25.3 C
Yangon

ဇွန်လအတွင်း စစ်တပ်၏ ရဟတ်ယာဉ် ၁ စီးကို ဖျက်ဆီးနိုင်ခဲ့ပြီး စစ်စခန်း ၉ ခုသိမ်းပိုက်ရရှိကာ စစ်သား ၆၀၀ ကျော် သေဆုံးဟု NUG ထုတ်ပြန်၊ သံမဏိလိပ်ပြာတပ်ဖွဲ့က MOD ၏ ကွပ်ကဲမှုကို ခံယူ

Must read

ရန်ကုန်၊ ဇူလိုင် ၁၅

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်ရှိ တပ်ရင်းတပ်ဖွဲ့များအနေဖြင့် ပြီးခဲ့သည့် ဇွန်လအတွင်း စစ်ကောင်စီ၏ ရဟတ်ယာဉ်တစ်စီး ပျက်စီးသွားသည်အထိ တိုက်ခိုက်နိုင်ခဲ့သည့် ဖြစ်စဉ်အပါအဝင် စစ်ကောင်စီတပ်စခန်း ၁၆ ခုကို တိုက်ခိုက်ခဲ့ရာ စခန်း ၉ ခုကို သိမ်းပိုက်ရရှိခဲ့ပြီး စစ်သား ၆၀၀ ကျော် သေဆုံးခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။

ဇွန်လ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ ကာလအတွင်း မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမပျူရွာ၌ စစ်ကောင်စီ၏ ရဟတ်ယာဉ်တစ်စီးကို ပျက်စီးသည်အထိ တိုက်ခိုက်ခဲ့မှုတစ်ကြိမ်နှင့် စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်မှု ၁၅ ကြိမ်၊ စုစုပေါင်း စစ်ဆင်ရေး ၁၆ ကြိမ် ဆင်နွှဲခဲ့ရာ စစ်ကောင်စီတပ်စခန်း ၉ ခုကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်သား ၆၄၄ ဦး သေဆုံးပြီး ၂၀၉ ဦး ဒဏ်ရာရရှိခဲ့ကာ သေဆုံး၊ ဒဏ်ရာရရှိသူများနှင့် ဖမ်းဆီးရမိသူများထဲတွင် စစ်ကောင်စီဘက်မှ အရာရှိ ၂၀ ဦး ပါဝင်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနသည် လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲရာတွင် နိုင်ငံတစ်ဝန်းရှိ တော်လှန်ပြည်သူများနှင့် ကာကွယ်ရေးအဖွဲ့မျိုးစုံကို စုစည်းပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းတပ်ဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များကို စနစ်တကျ စုဖွဲ့လျက် တစ်ခုတည်းသော ကွပ်ကဲမှုယန္တရား (Chain of Command) ကို ဖော်ဆောင်လျက်ရှိသည်။

ထိုသို့ ဖော်ဆောင်ရာတွင် တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် သံမဏိလိပ်ပြာတပ်ဖွဲ့သည် ပြည်သူ့တော်လှန်ရေး အောင်မြင်ရေးကို ရှေးရှုလျက် ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ ဆင့်ကဲကွပ်ကဲမှုယန္တရားသို့ ယုံကြည်စွာ ဝင်ရောက်လာခဲ့ကြောင်း သိရသည်။ ထို့ကြောင့် အဆိုပါအဖွဲ့သည် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထားဝယ်ခရိုင် အမှတ် (၁) တပ်ရင်း၏ တပ်ခွဲတစ်ခုအဖြစ် တော်လှန်ရေးတာဝန်များကို ဆက်လက်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန စစ်ရုံးချုပ်က အသိပေးထားသည်။

အဆိုပါ သံမဏိလိပ်ပြာတပ်ဖွဲ့သည် ယခင်ကလည်း မောင်းမကန်ရဲစခန်းတိုက်ပွဲ၊ ရန်ကင်းတံတားတိုက်ပွဲ၊ ညင်းမော်ကျေးရွာတိုက်ပွဲနှင့် စစ်ပြဲစစ်ဆင်ရေးများတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်းတပ်ဖွဲ့များ၊ ပကဖများနှင့်အတူ လက်တွဲတိုက်ပွဲဝင်ခဲ့သည့် တော်လှန်ရေးအဖွဲ့အစည်းတစ်ခု ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article