30 C
Yangon

ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ် ရေးဆွဲတော့မည်ဖြစ်ပြီး အာဏာသိမ်းစစ်တပ်သည် တရားမဝင် အဖွဲ့ဟု KNU ဗဟိုအလုပ် အမှု ဆောင် ပဒိုစောတောနီး ပြောဆို

Must read

ရန်ကုန်၊ မေ ၉

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC အပါအဝင် တိုင်းရင်းသားများ၊ အဖွဲ့အစည်းပေါင်းစုံ တက်ရောက်ကြသည့်ပြည်သူ့ညီလာခံက အတည်ပြုလိုက်သည့် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်အရ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ်ရေးဆွဲတော့မည်ဖြစ်ကြောင်း KNU ဗဟိုအလုပ် အမှုဆောင် ပဒိုစောတောနီးက ပြောဆိုလိုက်သည်။

KNU က တရားဝင်ထုတ်ပြန်သည့် အင်တာဗျူးတွင် ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

” ဒီနေ့ကာလမှာ ကျနော်တို့ KNU ဟာ ပြီးခဲ့တဲ့ ပြည်သူ့ညီလာခံမှာ အတည်ပြုပြဌာန်းထားတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်ကို ကျနော်တို့ သဘောတူညီ ထားတာဖြစ်တယ်။ အဲဒီအတိုင်း ကျနော်တို့ အခြေခံပြီးတော့ ဖွဲ့စည်းပုံ အသစ်ကို ရေးဆွဲတော့မှာဖြစ်တယ်” ဟု ပဒိုစောတောနီးက ပြောဆိုသည်။

လက်ရှိ KNU အနေဖြင့် မင်းအောင်လှိုင် ဖိတ်ခေါ်သော ငြိမ်းချမ်းရေး‌ ဆွေးနွေးပွဲကို ငြင်းပယ်လိုက်ရခြင်းမှာ မင်းအောင်လှိုင်အနေဖြင့် နိုင်ငံရေးပြဿနာများကို အမှန်တကယ် ဖြေရှင်းလိုသော စိတ်ဆန္ဒမရှိခြင်းကြောင့် ဖြစ်ကြောင်း ပြောဆိုသည်။

“အကြမ်းနည်းနဲ့ အာဏာသိမ်းလိုက်တဲ့ အခါမှာ ဆိုလိုတာက ကျနော်တို့ လုပ်ခဲ့သမျှ အားလုံးကို တန်ဖိုးမထားဘဲနဲ့ ဖျက်ဆီးလိုက်တယ်ဆိုတာ ကျနော်တို့ အဲလိုပဲ နားလည်ရတယ်။ အဲဒီအပေါ်မှာ နိုင်ငံရေး ဆွေးနွေးပွဲဆိုတာ ရှေ့ဆက်လို့ မရတော့ဘူး။ ဆိုတော့ ကျွန်တော်ပြောချင်တာကတော့ ဒီလို အကြမ်းဖက်တဲ့နည်းနဲ့ အာဏာသိမ်းယူလိုက်တဲ့ စစ်တပ်ဟာ ဒါက တရားမဝင်တဲ့အဖွဲ့အစည်း တစ်ခုဖြစ်သွားပြီးဆိုတာရှင်းတယ်။ အဲတာကြောင့်မို့ ဒီလို တရားမဝင်တဲ့ အဖွဲ့အစည်းက နိုင်ငံရေး ဆွေးနွေးပွဲ ခေါ်တယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ သူကိုယ်တိုင်ကလည်း နိုင်ငံရေး ဆွေးနွေးပွဲများကို ခေါ်ပိုင်ခွင့်လည်း မရှိဘူးဆိုတာ ကျန်တော်တို့ အတိအလင်းပြောမယ်။ အဲတော့ ဒီလို ဖိတ်ခေါ်တဲ့ဟာမျိုးကို ဘယ်လိုမှ လက်ခံနိုင်စရာအကြောင်းမရှိဘူး” ဟု ၎င်းက ပြောသည်။

မင်းအောင်လှိုင်က ငြိမ်းချမ်းရေး ဖိတ်ခေါ်သည်ဟု ပါးစပ်က ပြောသော်လည်း လက်တွေ့တွင် ထိုးစစ်အကြီးအကျယ် ဆင်နေသည်ဟု ဆက်လက်ပြောဆိုသည်။

“ဒီငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ဖိတ်ခေါ်တည်းကိုက အပြောနဲ့ အလုပ်ကတော့ နေရာတိုင်းမှာ လိုက်ဖက်ညီဖို့တော့ လိုတယ်လေ အပြောသမျိုး အလုပ်တစ်မျိုးနဲ့ တောက်လျှောက်ပဲလေ ကျွန်တော်တို့ဆီမှာ တောက်လျှောက် ဘယ်လိုကြားနေရလဲဆိုတော့ အပစ်အခတ် ရပ်စဲရေးကို ခေါ်တယ် တချိန်တည်းမှာပဲ ထိုးစစ် အကြီးအကျယ်ဆင်တယ်။ ဆိုတော့ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ တကယ့် မြေပြင်မှာတော့ တိုက်ပွဲ အကြီးအကျယ်နဲ့ နေရာတိုင်းမှာ ဖြစ်နေတဲ့ ကိစ္စပဲလေ အပစ်ခတ် ရပ်စဲရေး ခေါ်တယ်ဆိုရင်တော့ အဲတာလေ ရပ်ဖို့တော့ လိုတယ်လေဗျာ တချိန်တည်းမှာ အဲတာတွေ ဖြစ်နိုင်တဲ့ ကိစ္စကို ချက်ချင်း လုပ်ရမယ့် ကိစ္စတွေဖြစ်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ အခုနေ့စဉ်နဲ့အမျှ ဖြစ်ပျက်နေတဲ့ သတ်တာ ဖြတ်တာတွေဟာ ရပ်ကိုရပ်ပစ်ရမယ်။ အဲတာမရပ်လို့မရဘူးနော် နောက်ပြီးတော့ ရွာလုံးကျွတ် မီးလောင်တိုက်သွင်းတဲ့ ဟာတွေ လူတွေကို သတ်တာဖြတ်တာမကဘူး။ နှိပ်စက်ညှင်းပမ်းတာတွေ ထောင်ထဲမှာ အကျဉ်းသားတွေကို မတရားလုပ်တဲ့ ဟာတွေကိုလည်း ကျွန်တော်တို့က အကုန်လုံးသိတဲ့ ကိစ္စကြီး အဲတာတွေက ရပ်တန်းက ရပ်ရမယ်။ နိုင်ငံရေး အကျဉ်းသားတွေလည်း သူ့ရဲ့ ယုံကြည်မှု အပေါ်မှာ ဒီအချိန်ဒီကာလ တကယ်ကို အကောင်းကို လိုချင်တယ်ဆိုရင်တော့ ဒီလူတွေကို လွှတ်ပေးရမယ်။ ဆိုတော့ ကျေးရွာတွေကို ပြန်ကြည့်လိုက်ရင် ကျွန်တော်တို့ ဒေသတွေမှာပါ မကဘူး။ နေရာဒေသ တော်တော်များများမှာ ပဋိပက္ခ ဖြစ်နေတဲ့ နေရာတွေဆိုရင် သူက ကျေးရွာကို မဆီမဆိုင် လက်နက်ကြီးနဲ့ ထုတာတော့ နောက်ပြီးတော့ လေယာဉ်ပျံနဲ့ ဗုံးကျဲတာတို့ အဲတာတွေက လုပ်ပြီးတော့ တစ်ခါမှာ မရပ်မနားဘူး။ ဒီဟာတွေ ရပ်တန်းက ရပ်ရမယ်။ ဆိုတော့ အပစ်ခတ် ရပ်စဲရေး ခေါ်တယ်။ ငြိမ်းချမ်းရေး စကား ပါးစပ်က ထွက်နေတယ်။ သို့သော်များလည်းပဲ တကယ်တမ်းကျတော့ အဲဒီ စစ်တပ်တွေက အဲဒီမှာပဲ တဝဲဝဲတလည်လည်နဲ့ ထိုးစစ်ဆင်နေတာ ဘယ်လိုလုပ်မလဲ။ အဲတာကြောင့်မို့ အဲဒီ ရန်လိုတဲ့ စစ်တပ်တွေ အကုန်လုံး ဆုတ်ပါလို့ ကျွန်တော်တို့ ပြောနေတာဖြစ်တယ်။ ဒါတွေက မလုပ်ဘဲနဲ့ ဘယ်လိုမှ ဖြစ်လာနိုင်စရာ အကြောင်းမရှိဘူး။ ပါးစပ်က ဘုရားဘုရား လက်ကနေ ကားယားကားယား လုပ်တာတော့ လုံးဝမဖြစ်နိုင်ဘူး။ ကျွန်တော် ပြောချင်တာကတော့ သူ့ရဲ့ စကားနဲ့ ပြန်ငှားပြောရမယ်ဆိုရင်တော့ ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းနေတာ သူကိုယ်တိုင် လုပ်နေတဲ့ ကိစ္စပါ အဲတာကြောင့်မို့ ဒီဟာတွေ ရပ်တန်းက ရပ်ဖို့သင့်တယ်လေ ဒါက ချက်ခြင်း လုပ်ရမယ့် လုပ်တွေဖြစ်တယ်။ အဲတာတွေ မလုပ်ဘဲနဲ့ ကျန်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတို့ အပစ်ခတ် ရပ်စဲရေးတို့ လာပြီးတော့ ပြောမနေနဲ့ ဘာမှ အဓိပ္ပာယ် မရှိဘူး”ဟု ပဒိုစောတောနီးက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ဖိတ်ခေါ်သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို KNU ၊ KIO ၊ ABSDF ၊ CNF အပါအဝင် အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက တက်ရောက်မည်မဟုတ်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာနေကြပြီဖြစ်သည်။

ဓာတ်ပုံ- စစ်တပ် အလိုကျ ရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မီးရှို့ဖျက်ဆီးဆန္ဒပြကြစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article