ရန်ကုန်၊ မေ ၂၈
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နှင့် တပ်မဟာ ၁ နယ်မြေများမှ ဆုတ်ခွာသွားသော အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ BGF တပ်ရင်းများသည် တပ်မဟာ ၆ အတွင်းရှိ လေးကေ့ကော်ဒေသသို့ မေလ ၂၆ ရက်မှ စတင်ကာ အင်အားဖြည့် ဝင်ရောက်လာနေကြောင်း သတင်းရရှိသည်။
နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်) BGF မှ ဗိုလ်တင်ဝင်းဦးဆောင်သော တပ်ရင်း ၁၀၁၈ နှင့် ဗိုလ်ကျောဖော ဦးဆောင်သော တပ်ရင်း ၁၀၁၉ တပ်ရင်းများသည် အင်အား ၃၀၀ ကျော်ဖြင့် လေးကေ့ကော်မြို့သစ်နှင့် ဖလူးကျေးရွာဘက်သို့ ဝင်ရောက်လာကြောင်း ကရင်သတင်းရင်းမြစ်များထံမှ သိရှိရသည်။
လေးကေ့ကော် ဒေသသို့ BGF တပ်ဖွဲ့များ ဝင်ရောက်လာနေခြင်းမှာ မှန်ကန်သော်လည်း တပ်ရင်းနံပါတ်များနှင့် စစ်သည်အင်အားကို ကနဦး အတည်ပြု၍ မရသေးကြောင်း ရန်ကုန်ခေတ်သစ်၏ ဒေသသတင်းရင်းမြစ်က ဆိုသည်။
တပ်မဟာ ၆ အတွင်းရှိ KNLA ပူးပေါင်းတပ်ဖွဲ့များကလည်း BGF များ အင်အားဖြည့် ဝင်ရောက်လာခြင်းကို သတိကြီးကြီးဖြင့် ဆောင်ရွက်နေကြောင်း ပြောသည်။
“လေးကေ့ကော်နဲ့ ဖလူး၊ လက်ခတ်တောင်ဘက်ကို အင်အားအလုံးအရင်းနဲ့ သူတို့ လာနေကြဖြစ်တယ်။ ကျနော်တို့လည်း သတိမပေါ့ဘဲနဲ့ ဆောင်ရွက်နေပါတယ်” ဟု KNLA ပူးပေါင်းတပ် Cobra စစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ မျိုးသူရကိုကိုက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။
မေလ ၉ ရက်နေ့တွင် KNU တပ်မဟာ ၅၊ ဖာပွန်ခရိုင်နှင့် တပ်မ ဟာ ၁ သထုံခရိုင်အတွင်းမှ BGF တပ်ဖွဲ့ဝင်များ ကား ၆၈ စီးဖြင့် ထွက်ခွာသွားကြောင်းနှင့် မေလ ၂၆ ရက်နေ့တွင် တပ်မဟာ ၁ လေးကေစခန်းမှ BGF များ ထပ်မံထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ နယ်ခြားစောင့်တပ်များ ရုပ်သိမ်းဆုတ်ခွာသွားခြင်းမှာ တပ်မဟာ ၆ (ဒူးပလာယာခရိုင်) အတွင်း စစ်ရေးလှုပ်ရှားမှု ပြုလုပ်ရန်သာဖြစ်ကြောင်း တပ်မဟာ ၅ (မူတြော်ခရိုင်) ဗျူဟာမှူး ဗိုလ်မှူး စောဂီနွီးက ယမန်နေ့ မေလ ၂၇ ရက်တွင် တရားဝင်ပြောဆိုထားသည်။
ဓါတ်ပုံ – မေလ ၉ ရက်တွင် KNU ဖာပွန်ခရိုင်တွင်းမှ ကား ၆၈ စီးဖြင့် ဆုတ်ခွာနေသော BGF များကို တွေ့ရစဉ်
Photo – Salween Press