29.6 C
Yangon

ရခိုင်ပြည်နယ်၊ အမ်းမြို့တွင် စစ်ကောင်စီခန့် ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ လှိုင်သာယာနှင့်တောင်ဒဂုံတွင် စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များက ပစ်ခတ်ခံရ

Must read

ရန်ကုန်၊ ဇွန် ၉

ရခိုင်ပြည်နယ် အမ်းမြို့ အမှတ် ၅ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးပိုင်ပိုင် ယနေ့ ဇွန်လ ၉ ရက်နေ့က ဓားထိုးခံရ၍ သေဆုံးသွားကြောင်း အမ်းမြို့ခံများကပြောသည်။

အမ်းမြို့ အမှတ် ၄ ရပ်ကွက်နှင့် အမှတ် ၅ ရပ်ကွက်အား ပူးတွဲအုပ်ချုပ်နေသည့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အသက် ၃၀ ကျော်အရွယ် ဦးပိုင်ပိုင် ဓားဒဏ်ရာများဖြင့် သေဆုံးသွားခြင်းဖြစ်ကြောင်း အမ်းမြို့ခံများကပြောသည်။

“အသတ်ခံရတာက နံနက် ၉ နာရီလောက်မှာ စစ်မှူးထမ်းဟောင်းရုံးနဲ့ စွယ်ယ်တော်ဘုန်းကြီးကျောင်း အနီး လမ်းခွဆုံမှာလို့ ကြားတယ်။ လူနှစ်ယောက်က ဓားနဲ့ ထိုးသွားတာလို့ သိရတယ်။ အဲဒီနေရာမှာ ထိုးသွင်းဒဏ်ရာနဲ့ ပွဲချင်းသေသွားတာ။ ဘယ်သူ သတ်တယ်ဆိုတာတော့ မသိရသေးဘူး။ သူက အရင်က အုပ်ချုပ်ရေးမှူး မလုပ်ခင်ကလည်း စစ်ရေးနဲ့ ပတ်သတ်ပြီး စစ်တပ်ကို သတင်းတွေပေးတယ်လို့တော့ ကြားရတယ်။ ဘာကြောင့် ဘယ်သူက သတ်တယ်ဆိုတာတော့ မသိရသေးဘူး” ဟု အမ်းမြို့ခံ ကိုမျိုးလွင်က ပြောသည်။

ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးပိုင်ပိုင် အသတ်ခံရခြင်းနှင့်ပတ်သက်၍ လုပ်ကိုင်နေတုန်းဖြစ်၍ ပြောပြ၍ မရသေးကြောင်း ဟု အမ်းမြို့မ ရဲစခန်းမှူး ရဲမှူးမျိုးကြည်က Western News ကိုပြောသည်။

“လောလောဆယ်တော့ ကျွန်တော်တို့ ဘာမှပြောလို့မရသေးဘူး။ လုပ်နေတုန်းပဲ ရှိသေးတယ်။ သေသွားတာကတော့ ၁၁ နာရီမှာဖြစ်နိုင်တယ်။ အခုတော့ သူ့ကို အမ်းဆေးရုံမှာပို့ထားတယ်” ဟုပြောသည်။

အလားတူ ရန်ကုန်တိုင်း ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ၁၀၆ ရပ်ကွက်တွင် သွေးသောက်အဖွဲ့ဝင်၊ ပျူစောထီး အဖွဲ့ခေါင်းဆောင်နှင့် အုပ်ချုပ်ရေးရုံး စာရေးဖြစ်သူ မောင်မောင် ကို Ultimate Revolutionary Movement Team အဖွဲ့က ဇွန်လ ၉ ရက်နေ့ နံနက်ပိုင်းတွင် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း URMT တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ပစ်ခတ်ခံရသော မောင်မောင်သည် ရုံးဘေးရှိလက်ဖက်ရည်ဆိုင်တွင် ထိုင်နေစဥ် ပစ်ခတ်ခံရခြင်း ဖြစ်ပြီး ဦးခေါင်းနှင့် ရင်ဘတ်တို့တွင် သေနတ်ဒဏ်ရာများ ရရှိခဲ့ကာ သေဆုံးခြင်း ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ အမှတ် (၂၀)ရပ်ကွက် ဝေပုလ္လ (၂) လမ်းတွင် ယနေ့ နံနက် ၇ နာရီ ၃၀ ဝန်း ကျင်အချိန်ခန့် စစ်တပ်သတင်းပေးနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်လည်းဖြစ်သူ ဝင်းဇော် ပစ်ခတ်ခံရပြီး လတ်တလော သေဆုံးမှု ရှိ၊ မရှိ မသိရသေးကြောင်း ဒေသခံများနှင့် ဒေသသတင်းရင်းမြစ်ထံမှ သိရှိရသည်။

ဓာတ်ပုံ- အမ်းမြို့တွင် သေဆုံးသွားသော စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးပိုင်ပိုင်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article