျည်အပြည့်ဖြင့် လက်နက်အပ်နှံကာ ပြည်သူနှင့်ပူးပေါင်းခဲ့ခြင်းဖြစ်သည်။

လက်နက်နှင့်အတူ အလင်းဝင်လာသူကို အမျိုးသားညီညွတ်ရေး အစိုးရ NUG နှင့် ချိတ်ဆက်ပေးပြီး ဆုကြေးငွေ ထုတ်ပေးသွားမည်ဖြစ်ကြောင်း ကျားဖြူတပ်ရင်းမှ ဗိုလ်စောငြိမ်းချမ်း မှ Klo FM သို့ ပြောဆိုသည်။

ဓါတ်ပုံ – ကျားဖြူစစ်ကြောင်းထံ လက်နက်နှင့် အလင်းဝင်လာသည့် ခမရ ၂၁၅ မှ တပ်သား သွင်ထူးကို
Photo Credit – Klo FM

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article