ရန်ကုန်၊ မေ ၂၈
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဏ/၁၄ ရပ်ကွက်ရုံးကို ယနေ့ နေ့လယ်ပိုင်း မြို့ပြပျောက်ကြား တပ် ဖွဲ့ ဝင်ရောက်ပစ်ခတ်မှုကြောင့် ရာအိမ်မှူး ၁ ဦးနှင့် ရုံးစောင့် ၁ ဦး စုစုပေါင်း ၂ ဦး သေဆုံးသွားပြီး အုပ်ချုပ်ရေးမှူး လင်းအောင်း ထွက်ပြေး လွတ်မြောက်သွားကြောင်း ဒေသခံများထံမှ သိရှိရသည်။
စစ်ကောင်စီနှင့်ပူးပေါင်းပြီး ပြည်သူများကို ငွေညှစ်နေသည့် ရွှေပြည်သာမြို့ နယ် ဏ/၁၄ ရပ်ကွက်ရုံးကို ယနေ့ မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်အချိန်တွင် မြို့ပြပျောက်ကြားတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ကြောင်း၊ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး လင်းအောင် ခုခံ လွတ်မြောက်သွားပြီး ရာအိမ်မှူး ၁ ဦးနှင့် ရုံးစောင့် ၁ ဦး သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။
“အုပ်ချုပ်ရေးမှုး နာမည်က လင်းအောင်ပါ။ လင်းအောင်က မသေပါဘူး ဒဏ်ရာလည်းမရပါဘူး။ လွတ်မြောက်သွားပါတယ်။ ပွဲချင်းပြီးသေတာ ရုံးစောင့်နဲ့ ရာအိမ်မှူးပါ။ ၂ ဦးသေဆုံးပါတယ်။ လင်းအောင်က သေနတ်နဲ့ပစ်တာကို ခုံနဲ့ ပစ်ကာပြီး လွတ်သွားပါတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
ဏ/၁၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး လင်းအောင်သည် ပြည်သူများထံမှ ငွေများမတရားတောင်းခံခြင်းများကို အုပ်စုလိုက်လုပ်ဆောင်နေကြသည့်အပြင် မြို့နယ်အတွင်းရှိ လူငယ်များကို PDFဟုစွပ်စွဲကာ လိုက်လံဖမ်းဆီးခြင်းများကိုလည်း လိုက်လံပြုလုပ်လေ့ရှိကြောင်း ဒေသခံများက ဆိုကြသည်။
စစ်တပ်က ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်တပ်က ရွှေပြည်သာမြို့နယ်တစ်ခွင်ကို ပိတ်ဆို့ ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်ကြ သော်လည်း ပစ်ခတ်သူများကို ဖမ်းဆီးရမိခြင်းမရှိကြောင်း သိရှိရသည်။