25 C
Yangon

NUG ၊ NUCC ဆက်လက်တွေ့ဆုံဆွေးနွေးမည်ဟု မလေးရှားအစိုးရ အခိုင် အမာပြောဆို၊ “မလေးရှားအနေနဲ့ ဘက်ရွေးနေတာမဟုတ်ဘူး။ ဘက်ရွေးလို့လည်း မလေးရှားအတွက် ဘာအကျိုးစီးပွားမှ မရှိဘူး။ ကျနော်တို့လုပ်နေတာက အား လုံးနဲ့ထိတွေ့ဆက်ဆံညှိနှိုင်းရေးပဲ” ဟု နိုင်ငံခြားရေးဝန်ကြီးပြောဆို

Must read

ရန်ကုန်၊ မေ ၈

မလေးရှားအစိုးရအနေဖြင့် မြန်မာနိုင်ငံတွင်း နိုင်ငံရေးမတည်မငြိမ်ဖြစ်မှုများကို ဖြေရှင်းရန်အတွက် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နှင့် အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) တို့ အပါအဝင် သက်ဆိုင်သူအားလုံးနှင့် ဆက်လက် ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး Datuk Seri Saifuddin Abdullahက ပြောဆိုသည်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ယမန်နေ့ သတင်းစာရှင်းလင်းပွဲတွင် ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

NUG ၊ NUCC အပါအဝင် မြန်မာ့နိုင်ငံရေး သက်ဆိုင်သူ အားလုံးနှင့်ထိတွေ့ဆက်ဆံရေးမူသည် အာဆီယံဘုံသဘော တူညီချက် ၅ ရပ်နှင့်အညီ ဆောင်ရွက်ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

“မလေးရှားအနေနဲ့ ဘက်ရွေးနေတာမဟုတ်ဘူး။ ဘက်ရွေးလို့လည်း မလေးရှားအတွက် ဘာ အကျိုးစီးပွားမှ မရှိဘူး။ ကျနော်တို့ဟာ အာဆီယံကို နေပြည်တော်နဲ့ မဆက်ဆံဖို့ ဟန့်တားနေတာမဟုတ်ပါဘူး။ ညှိနှိုင်းဆွေးနွေးမှုဆိုတာဟာ ပြဿနာ မဟုတ်ပါဘူး။ ကျနော်တို့လုပ်နေတာက အားလုံးနဲ့ထိတွေ့ဆက်ဆံညှိနှိုင်းရေးပဲ” ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး Datuk Seri Saifuddin Abdullah က ပြောဆိုသည်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးအနေဖြင့် NUG ၊ NUCC တို့ဖြင့် အလွတ် သဘော တွေ့ဆုံမှုကို စစ်ကောင်စီဘက်က ပြင်းပြင်းထန်ထန် ကန့်ကွက်ထားသည်။

အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်တွင် မေလ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် ကျင်းပမည့် အာဆီယံ-အမေရိကန် ထိပ်သီးအစည်းအဝေးမတိုင်မီ မေလ ၁၁ ရက်နေ့ ကျင်းပမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအတွင်း NUG နှင့် NUCC တို့နှင့် အလွတ်သဘော ထိတွေ့ဆက်ဆံမှုများ ပြုလုပ်ရန် အာဆီယံအတွက် မလေးရှား၏ အဆိုပြုချက်ကို ထပ်လောင်း ပြောကြားသွားမည်ဖြစ်ကြောင်း Saifuddin က ပြောဆိုသည်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်၏အခန်းကဏ္ဍကိုလည်း ဘုံသဘောတူညီချက် ၅ ရက်အကောင်အထည်ဖော်နိုင်ရေး ပို၍ ဩဇာကြီးမားလာစေရန်လည်း မလေးရှားက အဆိုပြုမည်ဟု ထုတ်ဖော်ပြောဆိုသည်။

“အာဆီယံအထူးသံတမန်တွေက အစွမ်းကုန် ကြိုးစားကြတယ်။ မြန်မာနိုင်ငံမှာ ကန့်သတ်ချက်တွေနဲ့ အခြေအနေတွေ အများကြီးရှိလို့ ကျနော်တို့ နည်းလမ်းရှာရမယ်။ အထူးသံတမန်တွေရဲ့ တာဝန်တွေကို ထမ်းဆောင်ရာမှာ ပိုထိရောက်မယ့် နည်းလမ်းရှာကိုရှာရပါ့မယ်” ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုသည်။

ဓာတ်ပုံ-မလေးရှားနိုင်ငံခြားရေးဝန်ကြီး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article