38 C
Yangon

စစ်အာဏာရှင်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပေါ်ပေါက်ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော ပြည်ထောင်စုအဖွဲ့ဝင် ကရင်နီပြည်ကို ဖော်ဆောင်သွားမည်ဟု KNDF ဖွဲ့စည်းခြင်း တစ်နှစ်ပြည့်တွင် ဥက္ကဋ္ဌ ခွန်းဘီထူး ပြော

Must read

ရန်ကုန်၊ မေ ၃၁

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF သည် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပေါ်ပေါက်ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော ပြည်ထောင်စုအဖွဲ့ဝင် ကရင်နီပြည်ကို ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ယနေ့ မေလ ၃၁ ရက်တွင် ကျရောက်သော KNDF တပ်မွေးနေ့သို့ ဥက္ကဋ္ဌခွန်းဘီထူးက နှုတ်ခွန်းဆက်စကား ပေးပို့သည်။

ရဲဘော်များ ကျဆုံးခြင်း၊ ပြည်သူများ၏ အသက်နှင့် အိုးအိမ် ဆုံးရှုံးမှုများအားလုံး၏ အဓိကတရားခံသည် အကြမ်းဖက် စစ်ကောင်စီ၏ လုပ်ရပ်များကြောင့် ဖြစ်ကြောင်း၊ မကြာတော့သည့်အချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူလူထုနှင့် နိုင်ငံတကာခုံရုံးများရှေ့တွင် တရားစွဲပြီး တရားမျှတမှု ဖော်ထုတ်နိုင်မည်ဖြစ်ကြောင်း KNDF ဥက္ကဋ္ဌက ဆိုသည်။

KNDF သည် မှန်ကန်သော နိုင်ငံရေးလမ်းကြောင်းနှင့် ခိုင်မာသော စုပေါင်းခေါင်းဆောင်မှုများဖြင့် ရပ်တည်လျှက်ရှိကြောင်း၊ ယနေ့ ပြည်ထောင်စုအဆင့်တွင် နိုင်ငံရေးအင်အားစုအားလုံး လက်ခံသဘောတူထားသည့် နိုင်ငံရေး ပဋိညာဉ်သည် KNDF ၏ နိုင်ငံရေးဦးတည်သည့် လမ်းကြောင်းဖြစ်သည်ဟု ဆိုသည်။

ပြည်သူလူထုများ၏ အားပေးထောက်ခံမှုများကြောင့် KNDF သည် ခိုင်မာစွာ ရပ်တည်လာသည့် တပ်တော်ဖြစ်ပြီး အလွန်လျှင်မြန်သည့် အင်အားနှင့် လက်နက်များကို ပိုင်ဆိုင်လာခဲ့ကြောင်း၊ ပြည်သူလူထု၏ အသံ၊ အကြံပြုချုက်များနှင့် အားပေးမှုများကို ဆက်လက်နားထောင်ကာ ပြည်သူလူထုကို လက်တွေ့ကျကျ အစေခံကြရန် ဥက္ကဋ္ဌက ထည့်သွင်းပြောကြားသည်။

ယင်းအပြင် တော်လှန်ရေးတပ်ဖွဲ့များအကြား စိတ်ဝမ်းကွဲနေခြင်းသည် ရန်သူအတွက် အားဖြစ်စေပြီး ဝေဖန်ပစ်တင်မှုများသည် တော်လှန်ရေးအတွက် အားယုတ်စေကြောင်း၊ KNDF သည် စံပြတော်လှန်ရေးတပ် ဖြစ်အောင် ရပ်တည်ပြရန် ပြောဆိုပြီး ရပ်နီးရပ်ဝေးရှိ PDF တပ်ဖွဲ့များအားလုံးသည် KNDF နှင့်အတူ လက်တွဲတိုက်ပွဲဝင်ကြရန် KNDF ဥက္ကဋ္ဌက ဖိတ်ခေါ်တိုက်တွန်းသည်။

စစ်ကောင်စီတပ်ဖွဲ့များကို ခုခံတိုက်ခိုက်ရာတွင် လက်တွဲတိုက်ပွဲဝင်နေသည့် ကရင်နီတပ်မတော်မှ ရဲဘော်များအပါအဝင် စစ်ရေးအရ ချိတ်ဆက်ပါဝင်နေသည့် တပ်များအားလုံးကို ကျေးဇူးတင်ကြောင်းနှင့် KNDF ကို အသိအမှတ်ပြုပြီး ပံ့ပိုးနေသည့် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနကိုလည်း ကျေးဇူးတင်ကြောင်း ဆိုထားသည်။

တပ်ပိုင်းဆိုင်ရာ၊ စိတ်ဓါတ်ရေးရာ၊ တိုက်ပွဲနှင့် နယ်မြေထိန်းချုပ်မှုများအတွက် အစွမ်းကုန် ဆက်လက်ကြိုးပမ်းသွားရဦးမည်ဖြစ်ကြောင်း၊ ညီညွတ်မှုဖြင့် အခြားအင်အားစုများအားလုံးကို ချိတ်ဆက်ဆောင်ရွက်ပြီး အရေးတော်ပုံ အမြန်ဆုံး အောင်မြင်ရန် ဆက်လက်ကြိုးပမ်းကြပါစို့ဟု ဥက္ကဋ္ဌ ခွန်းဘီထူးက ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဖွဲ့စည်းခြင်း တစ်နှစ်ပြည့် တပ်မွေးနေ့တွင် နှုတ်ခွန်းဆက်စကား ပေးပို့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article