ရန်ကုန်၊ မေ ၄
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်တွင် ပြည်သူများထံမှ လျှပ်စစ်ဓာတ်အားခနှင့် စိုက်ဘဏ်ချေးငွေများ စစ်ကောင်စီက မကောက်ခံရန် KIA သတိပေးချက် ယနေ့ထုတ်ပြန်သည်။
မိုးကောင်းမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သော တောင်နီ ၊ နမ္မန၊ မင်းကုန်း၊ ပင့်သာ၊ အုန်းဘောင်၊ သိုက်ဝါးကုန်း၊ အင်ကြင်းကုန်း၊ ပင်လုံ၊ ပင်းဘော၊ ပင်းကျိုင်း၊ ပဲခူးစု၊ ဗန်းမောက်ကုန်း၊ လေသာကုန်း၊ ကုန်းတန်းကြီး၊ ပွင့်ဖြူ၊ ထုံးရေပေါက်၊ နန်းခွင် စသည့် ရွာများတွင် အုပ်ချုပ်ရေးမှူးများက ပြည်သူများထံမှ လျှပ်စစ်မီတာခများ တောင်းခံခြင်းနှင့် တောင်သူများကို စိုက်ဘဏ်ချေးငွေများ မတရားဖိအားပေး ကောက်ခံနေကြောင်း၊ အဆိုပါ ငွေများဖြင့် အကြမ်းဖက် စစ်အာဏာရှင် တည်တံ့ခိုင်မြဲရေး လုပ်ဆောင်နေမှုများကို ရပ်တန်းက ရပ်ရန် KIA ပြည်သူ့ကာကွယ်ရေး ညီနောင် တပ်ပေါင်းစုက ယနေ့ မေ ၄ ရက်နေ့တွင် သတိပေးချက် ထုတ်ပြန်သည်။
ပြည်သူထံမှ လျှပ်စစ်ဓာတ်အားခနှင့် စိုက်ဘဏ်ချေးငွေများ မကောက်ခံရန် သတိပေးချက်ကို လိုက်နာမှု မရှိဘဲ ဆက်လက်ကောက်ခံနေပါက လုံးဝ(လုံးဝ) ခွင့်လွှတ်မည် မဟုတ်ကြောင်း KIA ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။