ရန်ကုန်၊ ဇူလိုင် ၁၅
အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ရပ်ကို လုံးဝမထီမဲ့မြင်ပြုနေသည့် မြန်မာစစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံမှုသည် စစ်အုပ်စုအား နိုင်ငံတကာရာဇဝတ်မှုများကို အပြစ်ပေးအရေးယူခံရမှုမှ ကင်းလွတ်စွာ ဆက်လက်ကျူးလွန်နိုင်ရန် ရဲဆေး တင်အားပေးရာ ရောက်မည်သာဖြစ်ကြောင်း Justice For Myanmar (JFM) က သတိပေးပြောဆိုလိုက်သည်။
အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ရပ်ကို ချမှတ်ခဲ့သည်မှာ ၅ နှစ်ကျော် ကြာမြင့်လာပြီဖြစ်သော်လည်း အာဆီယံအနေဖြင့် ၎င်းတို့၏ ကိုယ်ပိုင်ကတိကဝတ်များကို ကိုယ်တိုင်ပြန်လည်ချိုးဖောက်နေဆဲဖြစ်ပြီး မြန်မာစစ်အုပ်စုက ကျူးလွန်နေသော နိုင်ငံတကာရာဇဝတ်မှုများတွင် ကြံရာပါပတ်သက်မှုကို ပိုမိုခိုင်မာစေလျက်ရှိကြောင်း JFM က ပြောဆိုသည်။
မြန်မာစစ်အုပ်စုသည် ၎င်းတို့ကျူးလွန်သော နိုင်ငံတကာရာဇဝတ်မှုများအတွက် တာဝန်ခံရမည့် ရာဇဝတ်ကျူးလွန်သူများသာဖြစ်ပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့်အတူ နေရာပေး၍ ချီးမြှောက်ဆက်ဆံရမည့်သူများ မဟုတ်ကြောင်း JFM က ထောက်ပြထားသည်။
မကြာသေးမီက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ပြုလုပ်ခဲ့သည့် တရားမဝင် စစ်အုပ်စု၏ “နိုင်ငံခြားရေးဝန်ကြီး” နှင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အလွတ်သဘောတွေ့ဆုံမှုသည် စစ်အုပ်စုအား ၎င်းတို့၏ နိုင်ငံတကာရာဇဝတ်မှုများကို အပြစ်ပေးအရေးယူခံရမှုမှ ကင်းလွတ်စွာ ဆက်လက်ကျူးလွန်နိုင်ရန် ရဲဆေးတင်အားပေးရာ ရောက်မည်သာဖြစ်ကြောင်း Justice For Myanmar က ပြောဆိုသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ရပ်ကို လုံးဝမထီမဲ့မြင်ပြုကာ မြန်မာပြည်သူများအပေါ် တိုက်ခိုက်မှုများကို တိုးမြှင့်လုပ်ဆောင်ခဲ့ကြောင်း၊ အဆိုပါ အကြမ်းဖက်မှုများကို အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ အထူးသဖြင့် ထိုင်း၊ ဗီယက်နမ်နှင့် စင်ကာပူနိုင်ငံတို့ရှိ ကုမ္ပဏီများနှင့် ယင်းနိုင်ငံအစိုးရများ၏ ကြံရာပါပတ်သက်မှုဖြင့် ကျူးလွန်နိုင်ခဲ့ခြင်းဖြစ်ကြောင်း JFM က အသိပေးထားသည်။
ယင်းကြံရာပါပတ်သက်မှု၏ ခိုင်လုံသော ဥပမာတစ်ခုအဖြစ် ထိုင်းအစိုးရ တစ်စိတ်တစ်ပိုင်းပိုင် PTTEP ကုမ္ပဏီသည် စစ်အုပ်စုနှင့် မိတ်ဖက်ပူးပေါင်း၍ မြန်မာနိုင်ငံရှိ ကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်းကြီး ၂ ခုကို ကြီးကြပ်လုပ်ကိုင်နေကြောင်း JFM က ထောက်ပြသည်။
ထို့ပြင် PTTEP ၏ မိခင်ကုမ္ပဏီ PTT သို့ သဘာဝဓာတ်ငွေ့ရောင်းချမှုမှတစ်ဆင့် စစ်အုပ်စုထံ ငွေကြေးများ စီးဝင်နေပြီး ယင်းငွေကြေးများက စစ်အုပ်စု၏ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ဆက်လက်ကျူးလွန်နိုင်ရန် ငွေကြေးထောက်ပံ့ပေးနေကြောင်း သိရသည်။
တစ်ချိန်တည်းတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သားနှင့် ချွေးမတို့သည် ၎င်းတို့၏ တရားမဝင်ကြွယ်ဝမှုများကို ပြည်ပတွင် ရင်းနှီးမြှုပ်နှံသည့်အနေဖြင့် ဘန်ကောက်မြို့၌ ထိုင်းဘတ် ၉၈ သန်း၊ အမေရိကန်ဒေါ်လာ ၃ သန်းနီးပါး တန်ဖိုးရှိ ဇိမ်ခံအိမ်ရာတစ်ခုကို ဝယ်ယူထားကြောင်း JFM က ဖော်ပြထားသည်။
ဗီယက်နမ်အစိုးရပိုင် Viettel Global Investment သည် နိုင်ငံတကာ၏ ဒဏ်ခတ်ပိတ်ဆို့မှု ခံထားရသည့် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နှင့် Mytel ဆက်သွယ်ရေးကွန်ရက်တွင် မိတ်ဖက်အဖြစ် ဆက်လက်ပူးပေါင်းလုပ်ကိုင်နေပြီး စစ်အုပ်စုအတွက် အခွန်ဝင်ငွေနှင့် စောင့်ကြည့်ထောက်လှမ်းရေးစွမ်းရည် နှစ်ရပ်လုံးကို ပေးအပ်နေကြောင်း သိရှိရသည်။
အလားတူ စင်ကာပူနိုင်ငံတွင် Dynasty Group၊ Myanmar Chemical & Machinery (MCM) Group၊ KT နှင့် Ky-Tha Group တို့ကဲ့သို့ နာမည်ဆိုးဖြင့် ကျော်ကြားသည့် စစ်လက်နက်ပွဲစားကွန်ရက်များနှင့် ဆက်စပ်နေသော ကုမ္ပဏီများသည် ယနေ့အချိန်အထိ မှတ်ပုံတင်ထားဆဲဖြစ်ကြောင်း၊ ယင်းကုမ္ပဏီများသည် မြန်မာစစ်အုပ်စု၏ နိုင်ငံတကာရာဇဝတ်မှုများကို အားပေးကူညီကာ အကျိုးအမြတ်များ ဆက်လက်ရှာဖွေရရှိနေကြောင်း JFM က ထောက်ပြထားသည်။
ထို့ပြင် အာဆီယံသည် အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး (ADMM) ခေါင်းစဉ်အောက်ရှိ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုများတွင် စစ်အုပ်စုကို ဆက်လက်ပါဝင်ခွင့်ပြုထားသည့်အပြင် စစ်အုပ်စုအား ရုရှားအစိုးရနှင့်အတူ အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ အာဆီယံကာကွယ်ရေးလုပ်ငန်းအဖွဲ့၏ ပူးတွဲဥက္ကဋ္ဌအဖြစ် တာဝန်ယူခွင့်ပေးခဲ့ကြောင်း သိရသည်။
စစ်အုပ်စုကို ၂၀၂၃ ခုနှစ်တွင် အာဆီယံလေတပ်ဦးစီးချုပ်များ ညီလာခံ၏ ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူခွင့်ပြုခဲ့ကြောင်း JFM က ထောက်ပြထားသည်။
အဆိုပါ လုပ်ရပ်များသည် စစ်အုပ်စုအား စစ်ဘက်ဆက်ဆံရေးများ တိုးချဲ့အားကောင်းစေရန်၊ စစ်ရေးစွမ်းရည် မြှင့်တင်ရန်၊ လက်နက်နှင့် အရင်းအမြစ်များ ရယူရန်နှင့် နိုင်ငံတကာတွင် ၎င်းတို့၏ တရားဝင်မှုကို မြှင့်တင်ရန် အခွင့်အလမ်းများ ပေးအပ်နေခြင်းဖြစ်ကြောင်း JFM က ဆိုသည်။
ထို့ကြောင့် စစ်အုပ်စုအား တရားဝင်မှုပေးအပ်နေခြင်းကို ချက်ချင်းရပ်တန့်ရန်နှင့် စစ်အုပ်စု၏ ဘဏ္ဍာငွေ၊ စစ်လက်နက်၊ စစ်ရေးပစ္စည်း၊ နည်းပညာနှင့် လေယာဉ်ဆီရရှိမှုတို့ကို ချက်ချင်းဖြတ်တောက်ရန် Justice For Myanmar က အာဆီယံအဖွဲ့ဝင်နိုင်ငံအစိုးရများအား တောင်းဆိုထားသည်။
အာဆီယံအနေဖြင့် မြန်မာပြည်သူများနှင့်အတူ ရပ်တည်ရမည်ဖြစ်ပြီး မြန်မာပြည်သူများ လက်ရှိခံစားနေရသော ဒုက္ခဆင်းရဲများအတွက် တာဝန်ရှိသည့် စစ်အုပ်စုအား တရားဝင်မှု ပေးအပ်ရမည်မဟုတ်ကြောင်း Justice For Myanmar က ထုတ်ပြန်ပြောဆိုထားသည်။




