25 C
Yangon

ရန်ကုန်မြောက်ဒဂုံတွင် ရှော့တိုက်ခ်ဒုန်းဖြင့် ပစ်ခတ်မှု လူနေအိမ်ပေါ်ကျရောက်၊ အင်းစိန်အကျဉ်းထောင်အနီး ဗုံးပေါက်ကွဲ၊ နေ့စဉ် ရက်ဆက် စစ်တပ်နှင့်ဆိုင်သော နေရာများ ပစ်ခတ်တိုက်ခိုက်ခံနေရ

Must read

ရန်ကုန်၊ မေ ၇

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းတွင် ရှော့ခ်တိုက်ဒုန်းဖြင့် ပစ်ခတ်မှု တစ်ခု ယမန်နေ့ ညပိုင်းဖြစ်ပွားခဲ့ပြီး လူနေအိမ်ပေါ်သို့ ကျရောက်ခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

“မနေ့ည ၁၀ နာရီ ၄၇ မိနစ်လောက်တုန်းက မြောက်ဒဂုံ ၄၆ ရပ်ကွက်၊ အအေးဆိုင် မှတ်တိုင်နားက စပ်စံထွန်း လမ်းမပေါ်က စိန်ဆန်ဆိုင်ဘေးက လူနေအိမ်ခေါင်မိုးကိုဖောက်ပြီး လက်နက်ကြီး ကျတယ်။ ဒုန်းက မကွဲတော့မကွဲလိုက်ဘူး။ စစ်ခွေးတွေရောက်လာပြီး ဒုန်းကို သယ်ထုတ်သွားတယ်။ ည ၂ နာရီ လောက်မှာ လယ်ကွင်းထဲသွားဖောက်လိုက်တယ်။ ဒုန်းကို သယ်တာကို ခွေးတွေက အမျိုးသမီးတွေကို ခေါ်ခိုင်းတယ်။ ဒုန်း ရဲ့ ဆိုဒ်က တော်တော်ကြီးတယ် လက်နက်ကြီး ဗုံးသီးလိုမျိုးပဲ။ ဘယ်ကနေကျလာမှန်းတော့မသိဘူး။ အသံရှည်ဆွဲပြီး အုန်းကနဲ ကျလာတာ။ မီတာ ၅၀၀ ပတ်လည်က အိမ်တွေပါ တုန်သွားတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ရန်ကုန်တပ်သတင်းရင်းမြစ်ကလည်း မြောက်ဒဂုံတွင် ရှော့တိုက်ဒုန်းဆန်ဆန် ဒုန်းကျည်ဆန်တွေ့ရှိရပြီး သာမန် ရှော့တိုက်ဒုန်းများထက် အရွယ်အစား ကြီးမားကြောင်း အတည်ပြုသည်။

” အဲဒီဗုံးသီး၊ ဒုန်းကျည်ကို သက်ဆိုင်တဲ့ အင်ဂျင်နီယာတွေတော့ စစ်ဆေးတယ်ကြားတယ်။ လက်လုပ်ပဲ။ ဒါပေမယ့် အရွယ်အစားကြီးတယ်” ဟု တပ်သတင်းရင်းမြစ်က ပြောသည်။

မြောက်ဒဂုံဒေသခံအများစုကလည်း ရှော့တိုက်ခ်ဒုန်းကျရောက်ချိန် နေအိမ်များ တုန်ခါမှုနှင့် ဗုံးဖောက်ခွဲချိန်ကို သိရှိကြကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အလားတူ မေလ ၆ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်အချိန် အင်းစိန်အကျဉ်းထောင် အနောက်ပေါက်တွင် ဗုံးပေါက်ကွဲကြောင်း၊ လူထိခိုက်မှုမရှိကြောင်း သိရှိရသည်။

ထို့ပြင် မေလ ၆ ရက်နေ့ အင်းစိန်၊ ရွာမနက် အနောက် မြို့ပတ်လမ်းရှိ စစ်ကောင်စီခန့် ၁၃ ရပ်ကွက်ရာအိမ်မှူး တင်ငြိမ်းကို လူငယ်တစ်ဦးက ဗုံးဖြင့် ပစ်ပေါက်တိုက်ခိုက်ရာ ဗုံးမှာ နေအိမ်ကို ထိမှန်ပြီး ဗုံးပစ်သူဘက်သို့ ပြန်လည် ထိမှန် သားသဖြင့် ဗုံးပစ်သူ လူငယ် သေဆုံးသွားကြောင်း သိရှိရသည်။

“ဗုံးသီးအိမ်ထဲကို ပစ်တဲ့ချိန် တံခါးပေါက်က သေးတော့ မဝင်ဘဲ နံရံနဲ့ကန်ထွက်ကာ ဗုံးပစ်သူဆီပြန်ရောက်ပြီး ပေါက်ကွဲသွားတယ်။ ဗုံးပစ်သူလည်း ဒဏ်ရာနဲ့ မေ့မြော သတိလစ်နေပါတယ်။ စစ်ကားတွေ ရဲကားတွေ အများ ကြီးပဲ ရောက်ချလာပါတယ်။ ဘယ်သူမှ အနားကပ်ခွင့်မရဘူး။ အဲဒီအနီးအနားဝန်းကျင်ကလူတေလည်း အပြင်ထွက်မရ
လမ်းတွေလည်း ဖြတ်ခွင့်မရ ပိတ်ဆို့ထားခဲ့တယ်။ ဗုံးပစ်သူကို ပစ်ထားတာ နောက်ဆုံး သွေးလွန်သေသွားပါတယ်။ ဗုံးပစ်သူကောင်လေးက ရေတိုက်ပါလို့ တစာစာအော်တာလည်း အဲဒီအတိုင်းကြီးပစ်ထားတာ။ ပစ်တဲ့ကောင်လေးက မရန်းကုန်းကလို့ပြောသံကြားတယ်။ ဗုံးပစ်သူ ကလေးက မသေခင် ရေတိုက်ပါ ဆေးရုံပို့ပေးပါပြောတာကို စစ်တပ်က ပစ်ထားတာပါ။ သွေးလွန်ပြီး ‌အခင်းဖြစ်နေရာမှာ သေဆုံးသွားပါတယ်” ဟု ပြည်သူတစ်ဦးက ပြောသည်။

အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြိုနယ်၊ မီးသတ်စခန်းကို မေလ ၄ ရက်နေ့ နံနက် ၄ နာရီအချိန် ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ တွံတေး PDF က စစ်တပ် တပ်စွဲထားသော မီးသတ်စခန်းကို နန်းထိုက်အောင်စစ်ဆင်ရေးတစ်ရပ်အနေဖြင့် ခရိုင်ရဲဘော်များနှင့် PDF TT ပူးပေါင်းကာ ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ဧပြီလ ၃၀ ရက်နေ့ နံနက် ၅ နာရီဝန်းကျင် တောင်ဥက္ကလာပမြို့နယ်၊ သံသုမာလမ်းပေါ်ရှိ စစစ်ကောင်စီ၏ ၄၃၄ နှင့် ၄၃၅ တပ်ရင်းကို Area 21 မဟာမိတ်များဖြစ်သည့် Yangon Federal Army-YFA နှင့် Civil Guerrilla Force-YGN တို့က ပူးပေါင်းကာ ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ်ရာ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးသည်ဟု သိရှိရကြောင်း YFA က သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ-ယမန်နှစ် ရပ်ကွက်များအတွင်း ကင်းလှည့်နေသော အကြမ်းဖက် စစ်သားများ။ (ပုံအဟောင်းဖြစ်သည်)။

Photo-အီးပီအေ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article