25.3 C
Yangon

တရုတ်က မြန်မာကို မဟာဗျူဟာမြောက် လက်အောက်ခံနိုင်ငံအဖြစ် အသုံးချရန် စစ်တပ်နှင့် တိုင်း ရင်းသားလက်နက်ကိုင်များကို တစ်ပြိုင်နက် ထိန်းချုပ်နေပြီး ကျောက်ဖြူတွင် တရုတ်ရေတပ် အခြေစိုက်နိုင်ပါက အိန္ဒိယသမုဒ္ဒရာ လုံခြုံရေးကို အကြီးအကျယ် ခြိမ်းခြောက်နိုင်ဟု သတိပေး

Must read

ရန်ကုန်၊ ဇူလိုင် ၁၅

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံကို ၎င်း၏ မဟာဗျူဟာအကျိုးစီးပွားအတွက် လိုက်လျောရမည့် ပထဝီနိုင်ငံရေး လက်အောက်ခံနိုင်ငံတစ်ခုအဖြစ် ပြောင်းလဲရန် မြန်မာစစ်တပ်ကို ကာကွယ်ထောက်ပံ့နေသကဲ့သို့ တစ်ဖက်တွင်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအပေါ် လက်နက်၊ စီးပွားရေးနှင့် နယ်စပ်ကုန်သွယ်ရေးကို အသုံးချ၍ ထိန်းချုပ်နေကြောင်း လုံခြုံရေးနှင့် အကြမ်းဖက်မှုဆိုင်ရာ လေ့လာသုံးသပ်သူ Jaideep Saikia က သုံးသပ်ရေးသားထားသည်။

ဇူလိုင်လ ၁၄ ရက်နေ့ ထုတ်ဝေသော “The Sino-Myanmar Axis: Strategic Paralysis and Hegemonic Belligerence” ဆောင်းပါးတွင် တရုတ်၏ မြန်မာနိုင်ငံအပေါ် မဟာဗျူဟာမှာ “Malacca Dilemma” ခေါ် မလက္ကာရေလက်ကြားအပေါ် အလွန်အမင်း မှီခိုနေရမှုကို ဖြေရှင်းရန် အဓိက ရည်ရွယ်ထားကြောင်း ဖော်ပြထားသည်။

တရုတ်၏ စွမ်းအင်တင်သွင်းမှု ၈၀ ရာခိုင်နှုန်းကျော်မှာ မလက္ကာရေလက်ကြားကို ဖြတ်သန်းနေရပြီး စစ်ရေး သို့မဟုတ် ပထဝီနိုင်ငံရေး ပဋိပက္ခဖြစ်ပွားပါက ယင်းရေလမ်းကြောင်း ပိတ်ဆို့ခံရနိုင်ခြင်းသည် တရုတ်အတွက် အကြီးမားဆုံး မဟာဗျူဟာအားနည်းချက်တစ်ခု ဖြစ်နေကြောင်း ဆိုသည်။

ထို့ကြောင့် တရုတ်က မြန်မာနိုင်ငံကို အိန္ဒိယသမုဒ္ဒရာသို့ တိုက်ရိုက်ထွက်ပေါက်ရရှိစေမည့် ကုန်းလမ်းတံတားတစ်ခုအဖြစ် အသုံးချရန် ကြိုးပမ်းနေပြီး တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ CMEC မှတစ်ဆင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများကို ယူနန်ပြည်နယ်သို့ တိုက်ရိုက်ချိတ်ဆက်ထားသကဲ့သို့ ရခိုင်ပြည်နယ် ကျောက်ဖြူရေနက်ဆိပ်ကမ်းတွင် ရေရှည် ရေတပ်ခြေကုပ်ရရှိရေးကိုပါ ရည်မှန်းထားကြောင်း သုံးသပ်ထားသည်။

ယင်းရည်မှန်းချက်များကို တိုက်ရိုက် စစ်ရေးဝင်ရောက်စွက်ဖက်ခြင်းမပြုဘဲ အကောင်အထည်ဖော်နိုင်ရန် တရုတ်က “လမ်းကြောင်းနှစ်ခု မဟာဗျူဟာ” ကို အသုံးပြုနေကြောင်း၊ နိုင်ငံတော်အဆင့်တွင် စစ်ကောင်စီကို သံတမန်ရေးအရ အကာအကွယ်ပေးပြီး တိုက်လေယာဉ်များနှင့် ဒရုန်းတန်ပြန်စနစ်များအပါအဝင် အဆင့်မြင့် စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ပေးနေကြောင်း ဆိုသည်။

တစ်ချိန်တည်းတွင် တရုတ်-မြန်မာ နယ်စပ် ကီလိုမီတာ ၂၁၀၀ တစ်လျှောက်ရှိ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များနှင့်လည်း နီးကပ်သည့် ဆက်ဆံရေး ထူထောင်ထားကြောင်း၊ အထူးသဖြင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ် MNDAA၊ တအာင်းတပ် TNLA၊ အာရက္ခတပ်တော် AA တို့ပါဝင်သည့် ညီနောင်မဟာမိတ် ၃ ဖွဲ့ကို တရုတ်က မဟာဗျူဟာမြောက် ဖိအားပေးရေး ကိရိယာများအဖြစ် အသုံးချနေကြောင်း အဆိုပါကျွမ်းကျင်သူက ဆိုသည်။

တရုတ်သည် နယ်စပ်ဒေသရှိ လက်နက်ကိုင်အဖွဲ့များထံ လက်နက်များ၊ ဆက်သွယ်ရေးအခြေခံအဆောက်အအုံနှင့် ငွေကြေးအရင်းအမြစ်များ စီးဆင်းစေပြီး မည်သည့်အဖွဲ့က နယ်မြေထိန်းချုပ်သည်ဖြစ်စေ နောက်ဆုံး ဆုံးဖြတ်နိုင်သူမှာ တရုတ်ဖြစ်နေစေရန် စီမံထားကြောင်း သူက ဆက်လက် သုံးသပ်ထားသည်။

သို့ရာတွင် တိုင်းရင်းသားလက်နက်ကိုင်များ၏ ထိုးစစ်များက စစ်ကောင်စီကို ဖြုတ်ချနိုင်သည့် အခြေ အနေအထိ ရောက်ရှိလာပြီး CMEC စီမံကိန်းများနှင့် တရုတ်၏ စီးပွားရေးအကျိုးစီးပွားကို ခြိမ်း ခြောက်လာပါက ဘေဂျင်းက ချက်ချင်း ဝင်ရောက်ဖိအားပေးလေ့ရှိကြောင်း ဆောင်းပါးတွင် ရေးသားထားသည်။

တရုတ်က နယ်စပ်ဂိတ်များ ပိတ်ခြင်း၊ လျှပ်စစ်နှင့် ကုန်စည်ထောက်ပံ့ရေး လမ်းကြောင်းများ ဖြတ်တောက်ခြင်းတို့ဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဖိအားပေးခဲ့ပြီး MNDAA နှင့် TNLA တို့ကို အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ လက်ခံစေခဲ့သည်ဟု ဆိုသည်။

အထူးသဖြင့် MNDAA က ထိန်းချုပ်ထားသည့် မဟာဗျူဟာအရေးပါသော လားရှိုးမြို့ကို စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းပေးရန် တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျွင်း၏ ကြီးကြပ်မှုဖြင့် ဘေဂျင်းက အလွန်ပြင်းထန်သော သံတမန်ရေးနှင့် စီးပွားရေးဖိအားများ အသုံးပြုခဲ့ကြောင်း ဆောင်းပါးရှင်က ထောက်ပြသည်။

တရုတ်၏ မဟာဗျူဟာမှာ စစ်ကောင်စီကို တရုတ်၏ စီးပွားရေးတောင်းဆိုချက်များ ငြင်းဆန်နိုင်လောက်အောင် အင်အားမကြီးစေရန် ထိန်းထားသော်လည်း နိုင်ငံတော်အုပ်ချုပ်ရေး အပြည့်အဝ ပြိုကွဲမသွားစေရန်လည်း အသက်ဆက်ပေးထားခြင်းဖြစ်ကြောင်း၊ တစ်ဖက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုလည်း ယူနန်ပြည်နယ်မှ ကုန်သွယ်ရေးနှင့် ထောက်ပံ့ရေးလမ်းကြောင်းများအပေါ် မှီခိုနေရစေရန် လုပ်ဆောင်ထားကြောင်း သူက သုံးသပ်ထားသည်။

တရုတ်၏ ယင်းသို့ နှစ်ဖက်ကစားနေမှုအပေါ် နေပြည်တော် စစ်ခေါင်းဆောင်များအတွင်း မကျေနပ်မှုများ ကြီးထွားလာနေပြီး မင်းအောင်လှိုင်က တရုတ်အပေါ် အလုံးစုံမှီခိုနေရမှု လျှော့ချရန် အိန္ဒိယနှင့် ဆက်ဆံရေး တိုးမြှင့်ရန် ကြိုးပမ်းလာကြောင်း ထောက်ပြထားသည်။

မင်းအောင်လှိုင်က မြန်မာ့နယ်မြေကို အိန္ဒိယဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့များ၏ တိုက်ခိုက်ရေးအခြေစိုက်စခန်းအဖြစ် အသုံးပြုခွင့်မပေးဟု နယူးဒေလီဘက်သို့ ကတိပြုခဲ့သော်လည်း စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်ရှိ နယ်စပ်ဒေသများအပေါ် စစ်ကောင်စီက အုပ်ချုပ်ရေးနှင့် စစ်ရေးအရ အပြည့်အဝ ထိန်းချုပ်နိုင်ခြင်းမရှိကြောင်းလည်း ဆောင်းပါးက ရေးသားထားသည်။

ထို့ပြင် မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်ရှိ အလေးစားရှားပါးမြေသတ္တုများသည် တရုတ်အတွက် အလွန်အရေးပါသော မဟာဗျူဟာရင်းမြစ်တစ်ခု ဖြစ်နေကြောင်း သိရသည်။

အထူးသဖြင့် ချီဖွေ-ပန်ဝါဒေသတွင် လျှပ်စစ်ကားများ၊ အစိမ်းရောင်နည်းပညာနှင့် ကာကွယ်ရေးစက်မှုလုပ်ငန်းများတွင် အသုံးပြုသည့် Dysprosium နှင့် Terbium ကဲ့သို့သော မြေရှားသတ္တု အမြောက် အမြားရှိနေပြီး မြန်မာနိုင်ငံမြောက်ပိုင်းသည် တရုတ်၏ အဓိက ပြည်ပမြေရှားသတ္တု အရင်းအမြစ်ဖြစ်နေကြောင်း ဆိုသည်။

အဆိုပါ သတ္တုရိုင်းများကို သဘာဝပတ်ဝန်းကျင် အလွန်ထိခိုက်စေသည့် ဓာတုဆေးရည်အသုံးပြု ထုတ်ယူမှုနည်းလမ်းများဖြင့် တူးဖော်ကာ ယူနန်ပြည်နယ်သို့ တိုက်ရိုက်သယ်ယူ၍ သန့်စင်နေကြောင်း၊ ယင်းထောက်ပံ့ရေးကွင်းဆက်က တရုတ်နိုင်ငံကို ကမ္ဘာ့မြေရှားသတ္တုဈေးကွက်တွင် လွှမ်းမိုးနိုင်စေကြောင်း သုံးသပ်ထားသည်။

ထူးခြားသည့်အချက်အဖြစ် ဇွန်လ ၁၆ ရက်နေ့တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင်တို့ တွေ့ဆုံချိန်မှာပင် အရေးပါသော ရှားပါးမြေသတ္တု တူးဖော်ရေးဒေသများကို ထိန်းချုပ်ထားသည့် KIA ကို စစ်ရေးထိုးစစ်များ ပြုလုပ်နေချိန်နှင့် တိုက်ဆိုင်နေကြောင်း ဆောင်းပါးရှင်က ထောက်ပြထားသည်။

တရုတ်၏ လွှမ်းမိုးမှုကို တန်ပြန်ရန် အိန္ဒိယ၊ အမေရိကန်၊ ဂျပန်နှင့် ဩစတြေးလျတို့ ပါဝင်သည့် QUAD အဖွဲ့က အခြားရွေးချယ်စရာ စီးပွားရေးနှင့် အခြေခံအဆောက်အအုံ စီမံကိန်းများ ဖော်ဆောင်သင့်ကြောင်းလည်း ဆောင်းပါးတွင် အကြံပြုထားသည်။

အထူးသဖြင့် အိန္ဒိယအရှေ့မြောက်ပိုင်းတွင် ရှားပါးမြေသတ္တု သန့်စင်ထုတ်လုပ်ရေးဗဟိုဌာန တည်ဆောက်ခြင်း၊ ကုလားတန် ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်းနှင့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီးကို အမြန်ဆုံး အကောင်အထည်ဖော်ခြင်းတို့ဖြင့် တရုတ်၏ CMEC စီမံကိန်းများကို စီးပွားရေးအရ တန်ပြန်နိုင်ကြောင်း ဆိုသည်။

အထူးသဖြင့် ကျောက်ဖြူရေနက်ဆိပ်ကမ်းတွင် တရုတ်ရေတပ် အမြဲတမ်းခြေကုပ်ရရှိသွားပါက တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရေတပ် PLAN သည် မလက္ကာရေလက်ကြားကို ဖြတ်သန်းရန်မလိုဘဲ ဘင်္ဂလားပင်လယ်အော်နှင့် အိန္ဒိယသမုဒ္ဒရာအတွင်း အမြဲတမ်း စစ်ရေးလှုပ်ရှားနိုင်မည်ဖြစ်ကြောင်း ဆောင်းပါးက သတိပေးထားသည်။

ယင်းအခြေအနေသည် အိန္ဒိယ၏ အရှေ့ပိုင်းရေတပ်လှုပ်ရှားမှုများကို တရုတ်က စောင့်ကြည့်နိုင်ခြင်း၊ အိုဒီရှာကမ်းရိုးတန်းအနီး ဒုံးကျည်စမ်းသပ်ရေး လှုပ်ရှားမှုများကို ထောက်လှမ်းနိုင်ခြင်းနှင့် အန်ဒမန်နှင့် နီကိုဘာ စစ်ဌာနချုပ်၏ လုံခြုံရေးကို ခြိမ်းခြောက်နိုင်ခြင်းတို့ ဖြစ်ပေါ်လာနိုင်ကြောင်း ဆိုသည်။

ထို့ပြင် ရခိုင်ကမ်းရိုးတန်းတစ်လျှောက် အချက်ပြထောက်လှမ်းရေးစနစ်များနှင့် သင်္ဘောဖျက်ဒုံးကျည်စနစ်များ တပ်ဆင်နိုင်ပါက ဥရောပနှင့် အရှေ့အလယ်ပိုင်းမှ အရှေ့အာရှသို့ ဆက်သွယ်ထားသည့် အရေးပါသော ကမ္ဘာ့ရေကြောင်းကုန်သွယ်ရေးလမ်းကြောင်းများကိုပါ တရုတ်က စစ်ရေးအရ ဖိအားပေးနိုင်မည်ဖြစ်ကြောင်း သုံးသပ်ထားသည်။

မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော ပဋိပက္ခသည် ပြည်တွင်းနိုင်ငံရေးပြဿနာတစ်ခုအဖြစ်သာ မရှိတော့ဘဲ တောင်အာရှနှင့် အိန္ဒိယသမုဒ္ဒရာဒေသတွင် တရုတ်၏ နယ်မြေနှင့် ရေကြောင်းလွှမ်းမိုးမှုကို တန်ပြန်ရေးအတွက် အဓိက မဟာဗျူဟာမျက်နှာစာတစ်ခု ဖြစ်လာနေပြီဖြစ်ကြောင်း ဆောင်းပါးရှင် Jaideep Saikia က သုံးသပ်ရေးသားထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article