35 C
Yangon

ယူကရိန်း ပြည်သူလူထု၏ ခွန်အား အရင်းအမြစ်များ သို့မဟုတ် မြန်မာ့နွေဦး တော်လှန်ရေးအတွက် အသုံးဝင်နိုင်မည့် အကြံဉာဏ်ကောင်းအချို့

Must read

By ရန်ကုန်ခေတ်သစ်


မြန်မာနိုင်ငံတွင် စစ်တပ်၏ တရားမဝင် အာဏာသိမ်းမှု ဖြစ်ပွားပြီး ၁ နှစ်ခန့် အကြာတွင် ရုရှစစ်တပ်က ယူကရိန်းနိုင်ငံကို ကျူးကျော်စစ် ဆင်နွဲခဲ့သည်။ ရုရှသည် အကြမ်းဖက် မြန်မာစစ်တပ်ကို နှစ်ပေါင်းများစွာ လက်နက် ရောင်းချပေးနေသော အာဏာရှင် နိုင်ငံဖြစ်ခြင်းကြောင့်လည်း၊ အာဏာရှင်၏ ရက်စက်လှသည့် ဖိနှိပ်မှုကို ခံနေရသည့် မြန်မာပြည်သူ အများစုအနေနှင့် ရုရှကျူးကျော်စစ်ကို ဝေဖန်ရှုံ့ချကြသလို၊ ရုရှ၏ အင်အားသုံး ကျုးကျော်ခြင်းကို ရဲရဲရင့်ရင့် ရင်ဆိုင်တိုက်ခိုက်နေသည့် ယူကရိန်းပြည်သူများဖက်မှ ရပ်တည်ပြောဆို ကြသည့်အသံများ ဆိုရှယ်မီဒီယာများတွင် ထင်ရှားစွာ တွေ့မြင်ရသည်။

ဒါ့အပြင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအစည်းအဝေးအတွင်း ရုရှ၏ ယူကရိန်းအား ကျူးကျော်မှုအပေါ် ရှုတ်ချကြောင်း အဆိုကို မဲခွဲဆုံးဖြတ်ရာတွင်လည်း NUG အစိုးရ၏ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ယူကရိန်းနိုင်ငံဖက်က ရပ်တည်ကာ မဲပေးခဲ့သလို၊ မြန်မာပြည်တွင်း ဆန္ဒပြပွဲအချို့တွင်လည်း ယူကရိန်းအလံများ လွှင့်ထူကာ အဖိနှိပ်ခံ ယူကရိန်း ပြည်သူများနှင့်အတူ ရှိကြောင်း ပြသခဲ့ကြသည်။

သို့သော် အခြားတဖက်တွင်လည်း ရုရှ၏ ကျုးကျော်မှုကို ဆန့်ကျင် တော်လှန်တိုက်ခိုက်နေသော ယူကရိန်းစစ်တပ်ကို အမေရိကန်နှင့် အနောက်ဥရောပနိုင်ငံများက စစ်လက်နက်ပစ္စည်းများ အကြီးအကျယ် ထောက်ပံ့နေမှုများကို မြင်တွေ့နေရသော မြန်မာပြည်သူများအဖို့၊ နိုင်ငံတကာ အကူအညီမဲ့စွာဖြင့် ရရာလက်နက် စွဲကိုင်ကာ စစ်အာဏာရှင်ကို တွန်းလှန်တိုက်ခိုက်နေရသည့် မိမိတို့အဖြစ်ကို မချင့်မရဲဖြစ်စရာ၊ နားမလည်စရာများ ဖြစ်ခဲ့ရသည်။

ထို့ကြောင့် အဆိုပါအခြေအနေများကို ပိုမိုနားလည်စေရန် ရည်ရွယ်၍ ပြီးခဲ့သည့် ရက်သတ္တပတ်က ကျင်းပခဲ့သော “ယူကရိန်း ပြည်သူလူထု၏ ခွန်းအား အရင်းအမြစ်များ – နွေဦးတော်လှန်ရေး အတွက် အသုံးဝင်နိုင်မည့် အကြံဉာဏ်ကောင်းအချိူ့” အမည်ရှိ အွန်လိုင်းဆွေးနွေးပွဲမှ ဆွေးနွေးချက်များကို ယခုဆောင်းပါးတွင် ကောက်နုတ်တင်ပြသွားမည် ဖြစ်ပါသည်။

အဆိုပါဆွေးနွေးပွဲတွင် Educational Initiatives အဖွဲ့ကို တည်ထောင်သူလည်းဖြစ်၊ မြန်မာ့အရေး ကျွမ်းကျင်သူတစ်ဦးလည်း ဖြစ်သော Igor Blazevic က အခမ်းအနားတင်ဆက်သူအဖြစ် တာဝန်ယူ မေးမြန်းဆွေးနွေးခဲ့ပြီး၊ ယူကရိန်းနိုင်ငံ အမျိုးသားတက္ကသိုလ်၊ လူမှုဗေဒဌာနနှင့် စီးပွားရေးသင်တန်းကျောင်း၊ တွဲဖက်ပါမောက္ခ Mychailo Wynnyckyj က အဆိုပါမေးခွန်းများအပေါ် အပြန်အလှန် ပြန်လည်ဆွေးနွေး ဖြေဆိုသွားဖြင်းလည်း ဖြစ်သည်။ ၄င်းတို့၏ ဆွေးနွေးချက်များအနက်မှ မြန်မာနိုင်ငံနှင့် ပတ်သတ်သည့် ပြောကြားချက်များကို အောက်ပါအတိုင်း ပြန်လည်ဖော်ပြအပ်ပါသည်။
======

IGOR – ပထမဆုံးမေးခွန်းနဲ့ စချင်ပါတယ်။ ယူကရိန်းအနေနဲ့ ကမ္ဘာပေါ်မှာ ဒုတိယ အင်အားအကြီးဆုံးလို့ ဆိုနိုင်တဲ့ ရုရှစစ်တပ်ကို ရင်ဆိုင်ခုခံမှုတွေက အားလုံးကို အံ့အားသင့်စေခဲ့ပါတယ်။

ဒီလောက် အားကြီးတဲ့ ရုရှားရဲ့ စစ်ရေးကျုးကျော်မှုကို ယူကရိန်းတွေက ခုလို ပြင်းထန်တဲ့ပမာဏနဲ့၊ အင်အားကောင်းကောင်းနဲ့ စုစုစည်းစည်း ပြန်လည် တုံ့ပြန်နိုင်ခဲ့လိမ့်မယ်လို့ အားလုံးက မထင်ထားခဲ့ကြပါဘူး။ ယူကရိန်းရဲ့ ဒီအင်အားတွေက ဘယ်လို နေရာမျိုးကနေ လာပါသလဲ။

MYCHAILO – တိုတိုပဲ ဖြေရရင်တော့၊ ရုရှားကို ယူကရိန်းတွေရဲ့ တုံ့ပြန်မှုကို ကျွန်တော် အံ့အားမသင့်ပါဘူး။ ယူကရိန်းမြို့တော်ကို သိမ်းနိုင်မယ်လို့ နဂိုကတည်းက မထင်ထားခဲ့ပါဘူး။

အောက်ခြေ အခြေအနေတွေကို အနောက်ကမ္ဘာကရော၊ နိုင်ငံတကာကရော သိပ်အာရုံမစိုက်လို့ အံ့အားသင့်ကြတာပါ။ အောက်ခြေ အခြေအနေတွေသာ သတိထား အာရုံစိုက်မယ် ဆိုရင်တော့ ဒီလိုသိမ်းဖို့ ခက်ခဲမယ်ဆိုတာ နားလည်ကြပါလိမ့်မယ်။

ဘာကြောင့်လဲဆိုတော့ ခေါင်းဆောင်လောက်ကို ဖယ်ရှားရတာ လွယ်ကူပါတယ်။ ဒါပေမဲ့ နိုင်ငံတစ်ခုလုံး သိမ်းပိုက်ထားဖို့ ဆိုတာ လူအင်အားနဲ့ အခြေအနေတွေ အများကြီး လိုအပ်တယ်။ အဲဒီအခြေအနေတွေ မရှိနိုင်ဘူးဆိုတာ ကျွန်တော်တို့ ကောင်းကောင်းသိတယ်။

ဒါ့အပြင် တိုင်းပြည်တစ်ခုကို သိမ်းပိုက်ထားဖို့ဆိုတာ အဲဒီ တိုင်းသူပြည်သားတွေက ဒီသိမ်းပိုက်မှုကို သဘောတူဖို့လည်း လိုအပ်တယ်။ သဘောမတူလို့ ပြန်ခုခံရင် ဒါသိပ်လွယ်ကူတဲ့ကိစ္စ မဟုတ်ဘူး။ မြို့တော်လို နေရာမျိုးကိုတော့ သူတို့ မသိမ်းနိုင်ဘူးလို့ ကျွန်တော်တို့ အစောကတည်းက ယုံကြည်တယ်။

ဆိုလိုတာက ယူကရိန်းတောင်ပိုင်းကို ရုရှားက သိမ်းထားတယ်။ အဲဒီမှာရှိတဲ့ ယူကရိန်းတချို့က “အိုကေ၊ ရုရှားတွေ လာအုပ်ချုပ်တာကို သူတို့ လက်ခံတယ်၊ သူတို့ သဘောတူတယ်” ဆိုတဲ့ အခြေအနေမျိုးမှာ ယူကရိန်း တောင်ပိုင်းကို သူတို့ သိမ်းထားနိုင်တဲ့ အခြေအနေမျိုး ရှိတယ်လို့ ကျွန်တော်ပြောချင်တယ်။

ရုရှားကို ရင်ဆိုင်တဲ့ ယူကရိန်းနဲ့ ပတ်သက်ရင် အကုန်လုံးက အပြုသဘော၊ အကောင်းတွေချည်း ဖြစ်နေတဲ့ ဇာတ်လမ်းတွေတော့ မဟုတ်ပါဘူး။

တကယ်တော့ ယူကရိန်းမှာလည်းပဲ ဒလန်တွေ ရှိတယ်။ ရုရှားနဲ့ တွဲလုပ်နေတဲ့၊ တွဲလုပ်ချင်တဲ့ သစ္စာဖောက်တဲ့လူတွေ ရှိတယ်။ အထူးသဖြင့် တောင်ပိုင်း ဆိုရင် ရုရှားကို ထောက်ခံပြီး၊ ရုရှားက သိမ်းထားတာကိုလည်း လက်ခံတဲ့ အခြေအနေမျိုး ရှိတယ်။ သို့သော် ကျွန်တော်ပြောနိုင်တာကတော့ ဒီဒလန်လိုမျိုးတွေက လူနည်းစုပဲ ဖြစ်တယ်။

နောက်တစ်ခု သတင်းစကားတခု ပေးချင်တာလည်း ရှိပါတယ်။ အဲဒါက ဘာလဲဆိုရင် ပြင်ပကမ္ဘာရဲ့ သတင်းမီဒီယာထဲမှာ ယူကရိန်း ခေါင်းဆောင်အကြောင်းကို အများကြီးရေးတာ တွေ့လိမ့်မယ်။ သူ့ ကို တကယ့်သူရဲကောင်းအနေနဲ့ ရေးကြတယ်။ ပြည်ပမှာတော့ ဟုတ်တယ်။ နိုင်ငံတကာက လက်ခံထားတာကိုလည်း ကျွန်တော်တို့ နိုင်ငံသားတွေက သိကြတယ်။

သို့သော် ပြည်တွင်းမှာတော့ ကျွန်တော်တို့အနေနဲ့ ဒီခေါင်းဆောင်နဲ့ ပတ်သက်တဲ့ မေးခွန်းတွေ အများကြီးရှိတယ်။

မြန်မာနိုင်ငံနဲ့ တူတာက မြန်မာနိုင်ငံ အပြင်ဘက်ရောက်လို့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဘယ်သူ့ကို သိလဲလို့ မေးရင် ဒေါ်အောင်ဆန်းစုကြည် လို့ ဖြေကြပါလိမ့်မယ်။ သို့သော် ပြည်တွင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး မေးခွန်းထုတ်ချင်စရာတွေ အများကြီး ရှိနေတာကို ကျွန်တော် သိပါတယ်။ ယူကရိန်းနဲ့ မြန်မာ အခြေအနေမှာ အဲလို တူညီနေတာ၊ ဆင်တူနေတာလေး တခုကို ကျွန်တော်တို့ တွေ့ရပါတယ်။
========

IGOR – နောက်ထပ် ဆက်မေးချင်တာ ရှိပါတယ်။ ယူကရိန်းဟာ အနောက်နိုင်ငံတွေက လက်နက်တွေ အများကြီး ရတယ်ဆိုတာကို အားလုံးက သဘောကျကြတယ်။ တကယ်တော့ ခင်ဗျားပြောတဲ့ အထဲမှာတော့ လက်နက်ထက် ပိုအရေးကြီးတာ ရှိတယ်။

အဲဒါက ရုရှားဟာ ၁၉ ရာစု စီမံခန့်ခွဲပုံအတိုင်း အထက်အောက်ပုံစံနဲ့ လာတယ်။ ဒါပေမဲ့ ယူကရိန်းတွေရဲ့ တော်လှန်ရေးကတော့ ၂၁ ရာစုပုံစံ၊ အောက်ခြေမြေပြင်မှာ ကွန်ရက် ချိတ်ဆက်သွားတဲ့ ပုံစံနဲ့ တုံ့ပြန်တာ ဖြစ်တယ်လို့ ပါတယ်။

ဒါနဲ့ ပတ်သက်ပြီး ယူကရိန်းတွေရဲ့ အင်အားက ဘာလဲ၊ အစစ်အမှန် အင်အားက ဘာလဲ ဆိုတာလေး ထပ်ရှင်းပြပေးစေချင်ပါတယ်။

MYCHAILO – ဒီမေးခွန်းလည်း အရှေ့မှာ ကျွန်တော် ရှင်းပြသွားသလိုပါပဲ၊ ယူကရိန်းခေါင်းဆောင်နဲ့ ဒေါ်အောင်းဆန်းစုကြည်ကို နှိုင်းယှဉ်ပြတာနဲ့ ဆင်တူပါတယ်။

ဘာကြောင့်လဲဆိုရင် ခေါင်းဆောင်တွေ၊ ခေါင်းဆောင်ကြီးတွေလို့ ပြောရင် ကျွန်တော်တို့သည် အရင်ကာလက စီမံခန့်ခွဲတဲ့ ပုံစံလိုပဲ၊ အထက်အောက် ဆီကို ပြန်ရောက်တယ်။

ခေါင်းဆောင်တွေကို မူတည်စဉ်းစားတယ်။ ဒီလူတွေအပေါ်မှာ အရာရာ မူတည်နေတယ် ဆိုတာမျိုး တွေးကြတယ်။ စီးပွားရေးမှာလည်း ဒီလိုပဲ။ အခု လူသိများနေတဲ့ အီလန်မက်စ်တို့ ရှိမယ်။ ဘီလ်ဂိတ်တို့ ရှိမယ်။ စတိဂျော့တို့ ရှိမယ်။ ဒီလူတွေကြောင့်၊ ဒီခေါင်းဆောင်ကြီးတွေကြောင့် အဖွဲ့ အစည်းတွေ လည်ပတ်နေတာမျိုး တွေးကြတာ များတယ်။

တကယ့်တကယ်မှာတော့၊ လက်ရှိတော်လှန်မှုတွေဟာ လူတွေအနေနဲ့ ကိုယ် လုပ်နိုင်တာကို ကိုယ့်အစုအဖွဲ့နဲ့ လုပ်တာ၊ ဒီရင်ဆိုင်ဆန့်ကျင်မှုတွေ၊ ထူးထူးကဲကဲ ကိစ္စတွေသည် အောက်ခြေလူထုဆီကနေ လာတာ။

အဲဒီအတွက် ကျွန်တော်ပြောချင်တာကတော့၊ ယူကရိန်းကြုံနေရတဲ့ ကမ္ဘာ့ဒုတိယ အကြီးဆုံးစစ်တပ်ကို ရင်ဆိုင်နေရတယ် ဆိုတဲ့ အခြေအနေသည်လည်းပဲ အောက်ခြေလူတွေ အစုအဖွဲ့ကနေ လာတာ၊ ကြီးမြတ်တဲ့ ခေါင်းဆောင်ကြီးဆီကနေ လာတာ မဟုတ်ပါဘူး။

ကျွန်တော် ဒီလိုပြောလို့ ခေါင်းဆောင်က အရေးမကြီးဘူး မဟုတ်ဘူး။ သို့သော် ဒီမှာပြောချင်တာက ခေါင်းဆောင်တွေ၊ အုပ်ချုပ်ပုံတွေနဲ့ ပုံမှန်ဖွဲ့စည်းပုံတွေ စတဲ့ ပုံသဏ္ဌာန်တွေကနေ လာတဲ့ ခေါင်းဆောင်မှုမျိုး မဟုတ်ဘဲ အောက်ခြေမြေပြင်နဲ့ တသားတည်းကျတဲ့ အနေအထားမျိုးတွေကနေ လာတဲ့ ခေါင်းဆောင်မှုက ပိုပြီးတော့ အရေးကြီးတယ်။

တနည်းအားဖြင့် အထက်ကနေ လာတာကြီး မဟုတ်ဘဲ၊ လွတ်လွတ်လပ်လပ် ဖြစ်တဲ့၊ ကွဲပြားတဲ့ အောက်ခြေနဲ့ တသားတည်းကျတဲ့ ခေါင်းဆောင်မှု ပုံသဏ္ဌာန်က အရေးကြီးတယ်လို့ ကျွန်တော်ကတော့ ပြောချင်ပါတယ်။

ခေါင်းဆောင်သည် ဘာလုပ်နိုင်ရမလဲ ဆိုရင် စိတ်ကူးစိတ်သန်းတွေ အိုင်ဒီယာတွေကို ပေးနိုင် ပြောနိုင်တဲ့သူ ဖြစ်ရမယ်။ သူ့စိတ်ကူး စိတ်သန်းတွေကို ပေးနိုင်၊ ပြောနိုင်၊ ဆွေးနွေးနိုင်တဲ့သူဆိုရင် သူ့နောက်ကို လူတွေ လိုက်ပါကြမှာပဲ ဖြစ်တယ်။ အခု လိုအပ်နေတဲ့ ခေါင်းဆောင်မှုသည် အဲဒီလိုဟာမျိုးလို့ ကျွန်တော် ပြောချင်တာ ဖြစ်ပါတယ်။
==========

IGOR – ခင်ဗျားစာထဲမှာ အမေရိကန် ဗိုလ်ချုပ် စတန်လေ အေ. မက်ခရိုင်စတယ် (Stanley A. McChrystal) ကို ကိုးကားထား တာ တွေ့တယ်။

သူရေးတဲ့ စာအုပ်ထဲက “အဖွဲ့သေးသေးတွေ စုဝေးပြီးတော့ ဖြစ်လာတဲ့ ကြီးကြီးမားမား အဖွဲ့ကြီး” (team of temas) ဆိုတာမျိုးပေါ့။ အဲဒီဟာကို လက်ရှိ ယူကရန်းအခြေအနေမှာ ခင်ဗျား သုံးသပ်ချက်က ဘယ်လို ရှိပါသလဲ။

MYCHAILO – ခင်ဗျားပြောတဲ့ “အဖွဲ့လေးတွေပေါင်းပြီး အဖွဲ့ကြီးအဖြစ် ရပ်တည်လှုပ်ရှားခြင်း (Team of Teams: New Rules of Engagement for a Complex World)” ဆိုတဲ့ အဲ့စာအုပ်ကို ရုရှားရဲ့ ကျူးကျော်စစ် မဖြစ်ခင် ၂ လ ၃ လလောက်က ကျွန်တော် ဖတ်ပါတယ်။

ဖတ်တဲ့အခါမှာ၊ ဒီလောက်ရှင်းလင်းနေတဲ့ ကိစ္စကြီးကို အာဖဂန်တို့ဘာတို့မှာ စစ်တိုက်ခဲ့တဲ့ အမေရိကန် ဗိုလ်ချုပ်တစ်ယောက်က စာနဲ့ပေနဲ့ ဘာဖြစ်လို့ ရေးလဲဆိုပြီး ကျွန်တော်တွေးပါတယ်။

ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့တွေ သိထားကြတဲ့အတိုင်း၊ အနာဂတ်မှာတော့ လူတွေက အထက်အောက်ပုံစံနဲ့၊ ငါရဲ့အထက်မှာ လူကြီးက ဘယ်သူ၊ ငါ့ လူကြီးရဲ့ လူကြီးက ဘယ်သူဆိုတာနဲ့ အနာဂတ်မှာ သွားကြတော့မှာ မဟုတ်ဘူး။

အနာဂတ်မှာကတော့ အစုအဖွဲ့လေးတွေနဲ့ပဲ သွားကြမှာ ဖြစ်တယ်။ စိတ်ကူးစိတ်သန်း တခုခုပေါ်မှာ အခြေခံတဲ့ အဖွဲ့လေးတွေ ပေါ်လာမယ်။

ခေါင်းဆောင်ဆိုတဲ့ လူမျိုးက ဘယ်လိုလူမျိုးလဲဆိုရင်၊ အဲဒီစိတ်ကူးစိတ်သန်းပုံစံကို အများနဲ့ ပြောဆိုဆွေးနွေးတဲ့လူက ခေါင်းဆောင် ဖြစ်လိမ့်မယ်။ စိတ်ကူး စိတ်သန်းကို ဝေငှတဲ့လူက ခေါင်းဆောင် ဖြစ်လိမ့်မယ်။

သူသည် ရွေးကောက်ခံရတာ ဟုတ်ချင်မှ ဟုတ်မယ်။ ခန့်အပ်ခံရတာ ဟုတ်ချင်မှ ဟုတ်မယ်။ ပါဝါ ရာထူးရာခံလည်း ရှိချင်မှ ရှိမယ်။ သို့သော် “ငါတော့ ဒါလုပ်မယ်ဟေ့” ဆိုတဲ့ တာဝန်ကို သူကယူလိုက်ပြီး စိတ်ကူးစိတ်သန်းတခုကို သူမျှဝေပြီး သူ့အစုအဖွဲ့လေးနဲ့ သူလုပ်ကြတဲ့ အစုအဖွဲ့တွေ အများကြီး ပေါ်လာမယ်။ အထက် အောက်ပုံစံ အနာဂတ်မှာ သွားတော့မှာ မဟုတ်ဘူးဆိုတာ ကျွန်တော်တို့တွေ သိနေကြပြီးသား၊ မြင်နေကြပြီးသားပဲ ဖြစ်တယ်။

အဲဒီတော့ ဒီစာအုပ်မှာ မက်ခရိုင်စတယ်က လူတွေသိပြီးသား အကြောင်းကို ဘာကြောင့် ရေးသလဲဆိုရင်၊ သူ အဓိက ထောက်ပြတဲ့အချက်က ဒီအောက်ခြေအဆင့်မှာ အဖွဲ့လေးတွေ ဖွဲ့တာ၊ အစုအဖွဲ့လေးတွေ ပေါ်လာအောင် လုပ်တာတွေက လုပ်တတ်ကြပြီး ဖြစ်တယ်။ ဒါပေမဲ့ ဘာကခက်သလဲ ဆိုရင် အစုအဖွဲ့တွေကို စုပေါင်းတဲ့ အစုအကြီးကြီးဖြစ်ဖို့ ဆိုရင် အင်မတန် ခက်တယ်။ အဲဒီမှာ ပညာလိုတယ် ပေါ့လေ။

လူ ၂၀၊ ၃၀၊ ၄၀ လောက်နဲ့ အဖွဲ့တစ်ဖွဲ့ ဖွဲ့လိုက်ရတာ လွယ်တယ်။ ဒါပေမဲ့ အဖွဲ့ ၄၊ ၅၊ ၆ ဖွဲ့၊ ၁၀ ဖွဲ့ စသဖြင့် ပေါင်းပြီးတော့ လူ ၂၀၀၊ ၃၀၀၊ ၄၀၀ အုပ်စုကြီး အကြီးကြီး ဖြစ်လာဖို့ဆိုတာက ခက်တယ်။

သို့သော် ဒီလိုအဖွဲ့လေးတွေ စုစည်းတွဲဖက်လုပ်ကိုင်တဲ့ အစုအဖွဲ့ ကြီးကြီး ဖြစ်လာဖို့ ဆိုတာသည် စက်မှုလွန်ခေတ်ကာလ၊ ခေတ်သစ်ကာလမှာ အောင်မြင်မှုအတွက် အရေးကြီးတဲ့ အခြေအနေပဲလို့ ဒီစာအုပ်မှာ ပြောထားတယ်။

ကျွန်တော် ယူကရိန်းအခြေအနေနဲ့ ပြောရမယ်ဆိုရင်၊ စစချင်း ရုရှားက ယူကရိန်းကို ဝင်တိုက်တယ်။ အဲဒီတုန်းက အောက်ခြေမှာ ခုခံမှုက သူ့ဟာသူ ပေါ်လာတာ၊ ဘယ်သူမှ အမိန့်ပေးလို့ မဟုတ်ဘူး။ ခံတိုက်ကြတာမှာ ကျွန်တော်တို့ အောင်မြင်တယ်။ စစ်ပွဲ စစချင်း မြို့တော်ကို ရုရှားတပ်တွေ မရောက်လာအောင် ဟန့်တားတဲ့အချိန် နေရာတိုင်းမှာက အဖွဲ့လေးတွေပဲ။ သူ့ဘာသာသူ စလုပ်ပြီးတော့ အောင်မြင်တယ်။ သို့သော် ပြဿနာနည်းနည်းတော့ ရှိတယ်။ အဖွဲ့လေးတွေ မစုစည်းနိုင်တဲ့ အခါမျိုးတွေ၊ စုစည်းဖို့ အခက်အခဲတွေ ရှိနေတာမျိုးတွေ ရှိတော့ ရှေ့ခြမ်းကို ထိထိရောက်ရောက် တိုက်ခိုက်ဖို့ ကာကွယ်ဖို့ ဆိုတဲ့အခါမှာ လက်ရှိယူကရိန်းမှာ စိန်ခေါ်မှု ဖြစ်နေတယ်။

အဲ့ဒီလို အဖွဲ့လေးတွေ သူဘာသာ ပေါ်လာပြီး လုပ်ကြတာတော့ ဟုတ်သွားပြီ၊ ဒီအဖွဲ့လေးတွေကို မှီပြီး တုံ့ပြန်ကြတဲ့အခါမှာ စိန်ခေါ်မှုတွေ ကြုံရတယ်။ ကျွန်တော် အဓိက သတင်းစကား ပေးချင်တာက ဘာလဲဆိုရင်၊ ခုနကပြောတဲ့ အောက်ခြေအဆင့် အဖွဲ့အစည်းလေးတွေဟာ ရေတိုခုခံမှုမှာ ထိရောက်တယ်။ ရေတိုခုခံမှုကို ထိထိရောက်ရောက် လုပ်နိုင်ခဲ့ကြတယ်။

ဥပမာတခုက ဘာလဲဆိုရင် ယူကရိန်းမှာ ဒီဖြစ်ရပ်မတိုင်ခင် (၈) နှစ်လောက်က နိုင်ငံတွင်း အာဏာရှင်ကို ဝိုင်းပြီးတော့ ဆန့်ကျင်ကြတဲ့ကိစ္စပဲ ဖြစ်တယ်။ ယူကရိန်းမှာတော့ ဒါကို မိုင်ဒန်လှုပ်ရှားမှုလို့ ခေါ် တယ်။ ရင်ပြင်ကျယ်ကြီးမှာ လူတွေ စုရုံးပြီးတော့ အစိုးရကို ၃ လလောက် ဆန့်ကျင် ခုခံဆန္ဒပြခဲ့ကြတယ်။ အဲဒီတုန်းကလည်းပဲ အောက်ခြေအဆင့်လူတွေ ကိုယ့်အဖွဲ့နဲ့ကိုယ် ရင်ဆိုင်ခဲ့ကြပြီးတော့ အာဏာရှင်ကို ရှင်းထုတ် ဖယ်ရှားလိုက်နိုင်ခဲ့ကြတယ်။

ဒါပေမဲ့ အဲဒီတော်လှန်ရေးတဖြစ်လဲ အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုကြီး ပြီးဆုံးသွားတဲ့အခါမှာတော့ ကျွန်တော်တို့ လိုချင်တဲ့ ရလဒ်တွေ ထင်သလောက် မရခဲ့ဘူး။

ဘာဖြစ်လို့လဲဆိုတော့ အစုအဖွဲ့လေးတွေ အားလုံးကို စုပြီးတော့ ဘယ်ကို သွားမယ် ဆိုတာမျိုး မလုပ်နိုင်ခဲ့တဲ့အတွက် တကယ်သွားချင်တဲ့ ရည်ရွယ်ချက်ကို မရောက်ခဲ့တာ ဖြစ်တယ်။
==============

IGOR – အခု ခင်ဗျား ရှင်းပြသွားတာတွေဟာ ဗမာပြည်နဲ့လည်း တော်တော်လေး ကိုက်ညီနေတာ ကျွန်တော်တော့ တွေ့ရတယ်။ မြန်မာပြည်မှာ အာဏာသိမ်းမှု စတင်တဲ့အခါမှာ ပြည်သူတွေက သူဟာနဲ့သူ စုရုံးလာပြီးတော့ စစ်တပ်ကို ဆန့်ကျင်ကြတယ်။

စစ်တပ်ဆိုတာကလည်း ဒေသတွင်း အင်အားအကြီးဆုံး၊ အင်အားအများဆုံး စစ်တပ်ထဲမှာ ပါတယ်။ ရွာတွေ မီးရှို့တာ ညှဉ်းဆဲတာ၊ သတ်ဖြတ်တာ၊ ရက်စက်တဲ့နေရာမှာ ကမ်းကုန်အောင် ရက်စက်တဲ့ စစ်တပ်မျိုး၊ အရက်စက်ဆုံး စစ်တပ်ကို ထောင်ချီတဲ့ မြန်မာပြည်ထဲက အစုအဖွဲ့တွေ ရင်ဆိုင်လာခဲ့ကြတာ ၁၄ လ ကြာပြီလို့ ပြောလို့ရတယ်။

ဒါပေမဲ့ အခုအခြေအနေမှာတော့ အားလုံး စုရုံးဖို့ဆို ပြဿနာ ရှိတယ်။ အခက်အခဲ ဖြစ်နေတယ်။ ဒါတွေကို စုရုံးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပေါ်လာတဲ့ NUG လို အဖွဲ့မျိုးဟာလည်း အဖွဲ့အများကြီးထဲက အဖွဲ့တခုပဲ ဖြစ်ပြီးတော့၊ စုစည်းနိုင်တဲ့ အခြေအနေ ရောက်မနေပဲ၊ တခါတလ သူကိုယ်တိုင်လည်း လမ်းပျောက်နေတယ်။

အဲဒီတော့ လက်ရှိအချိန်အခါ ကာလမှာ၊ ဒီလို များပြားတဲ့ အဖွဲ့အစည်းတွေကို စုစည်းနိုင်တဲ့ နည်းလမ်း (သို့) ဖြတ်လမ်းနည်းတခုခု ဝေမျှချင်တာ ဘာများရှိပါလဲ။

MYCHAILO – အဲဒီဟာလဲ မြန်မာ-ယူကရိန်းအတွက် အသွင်တူတဲ့ ပြဿနာပါ။ ဘယ်ကို ပြန်သွားပြောချင်လဲဆိုရင် လွန်ခဲ့တဲ့ (၈) နှစ် အာဏာရှင်ဆန့်ကျင်ရေး ယူကရိန်းလှုပ်ရှားမှု၊ အဲဒီတုန်းက ကျွန်တော်တို့ ခေါင်းဆောင်တွေကို မယုံဘူး။

အတိုက်အခံ တွေကိုလည်းပဲ အာဏာရတဲ့ လူတွေလိုပဲ ကျွန်တော်တို့ သိပ်ယုံကြည်မှု မရှိနေဘူး။ ဒါပေမဲ့ အောက်ခြေမှာတော့ ကျွန်တော်တို့ အချင်းချင်း တော်တော် ယုံကြည်ကြတယ်။

တဖက်နဲ့ တဖက် ကွန်ရက် (Network) တည်ဆောက်လို့ ရခဲ့ကြတယ်။ အားလုံးရဲ့ ယုံကြည်ချက် တူညီတဲ့အခါမှာ တဖွဲ့နဲ့တဖွဲ့ ချိတ်ဆက်လို့ လွယ်တယ်လို့ ပြောလို့ရတယ်။ နောက်တခုက ဒီလိုအဖွဲ့လေးတွေ တစ်ခုနဲ့တစ်ခု ချိတ်မိသွားရင် ဘယ်အာဏာရှင်လိုမျိုးပဲ ဖြစ်ဖြစ် ဒါကို တားဖို့ဆီးဖို့ အင်မတန်ခက်တယ်။

ဘာကြောင့်လဲဆိုတော့ အာဏာရှင်အနေနဲ့ ကြိုးစားတာက ခေါင်းဆောင်ပိုင်းကို ရှင်းပစ်ဖို့ ကြိုးစားတာ၊ သို့သော် ရှင်းပစ်စရာ ခေါင်းဆောင်ပိုင်း မရှိဘူး။ အားလုံးက မြေပြင်ညီ အစုအဖွဲ့လေးတွေနဲ့ ယုံကြည်ချက်အပေါ် မူတည်ပြီး တယောက်နဲ့ တယောက် မျှော်မှန်းချက်က ဘယ်ကို သွားမယ်၊ ယုံကြည်မှုပေါ် အခြေခံပြီး တယောက်နဲ့ တယောက် သစ္စာရှိကြတယ်ဆိုတဲ့ ကွန်ရက်မျိုး၊ သူ့တို့ကို အာဏာရှင်တွေ ဖြေရှင်းနှိမ်နှင်းရတာ သိပ်ခက်ပါတယ်။

အဲဒီတုန်းကတော့ အဲဒီလိုမျိုး ကျွန်တော်တို့တွေ တည်ဆောက်နိုင်ခဲ့ကြတယ်။
(ဆက်လက် ဖော်ပြပါမည်)။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article