25.3 C
Yangon

မြိုင်တွင် လူသတ် မီးရှို့နေသည့် စစ်တပ် စစ်ကြောင်းထိုးလာ၍ ရွာပေါင်း ၁၀ ခုမှ ပြည်သူများ တိမ်းရှောင်နေရ၊ စဉ့်ကူးမြို့နယ်ရှိ ကျေးရွာများကိုလည်း စစ်တပ်က ၂ ရက်ဆက် လေကြောင်း တိုက်ခိုက်

Must read

ရန်ကုန်၊ ဇူလိုင် ၁၅

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် လူသတ် မီးရှို့နေသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်း ထိုးလာ၍ ရွာပေါင်း ၁၀ ခုမှ ပြည်သူများ တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇူလိုင်လ ၁၅ ရက်နေ့တွင် မြိုင်မြို့နယ်အတွင်း လူသတ် မီးရှို့နေသော စစ်ကြောင်းသည် လက်ရှိချိန်တွင် ဝါးရင်းချိုင်ရွာ ၊အိုင်းမရွာနှင့် ပေပင်တိုက်ရွာတို့၌ ဖြန့်ကျက်ထားသောကြောင့် ကျေးရွာ ၁၀ ခုကျော်မှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ထို စစ်ကြောင်းသည် ဇူလိုင်လ ၁၃ ရက်နေ့တွင် မြိုင်မြို့နယ်၊ ကံနက်ကျေးရွာ အနောက်ဘက်သို့ ရောက်ရှိလာသော စစ်တပ် စစ်ကြောင်းသည် ကံနက်ကျေးရွာအတွင်းသို့ ဝင်ရောက်ကာ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြသည်။ ထိုသို့ မီးရှို့ဖျက်ဆီးမှုအပြင် စစ်တပ် စစ်ကြောင်းက ကံနက်ကျေးရွာမှ ပြည်သူ ၂ ဦးထက်မနည်းကိုလည်း ရက်စက်စွာ သတ်ဖြတ်သွားခဲ့ကြောင်း သိရှိရသည်။

ထို့အတူ ဇူလိုင်လ ၁၃ ရက်နေ့တွင်ပင် အင်အားအလုံးအရင်းဖြင့် လှုပ်ရှားနေသည့် စစ်တပ် စစ်ကြောင်းသည် မြိုင်မြို့နယ် လက်ခုတ်ပင်ကျေးရွာသို့ ဆက်လက်ဝင်ရောက်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ ထပ်မံပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် အဆိုပါ စစ်ကြောင်းသည် ပေါက်မြို့နယ်အရှေ့ပိုင်းရှိ ထောက်ရှာပင်ကျေးရွာတွင် ရောက်ရှိတပ်စွဲခဲ့စဉ်ကလည်း ကျေးရွာအတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် နေအိမ် ၄၀ ခန့် မီးလောင်ပြာကျခဲ့သေးကြောင်း သိရှိရသည်။

“လက်ရှိမှာ စစ်ခွေး စစ်ကြောင်းက ဝါးရင်းချိုင်ရွာ၊ အိုင်းမရွာနဲ့ ပေပင်တိုက်ရွာတွေကို ရောက်နေတယ်။ အဲ့ခွေး စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ခုကျော်က ပြည်သူတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်။ စစ်ခွေးတွေက ဘယ်ကို ဆက်လက်ထွက်ခွာမယ်ဆိုတာတော့ မသိရသေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့အတူ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အတွင်းရှိ ကျေးရွာများကိုလည်း စစ်တပ်က တိုက်လေယာဉ်၊ တိုက်ခိုက်ရေးဒရုန်းများ အသုံးပြု၍ ၂ ရက်ဆက် လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း စဥ့်ကူးမြို့နယ် ပကဖ သတင်းတာဝန်ခံက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဇူလိုင်လ ၁၄ ရက်နေ့ ညပိုင်းက စဉ့်ကူးမြို့နယ်၊ ကြာဥယျာဉ်ကျွန်းရွာ အနီးကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထို လေကြောင်း တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။

အလားတူ စဉ့်ကူးမြို့နယ်၊ ထုံးကြီးကျေးရွာရှိ အကြမ်းဖက် စစ်တပ်ကလည်း ပေါက်ကုန်းကျေးရွာနှင့် ဇီးကုန်းကျေးရွာ အနီးတစ်ဝိုက်ကို ဒရုန်းဖြင့်ဗုံးကျဲ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။

“စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားတာမရှိဘဲနဲ့ လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်သွားတာပေါ့။ ပြည်သူတွေ တော့ ထိခိုက်တာမရှိပါဘူး” ဟု စဥ့်ကူးမြို့နယ် ပကဖ သတင်းတာဝန်ခံက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article