25 C
Yangon

မြိုင်မြို့နယ် ရွာသစ်ကြီးရွာကို စစ်တပ်က ဝင်စီး မီးရှို့၍ ပြည်ပိုင် နေအိမ် ၇၁ လုံး ပြာကျ

Must read

ရန်ကုန်၊ မေ ၄

မကွေးတိုင်း မြိုင်မြို့နယ် ရွာသစ်ကြီးကျေးရွာကို အကြမ်းဖက် စစ်တပ်က မေလ ၂ ရက်နေ့ ညနေ ၃ နာရီခန့်တွင် မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင် နေအိမ် ၇၁ လုံး မီးလောင်ပြာကျခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

အကြမ်းဖက် စစ်တပ်သည် ဆိတ်တပ်ရွာ – ကွန်လပ်ရွာ- မြိုစိုးရွာဘက်မှ ရွာသစ်ကြီးရွာသို့ ထိုးစစ်ဆင်လာသော အင်အား ၇၀ ခန့်ပါ စစ်ကြောင်းဖြစ်ပြီး မေလ ၁ ရက်‌နေ့တွင် ရွာသစ်ကြီးကျေးရွာကို ဝင်ရောက် စီးနင်းခဲ့ကာ ရွာဘုန်းကြီးကျောင်းတွင် တပ်စွဲ နေထိုင်ခဲ့ပြီး မေလ ၂ ရက်နေ့တွင် ကျေးရွာတစ်ခုလုံးကို မီးရှို့ဖျက်ဆီး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဘုန်းကြီးကျောင်း ကွန်ပျူတာခန်းမှာ ကွန်ပျူတာတွေကို ဓားတွေနဲ့ ခုတ်ထစ်ရိုက်ချိုးသွားတယ်။ နောက်နေ့ကျ ရွာတွေကို မီးရှို့ဖျက်ဆီးတယ်။ လူ ၂ ဦး ဖမ်းဆီးခံရပြီး နှိပ်စက်ခံရသေးတယ်။ ရွာကို မီးရှို့တာ မြင်တော့ PDF တွေက စဝင်တိုက်တဲ့အချိန် ကြောက်ကြောက်လန့်လန့် ရုန်းရင်းဆန်ခတ်ဖြစ်ချိန် ဖမ်းခံရသူ ၂ ဦးက ထွက်ပြေးလို့ လွတ်ခဲ့တာ။ မေလ ၂ ရက်နေ့ မှာ ၃ နာရီလောက် စရှို့တယ်။ ရှို့ပြီး ရွာထဲက ထွက်သွားတာပဲ။ ရွာထဲက သူတို့ ထွက်ဖို့အတွက် ညပိုင်းမှာ ပြန်ဝင်ပြီး ပြန်ရှို့ခဲ့သေးတယ်။ လောင်သွားတဲ့ အိမ်တွေက အားလုံး ပြာကျကုန်ပြီ။ ပြည်သူတွေလည်း ဒီနေ့ မနက် မေလ ၄ ရက်နေ့မှ ရွာထဲ ပြန်ဝင်ခဲ့ရတာ” ဟု ဒေသခံ တစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခြင်းကြောင့် ရွာသစ်ကြီးကျေးရွာရှိ ပြည်သူ ၄၀၀ နီးပါးသည် အိုးမဲ့ အိမ်မဲ့ ဖြစ်နေကြောင်း ၊ အကြမ်းဖက်စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးလာချိန်တွင် အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့် စစ်ကြောင်း ထိုးလာသည့်အတွက် ပစ္စည်းများ သယ်ယူနိုင်ခြင်းမရှိဘဲ ထွက်ပြေးခဲ့ရသောကြောင့် နေထိုင်ရေးနှင့် စားသောက်ရေးများ အကူအညီ လိုအပ်လျက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article