29 C
Yangon

SSPP-SSA တပ်စခန်း ၃ ခုကို စစ်ကောင်စီက ဆုတ်ခွာခိုင်းသော်လည်း အာရုံနောက်အောင် လုပ်သည့်အကွက်ဖြစ်ကြောင်း၊ ဆုတ်ခွာမည်မဟုတ်ကြောင်း၊ တိုက်ပွဲဖြစ်နိုင်ခြေရှိဟု SSPP-SSA ထုတ်ပြန်

Must read

ရန်ကုန်၊ ဇွန် ၉

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှူးမြို့နယ်အတွင်းရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် SSPP-SSA ၏ တပ်စခန်း ၃ ခုကို စစ်ကောင်စီက ဆုတ်ခွာခိုင်းသော်လည်း ဆုတ်ခွာပေးမည်မဟုတ်ကြောင်း၊ အာရုံနောက်သည့် လုပ်ရပ်ဖြစ်ကြောင်း၊ စစ်ကောင်စီက ထိုးစစ်ဆင်လာလျှင် တိုက်ပွဲဖြစ်နိုင်ခြေရှိကြောင်း SSPP က ယနေ့ ထုတ်ပြန်သည်။

စစ်ကောင်စီ၏ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်လှမိုးဦးစီးသည့်အဖွဲ့က လွိုင်နိုင်း-ဝမ်ဟွေ-တာဝိန်းနောင် စစ်ဆင်ရေးလမ်း ဖောက်လုပ်ရေး မြေပြင်ကွင်းဆင်းစဉ် အဆိုပါ SSPP စခန်းများကို တွေ့ရှိပြီး ဇွန်လ ၁၀ ရက်နေ့မတိုင်ခင် ဆုတ်ခွာပေးရမည်ဟု ဇွန်လ ၄ ရက်နေ့တွင် စာထုတ်ပြောဆိုခြင်းဖြစ်သည်။

အဆိုပါ တပ်စခန်း ၃ ခုသည် SSPP-SSA က ဆယ်စုနှစ်တခုစာ အခြေချတပ်စွဲထားသည့် နေရာများ ဖြစ်သည့်အတွက် ဆုတ်ခွာလို့မရဟု SSPP က ပြောသည်။

“ဒီဘက်က ကျွန်တော်တို့ ဌာနချုပ်လုံခြုံရေး တပ်စခန်းဆိုတော့ သူတို့ အာရုံလာနောက်ချင်တာ။ ဘာလို့ လဲဆိုတော့ တောင်ပိုင်းဘက် ဆနင်းတောင် အနီးနားတစ်ဝိုက်က RCSSနဲ့ ကျွန်တော်တို့ SSPP/SSA တပ်တွေ စစ်ရေးတင်းမှာနေတယ်လေ၊ အချိန်မရွေး တိုက်ပွဲ ဖြစ်နိုင်တယ်။ တစ်ဖက်မှာ စစ်ရေးတင်းမှာ နေတဲ့ အခြေနေရှိနေလို့၊ ဒီဘက်က ကျွန်တော်တို့ အာရုံနောက်အောင်လုပ်တဲ့အကွက်ပဲ၊ ကျွန်တော်တို့လည်း မဆုတ်ပေးနိုင်ဘူး စစ်လည်းပြင်ဆင် ထားပြီးပြီ။ မြန်မာစစ်တပ်ဖက်က စစ်စထိုးရင်လည်း ကျွန်တော်တို့ဖက်ကတုန့်ပြန်ဖို့အသင့်ပဲ” ဟု SSPP-SSA စစ်မြေပြင် တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ စခန်းများသည် မိုင်းရှူးမြို့နယ် မြောက်ဘက်တွင် တည်ရှိပြီး လွိုင်နိုင်းလမ်းခွဲအဝင်အနီး ခန့်မှန်းမြေပုံညွှန်း (ME-၃၇၀၃၁၇ ) ရှိစခန်း၊ မန်ဝိန်းကျေးရွာအနီး ခန့်မှန်းမြေပုံညွှန်း ( ME-၄၀၃၃၃၁ ) စခန်း၊ မန်ဝိန်းကျေးရွာအနီး ခန့်မှန်းမြေပုံအညွှန်း ( ME-၄၁၉၃၃၆ ) စခန်း တို့ ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ စခန်းအနီးဝန်းကျင်များတွင် စစ်ကောင်စီတပ်များဖြစ်သည့် တပ်ရင်း ၂၄၉၊ တပ်ရင်း ၁၅၃၊ တပ်ရင်း ၂၉၆များလည်း စစ်ရေးလှုပ်ရှားနေကြောင်း ထိုးစစ်ဆင်လာပါက တိုက်ပွဲဖြစ်နိုင်ခြေရှိကြောင်း SSPP-SSA က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article