30.5 C
Yangon

ကြားဖြတ်ဖမ်းယူ စောင့်ကြည့်ရေး အစီအစဉ်တွေနဲ့အတူ ပိုင်ရှင်အသစ် ရွှေဗျိုင်းဖြူက တယ်လီနောမြန်မာကို မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ အကြမ်းဖက် စစ်ကောင်စီအလိုကျ ထိန်းချုပ်လိုက်ပြီလို့ Justice For Myanmar အဖွဲ့ထုတ်ပြန်

Must read

ရန်ကုန်၊ မေ ၁၈

Telenor Myanmar ထိန်းချုပ်ခွင့်ကို အကြမ်းဖက်စစ်တပ်နဲ့ ဆက်နွယ်နေတဲ့ ကုမ္ပဏီဖြစ်တဲ့ ရွှေဗျိုင်းဖြူ စီးပွားရေးလုပ်ငန်းစုထံ ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့မှာ လွှဲပြောင်းပေးအပ်လိုက်ပြီပဲ ဖြစ်ပါတယ်။

လက်ဘနွန်နိုင်ငံရဲ့ M1 Group က Telenor Group မိုဘိုင်းကွန်ရက် ရောင်းချမှု အပြီးသတ် အပိုင်းအဖြစ် အခုလိုလွှဲပြောင်းပေးလိုက်တာဖြစ်ပြီး ရောင်းချမှုထဲမှာ တရားဝင်ကြားဖြတ် ဖမ်းယူမှုနည်းပညာ ပါဝင်ခြင်းကြောင့် ယူကေ၊ အီးယူ နဲ့ နော်ဝေနိုင်ငံတို့ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ချိုးဖောက်ခဲ့တာပါ။

ကော်ပိုရိတ်မှတ်တမ်းတွေအရ ရောင်းချမှုရဲ့ နောက်ဆုံးအဆင့်မှာ Cayman Islands မှာ မှတ်ပုံတင်ထားတဲ့ M1 Infrastructure Ltd က စင်္ကာပူဦးပိုင် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Investcom Pte Ltd ရှိ ရှယ်ယာ ၃၁၀ ကို ရွှေဗျိုင်းဖြူ တယ်လီကွန်းကုမ္ပဏီထံ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ Justice For Myanmar က ထုတ်ပြန်ပါတယ်။

Investcom Pte Ltd ဟာအဓိကအနေနဲ့ ငွေသားနဲ့ပြန်လည်လဲယူနိုင်တဲ့ ဦးစားပေး အစုရှယ်ယာတွေက တဆင့် Telenor Myanmar Limited ရဲ့ ၁၀၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်တာပါ။

M1 Group ကို လက်ရှိလက်ဘနွန်ဝန်ကြီးချုပ်ဖြစ်သူ နာဂျစ်မီကာတီရဲ့ မိသားစုက ပိုင်ဆိုင်တာဖြစ်ပြီး၊ ရွှေဗျိုင်းဖြူတယ်လီကွန်း ကုမ္ပဏီလိမိတက်ကတော့ မြန်မာနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ မြန်မာစစ်တပ်နဲ့ ပတ်သတ်ဆက်စပ်နေတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။

ဒီရှယ်ယာလွှဲပြောင်းမှုရဲ့ အကျိုးဆက်အဖြစ် ရွှေဗျိုင်းဖြူဟာ Telenor Myanmar မှာ ယခင်က ၄၉ ရာခိုင်နှုန်း ပိုင်ဆိုင်ထားခဲ့ရာကနေ ယခုအခါ ၈၀ ရာခိုင်းနှုန်းအထိ ပိုင်ဆိုင်မှု မြင့်တက်လာပြီး ရောင်းချမှုရဲ့ အစိတ်အပိုင်းအဖြစ် M1 Group ဟာ ဂျာမဏီထုတ် Utimaco တရားဝင် ကြားဖြတ်ဖမ်းယူရေး ပင်မ ဝင်ထွက်ပေါက် (LIG) ကို ရွှေဗျိုင်းဖြူထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဒီလွှဲပြောင်းပေးအပ်မှုဟာ ဗြိတိန်ရဲ့ ပြည်ပအာဏာပိုင်နယ်မြေတစ်ခုဖြစ်တဲ့ Cayman Islands မှာလည်း သက်ရောက်မှုရှိတဲ့ ယူကေနိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ချိုးဖောက် လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာ Utimaco LIG ကို မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး Telenor က တပ်ဆင်ခဲ့သလို Telenor Group ဟာ နော်ဝေဒဏ်ခတ်ပိတ်ဆို့မှုတွေကို ချိုးဖောက်ကာ ၂၀၂၂ ခုနှစ်၊ မတ်လမှာ LIG ကို M1 Group သို့ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

အဆိုပါ LIG ကို အသုံးပြုပြီး အကြမ်းဖက်အဖွဲ့အစည်း ဖြစ်တဲ့ မြန်မာစစ်ကောင်စီဟာ Telenor Myanmar ကွန်ရက်ပေါ်မှာ ပြုလုပ်တဲ့ ဖုန်းခေါ်ဆိုမှုတွေနဲ့ စာတိုပေးပို့မှုတွေကို အချိန်နဲ့ တပြေးညီ စောင့်ကြည့်နိုင်စွမ်း ရှိသွားမှာပဲဖြစ်ပါတယ်။

ဒီရောင်းချမှုက ပြည်သူ ၁၈ သန်းကျော်တို့ရဲ့ ဖုန်းခေါ်ဆိုမှု မှတ်တမ်းအချက်အလက်တွေ အားလုံးကို စစ်ကောင်စီ ထံ ဖော်ထုတ် ပေးအပ်လိုက်ခြင်းဖြစ်ပြီး စစ်ကောင်စီက မြန်မာပြည်သူတွေကို မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်ပြီး တည်နေရာရှာဖွေဖို့၊ ဖမ်းဆီးဖို့၊ ညှဉ်းပမ်းနှိပ်စက်ဖို့နဲ့ သတ်ဖြတ်ဖို့အတွက် ၎င်းအချက်အလက်တွေကို အသုံးချနိုင်မှာလည်း ဖြစ်ပါတယ်။

ယခုဆောင်ရွက်ချက်ကြောင့် Telenor Group နဲ့ နော်ဝေအစိုးရတို့ဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ မြန်မာစစ်တပ်ရဲ့ ရာဇ၀တ်မှုတွေမှာ ကြံရာပါ ပတ်သက်ကြသူတွေအဖြစ် သက်ရောက်စေနိုင်ပါတယ်။

Telenor Group အနေနဲ့ စီးပွားရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂလမ်းညွှန် အခြေခံမူတွေနဲ့ နိုင်ငံစုံစီးပွားရေး လုပ်ငန်းကြီးတွေအတွက် OECD လမ်းညွှန်ချက်တွေအရ နောက်ဆုံးဝယ်ယူသူ ရွှေဗျိုင်းဖြူအပေါ် လူ့အခွင့်အရေးဆိုင်ရာ တင်ကြိုကနဦးစီစစ်မှု လုပ်ဆောင်ဖို့ တာဝန်တွေကို ပျက်ကွက်ခဲ့တာပါ။

မြန်မာနိုင်ငံအတွက် အရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွေကို ချိုးဖောက်ခြင်းအတွက် Telenor Group နဲ့ M1 Group တို့ကို စုံစမ်းစစ်ဆေးမှုတွေ အမြန်ဆုံး ပြုလုပ်ဖို့ ယူကေ၊ ဆိုက်ပရပ်နဲ့ နော်ဝေအစိုးရတို့ကို Justice For Myanmar က တောင်းဆိုထားပါတယ်။

Telenor Myanmar ရောင်းချမှုဟာ နော်ဝေနဲ့ အီးယူ ဥပဒေတွေအရ တရားဥပဒေနဲ့ ညီညွတ်ခြင်း ရှိ မရှိ ကို စုံစမ်း စစ်ဆေးဖို့ Telenor စာရင်းဝင် ပါရှိတဲ့ အော်စလို စတော့အိတ်ချိန်းကိုလည်း တောင်းဆိုတယ်လို့ JFM က ဆိုပါတယ်။

ဒါ့အပြင် ယူကေ၊ အီးယူနဲ့ နော်ဝေ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ချိုးဖောက်ပြီး Telenor Group၊ M1 Group နဲ့ ရွှေဗျိုင်းဖြူ တို့က စင်္ကာပူပိုင်နက် နယ်မြေ အသုံးပြုနေမှုကို စုံစမ်းစစ်ဆေးဖို့နဲ့ မြန်မာစစ်တပ်ရဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေမှာ ကြံရာပါပတ်သက်နေတဲ့ စင်္ကာပူနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် ခိုင်လုံအားကောင်းတဲ့ အရေးယူ ဆောင်ရွက်မှုတွေ လုပ်ဆောင်ပေးဖို့ စင်္ကာပူနိုင်ငံကိုလည်း တောင်းဆိုထားတယ်။

Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “Telenor Group နဲ့ နော်ဝေအစိုးရတို့အနေနဲ့ အရေးယူဒဏ်ခတ်ပိတ်ဆို့မှု ပြဌာန်းချက်တွေနဲ့ ၎င်းတို့ရဲ့ လူ့အခွင့်အရေး တာဝန်တွေကို သိလျက်နဲ့ တမင်သက်သက် လျစ်လျူရှုပြီး ရွှေဗျိုင်းဖြူကုမ္ပဏီလက်ထဲ Telenor Myanmar ကို အပြီးသတ်ရောင်းချလိုက်တာက ပြစ်တင်ရှုံ့ချ စရာ ဖြစ်ပါတယ်။အကြမ်းဖက်စစ်ကောင်စီက ဆက်သွယ်ရေးနည်းပညာကို သူတို့ရဲ့ အကြမ်းဖက်စစ်ဆင်ရေးမှာ လက်နက်အဖြစ် အသုံးချနေတာဖြစ်ပြီး ယခုအခါမှာ Telenor Myanmar ကလည်း သူတို့ရဲ့ စစ်လက်နက်တွေထဲက လက်နက်တခုဖြစ် သွားပြီ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

အခုလွှဲပြောင်းမှုတွေက စင်္ကာပူနိုင်ငံကို အသုံးချပြီး ဆောင်ရွက်နေသေးတယ်ဆိုတဲ့ အချက်က မြန်မာစစ်တပ်နဲ့ ၎င်းတို့ရဲ့ မိတ်ဖက်တွေက စင်္ကာပူရဲ့ ငွေကြေးစနစ်ကို ဘယ်လို အမြတ်ထုတ်နေကြတယ်ဆိုတာကို ပြသနေတယ်လို့ ၎င်းကဆိုပါတယ်။

မြန်မာစစ်တပ်ကို ငွေကြေးနဲ့စစ်လက်နက်ထောက်ပံ့ဖို့ စင်္ကာပူရဲ့ပိုင်နက်ကို အသုံးပြုနေတာကို အဆုံးသတ်ဖို့ စင်္ကာပူအနေနဲ့ လက်တွေ့ကျကျ ထိရောက်တဲ့ အရေးယူဆောင်ရွက်ချက်တွေ မဖြစ်မနေလုပ်ဆောင်ရမှာ ဖြစ်ပါတယ်လို့ မရတနာမောင်က ပြောပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article