29 C
Yangon

ထီးချိုင့်တွင် ဗိုလ်ကြီး ထက်လွင်အောင်က နယ်ထိန်းရဲ ကျော်ကျော်ဦးကို သေနတ်ဖြင့်ပစ်ခတ်၊ လှည်းကူးတွင် ဗိုလ်ကြီး သက်ဇော်ထွန်းက “ဘာကြံ့ခိုင်ရေးလဲ -ီး ကြံခိုင်ရေး” ဟု ဆိုကာ ကြံ့ဖွတ်ပါတီဝင် ဇော်ဦးကို လက်ပြန် ကြိုးတုပ် ရိုက်နှက်

Must read

ရန်ကုန်၊ ဇွန် ၁၀

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်တွင် ထီးချိုင့်မြို့နယ် ရဲစခန်းမှ နယ်ထိန်းရဲ ကျော်ကျော်ဦးကို စစ်တပ်မှ ဗိုလ်ကြီးထက်လွင်အောင်က ဇွန်လ ၈ ရက်နေ့တွင် သေ နတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် နယ်ထိန်းရဲ ကျော်ကျော်ဦး ဒဏ်ရာရရှိပြီး ဆေးရုံတက် ကုသမှု ခံယူနေရကြောင်း ထီးချိုင့်သတင်းရင်းမြစ်က ပြောသည်။

ဇွန်လ ၈ ရက်နေ့ ည ၉ နာရီအချိန် ထီးချိုင့်တံတားတွင် ဗိုလ်ကြီးထက်လွင်အောင်နှင့် နယ်ထိန်းရဲ ကျော်ကျော်ဦးတို့ စကားများ ရန်ဖြစ်ကြကြောင်း ၊ စစ်ဗိုလ်က နယ်ထိန်းရဲကို ဒူးထောက်ခိုင်းပြီး သေနတ်ဖြင့် ပစ်ခတ်ရာ နယ်ထိန်းရဲက ရှောင်တိမ်း ထွက်ပြေးသဖြင့် နားထင် ကျည်ရှပ်ထိ ဒဏ်ရာရရှိကြောင်း ၊ နယ်ထိန်းရဲ ကျော်ကျော်ဦးကို ဆေးရုံတင်ပို့ ကုသမှု ခံယူနေသော်လည်း ပစ်ခတ်သော ဗိုလ်ကြီးထက်လွင်အောင်မှာ အရေးယူခံရမှု မရှိကြောင်း သိရှိရသည်။

“ပစ်ခတ်တဲ့ စစ်ခွေးကိုတော့ အရေးယူမှုမရှိဘဲ ချက်ချင်း နယ်ပြောင်းပေးလိုက်တယ်။ စစ်ခွေးက ရဲခွေးကို ပစ်တာတော့ အသေပစ်တာ။ ရဲခွေးက ‌အရှောင်မြန်လို့မသေတာ။ အခုထီးချိုင့်ဆေးရုံမှာပါ။ သေနတ်နဲ့ ၃ ချက်ပစ်တာ” ဟု ထီးချိုင့်သတင်းရင်းမြစ် Tigyaing Revolution -TRက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အလားတူ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ နန္တိကျေးရွာအုပ်စုမှ ကြံဖွတ်ပါတီ ဝင် ဇော်ဦးကို စစ်တပ်မှ ဗိုလ်ကြီး သက်ဇော်ထွန်းနှင့်တပ်ကြပ် ကြီးမင်းသိန်းတို့က ဖမ်းဆီးပြီး လက်ပြန်ကြိုးတုပ် ရိုက်နှက်မှု ဖြစ်ပွားကြောင်း ဒေသသတင်းရင်းမြစ်တချို့က ပြောသည်။

ဇွန်လ ၄ ရက်နေ့လှည်းကူးမြို့နယ် နန္တိကျေးရွာအုပ်စုရှိ ကြံ့ခိုင်ရေးပါတီဝင် ဇော်ဦးသည် နေအိမ်တွင် ရပ်ကျေးကြံ့ဖွတ်ပါတီ ဥက္ကဌအေးသူဇာမြင့်၊ ပါတီဝင် ခိုင်ဇော်တို့ နှင့်အတူ ရှိနေစဉ် စစ်သား ၅ ဦးလာရောက်ကာ ဇော်ဦးကို လက်ပြန် ကြိုးတုပ်ဖမ်းဆီးခေါ်ဆောင်ပြီး ကြီးလေးကြီးလမ်းရှိ ရကသလမ်းဆုံဂိတ်တွင် ထိုးကြိတ်ရိုက်နှက်ခဲ့ကြောင်း သိရှိရသည်။

ကြံ့ဖွတ်ပါတီဝင် ဇော်ဦးကို ဖမ်းဆီးရာတွင် စစ်သား ၅ ဦးက ဗိုလ်ကြီးသက်ဇော်ထွန်းက ခေါ်ခိုင်းသည်ဟု ဆိုကာ ဇော်ဦးကို ဖမ်းဆီးခေါ်သွားခြင်းဖြစ်ပြီး ဂိတ်တဲထဲသို့ ရောက်ချိန်တွင် တပ်ကြပ်ကြီး မင်းသိန်းက ဇော်ဦး၏ ပါးနှင့် နားအုံကို ဖြတ်ရိုက်ခြင်း၊ ရင်ဘတ်ကို ထိုးကြိတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ဗိုလ်ကြီး သက်ဇော်ထွန်းကလည်း “မင်းတို့ ကြံ့ခိုင်ရေးက ကောင်တွေ လုပ်ချင်နေတာ ကြာပြီ ဘာကြံ့ခိုင်ရေးလဲ -ီး ကြံ့ခိုင်ရေး၊ ဘာပြည်ခိုင်ဖြိုးလဲ -ီးပြည်ခိုင်ဖြိုး -ီးပဲ။ မင်းတို့ ပြည်ခိုင်ဖြိုးက ပြည်သူ လူထု အုံကြွအောင် လုပ်နေတာ” ဟု ကြံဖွတ်ပါတီဝင် ဇော်ဦးကို ထပ်မံ ထိုးကြိတ်ကြောင်း သိရှိရသည်။

ကြံ့ဖွတ်ရပ်ကျေးပါတီ ဥက္ကဌ ဒေါ်အေးသူဇာမြင့် ၊ ကြံ့ဖွတ်ပါတီဝင် ခိုင်ဇော်နှင့် ရွာသား ၅ ဦးတို့က တပ်ထဲသို့ လိုက်၍ ဇော်ဦးကို ပြန်လွှတ်ပေးရန် ပြောဆိုသော် လည်း စစ်တပ်က လာရောက်သည့် ရွာသားတစ်ဦး၏ ရင်ဘတ်ကို လက် သီး ဖြင့်ထိုးကာ ပြန်လွှတ်လိုက်ကြောင်း သိရှိရသည်။

ယင်းနေ့ မွန်းလွဲ ၂ နာရီအချိန်တွင် ကြံ့ဖွတ်ပါတီဝင် ခိုင်ဇော်အိမ်သို့ တပ် ကြပ်ကြီး မင်းသိန်းအပါအဝင် စစ်သား ၄ ဦး ရောက်ရှိ လာပြီး ကြံ့ဖွတ်ပါတီဝင် ခိုင်ဇော်ကို ဖမ်းဆီးကာ ကင်းတဲတွင် မတ်တတ်ရပ်ခိုင်းကြောင်း၊ ညနေ ၄ နာရီမှသာ ဖမ်းဆီးထားသူ ၂ ဦးစလုံးကို ပြန်လွှတ်ပေးလိုက်ကြောင်း ၊ အဆိုပါဖြစ်စဉ်တွင် ထိုးကြိတ်ခံလိုက်ရသည့် ကြံ့ဖွတ်ပါတီဝင်များက ဇွန်လ ၆ ရက်နေ့တွင် ၎င်းတို့ကို ရိုက်နှက်သော စစ်ဗိုလ်နှင့် စစ်သားများကို အရေးယူပေးရန် စစ်တပ်ကို တိုင်ကြားမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်နှင့်ရဲများ လုံခြုံရေး ပူးတွဲယူကြစဉ်။

Photo- Agency။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article