30 C
Yangon

တရုတ်စီမံကိန်းများ တည်ရှိနေသည့် ဒေသတွင်းနှင့် နယ်စပ်ချင်း ထိစပ်ရာ နိုင်ငံများတွင် တရုတ်ဆန့်ကျင်ရေးများ တိုးပွားလာနေ

Must read

By လမ်းသစ်

တရုတ်၏ အိမ်နီးချင်းနိုင်ငံများနှင့် BRI စီမံကိန်းရှိရာ နေရာများတွင် တရုတ်အပေါ် မလိုလားမှုနှင့် မကျေနပ်မှုတို့ တိုးပွား‌လာနေသည်။

အထူးသဖြင့် နိုင်ငံရပ်ခြား ရင်းနှီးမြှပ်နှံမှုနှင့် ပတ်သတ်သော တရုတ်၏ မူဝါဒနှင့် ဆောင်ရွက်နေမှုတို့သည် တရုတ်နိုင်ငံကိုသာ အကျိုးအမြတ် ပိုမိုရရှိစေခြင်းနှင့် ခွင့်ပြုခံနိုင်ငံများအပေါ် အကြွေးဝန် ပိစေခြင်းများ ဖြစ်ပေါ်စေခြင်း တို့ကြောင့် ဖြစ်သည်။

လက်ရှိတွင်လည်း တရုတ် ပါဝင်တည်ဆောက်နေသော လျှပ်စစ်ဓာတ်အား စီမံကိန်းအများစုမှာ တောင်အာရှ (၅၃)ရာခိုင်နှုန်း နှင့် အရှေ့တောင်အာရှ (၄၂)ရာခိုင်နှုန်း ရှိကြောင်း သတင်းများက ဖော်ပြနေသည်။

တရုတ်နိုင်ငံသည် သီရီလင်္ကာနိုင်ငံရှိ ကိုလမ်ဘိုဆိပ်ကမ်းတွင် အမေရိကန်ဒေါ်လာ (၁၄)ဘီလီယံတန် စီမံကိန်းကို အကောင်အထည်ဖော်ရန် ပြင်ဆင်နေပြီး မြေဧက (၁၀၀)ကျော်ကို (၉၉)နှစ် အဌားလုပ်ကိုင်ခွင့် ရရှိထားကြောင်း သတင်းများက ဖော်ပြထားသည်။

သီရိလင်္ကာနိုင်ငံသည် ကြွေးမြီထောင်ချောက်ကြောင့် စီးပွားရေးကျဆင်းကာ နိုင်ငံမှာလည်း ဒေဝါလီခံနေရသည့် အခြေအနေတွင် ရှိပြီး ကြွေးမြီအများဆုံး ထုတ်ချေးထားသည့် တရုတ်နိုင်ငံသည် နိုင်ငံအတွင်းရှိ ဆိပ်ကမ်းအပါအဝင် မြေနေရာများကို စီမံကိန်းလုပ်ကိုင်ရန် အကြောင်းပြချက်ဖြင့် သိမ်းယူရရှိထားသည်။

သီရိလင်္ကာနိုင်ငံ၏ စီးပွားပျက်ကပ် ဖြစ်ပွားမှုတွင် တရုတ်၏ ပါဝင်ပတ်သက်မှုများ ရှိသည် ဟု အခိုင်အမာ ယူဆထားကြပြီး လူထုအတွင်းလည်း မကျေနပ်မှုများ တိုးပွားနေသည်။

တရုတ်နိုင်ငံသည် ဖွံ့ဖြိုးဆဲနှင့် ထွန်းသစ်စ အာရှနိုင်ငံများ၏ စွမ်းအင်ကဏ္ဍများအတွက် ကြွေးမြီပေးခြင်း၊ ဆောက်လုပ်ရေးစီမံကိန်းများတွင် ပါဝင်ရင်းနှီးမြုပ်နှံ လုပ်ကိုင်ခြင်းများအပြင် လိုအပ်သည့် စက်ပစ္စည်း ကိရိယာများကို အဓိကတင်ပို့သည့် နိုင်ငံ ဖြစ်လာသည်။

သို့သော်လည်း တရုတ်တာဝန်ယူ တည်ဆောက်ပေးနေသော လာအိုနိုင်ငံရှိ လျှပ်စစ်ထုတ်လုပ်ရေးကဏ္ဍမှာ ကြွေးမြီပြသာနာတို့ကြောင့် တရုတ်ကုမ္ပဏီထံ မဟာဓါတ်အားလိုင်း စီမံခန့်ခွဲခွင့်ကို (၂၅)နှစ်အထိ လုပ်ကိုင်ခွင့် ပြုလိုက်ရပြီ ဖြစ်ကြောင်း ပြီးခဲ့သည့် ၂၀၂၂ခုနှစ် ဧပြီလကုန်ပိုင်းက နိုင်ငံတကာ RFA သတင်းဌာနက ရေးသားခဲ့သည်။

လာအိုသည် တရုတ်အကူအညီဖြင့် ရေအားလျှပ်စစ်စီမံကိန်းများကို အကောင်ထည်ဖော်ခဲ့သော်လည်း အကြွေးသာ ဝန်ပိလာပြီး နောက်ဆုံး လုပ်ပိုင်ခွင့်ကို တရုတ်ထံ ထိုးအပ်လိုက်ရရာ လာအိုနိုင်ငံ၏ လျှပ်စစ်မီးရရှိမှု အခြေအနေသည် တရုတ်ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။

လျှပ်စစ်မီးကို ထိန်းချုပ်နိုင်ခြင်းသည် နိုင်ငံတခု၏ စီးပွားရေး၊ လူမှုရေးနှင့် ပါတ်ဝန်းကျင်တိုးတက်မှုအပေါ် ထိန်းချုပ်နိုင်သည့် သဘောပင် ဖြစ်သည်။

တရုတ်သည် လာအို-တရုတ် အမြန်မီးရထားလမ်းစီမံကိန်းကို အမွှန်းတင်နေသော်လည်း လာအိုနိုင်ငံဘက်အခြမ်းတွင်မှု ကြွေးမြီးပြသာနာမှာ ကြီးမားသော ဝန်ထုတ်ဝန်ပိုး ဖြစ်လာစေသဖြင့် စိုးရိမ်နေရသည့် အခြေအနေကို ရင်ဆိုင်နေရကြောင်း သတင်းများက ဖော်ပြထားသည်။

လာအို-တရုတ် မီးရထားလမ်းစီမံကိန်းသည် တရုတ်နှင့် အာဆီယံနိုင်ငံများအကြား ကုန်သွယ်မှု ပြုလုပ်ရန် ရည်ရွယ်ခဲ့သော်လည်း လက်ရှိအချိန်ထိ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့နှင့် ချိက်ဆက်မိခြင်း မရှိသေးသည့်အပြင် စီးနင်းသူဦးရေ တစတစလျော့နည်းလာနေ၍ ရေရှည်တွင် ကြွေးမြီပိကာ တရုတ်မှ သိမ်းယူသည့် စီမံကိန်းတစ်ခုအဖြစ် ဖြစ်နိုင်ခြေ မြင့်မားလာနေသည်။

တရုတ်၏ BRI စီမံကိန်း၏ နောက်ကွယ်တွင် ကြွေးမြီထောင်ချောက်သည် အမြဲတစေ လိုက်ပါလာလေ့ရှိပြီး အာဖရိကရှိ နိုင်ငံအချို့သည် တရုတ်စီမံကိန်းများကို လက်ခံပြီး ချေးငွေ ရယူမိသည့်အတွက် ကြွေးမြီမဆပ်နိုင်ဖြစ်ကာ စီမံကိန်းနှင့် လုပ်ငန်းစီမံခန့်ခွဲခွင့်တို့ကို တရုတ်သို့ ထိုးအပ်ရသည့် ဖြစ်စဉ်များ တိုးလာနေကြောင်း သတင်းများက ဆိုသည်။

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံ(၆၈)နိုင်ငံသည် တရုတ်နှင့် ၎င်းမိတ်ဖက်များအပေါ် ၂၀၂၂ခုနှစ်အတွင်း ကြွေးမြီ အမေရိကန်ဒေါ်လာ (၁၄) ဘီလီယံနီးပါး ပေးချေရမည် ဖြစ်ကြောင်း အစီရင်ခံစာ တခုတွင် ဖော်ပြထားသည်။

စင်စစ် တရုတ်ကုမ္ပဏီများ တာဝန်ယူတည်ဆောက်နေသည့် ဒေသတွင်း စီမံကိန်းအများစုသည် တရုတ်၏ ချေးငွေများဖြင့်သာ လုပ်ကိုင်ခြင်း ဖြစ်ပြီး၊ လိုအပ်သည့် စက်ကိရိယာ၊ ပစ္စည်းများ၊ လူသားအရင်းအမြစ်များကို တရုတ်မှပင် တင်သွင်းခြင်းများကြောင့် အဆိုပါ ငွေကြေးများသည် တရုတ်ပြည်တွင်းကို ပြန်လည်စီးဝင်သွားပြီး တရုတ်အတွက် ပို့ကုန်အားကောင်းခြင်း၊ တရုတ်လုပ်သားများ အလုပ်အကိုင်အခွင့်အ‌ရေးရခြင်း နှင့် ပြည်ပတွင် ရင်းနှီးမြှုပ်နှံမှုကြောင့် ငွေကြေးရရှိမှု တိုးတက်လာခြင်းတို့ကို ရရှိစေသည်။

မကြာသေးမှီကပင် တရုတ်သည် ၎င်းနိုင်ငံသားများကို အလုပ်ပေးရန် နီပေါနိုင်ငံတွင်းသို့ ခေါ်သွင်းနေသည့် ဖြစ်စဥ်ပေါ်ပေါက်လာခဲ့ပြီး၊ နီပေါနိုင်ငံသားများမှာ အလုပ်လက်မဲ့ ဖြစ်နေကြရကြောင်း တွေ့ရှိခဲ့ရသည်ဟု နီပေါသတင်းဌာနတခုက ရေးသားခဲ့သည်။

နီပေါနိုင်ငံတွင်း၌ အင်ဂျင်နီယာအများအပြားမှာ အလုပ်အကိုင်များ ဆုံးရှုံးလျက်ရှိပြီး နိုင်ငံခြားသို့ ထွက်ခွာနေရချိန်တွင် အခြားတစ်ဖက်၌ တရုတ်နိုင်ငံသားအများအပြားသည် နီပေါနိုင်ငံရှိ စီမံကိန်းများတွင် အလုပ်ရနေကြသည် ဟု သတင်းများက ဆိုသည်။

ကာဇက်စတန်နိုင်ငံတွင်လည်း တရုတ်ရင်းနှီးမြှုပ်နှံမှုများကို ပြည်သူများက ၂၀၁၆ခုနှစ်မှ စတင်ကာ ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့ပြီး၊ နောက်ပိုင်းတွင်လည်း ဆက်လက်ဖြစ်ပေါ်မှုများ ရှိခဲ့ကြောင်း အစီရင်ခံစာတခုတွင် ဖော်ပြထားသည်။

တရုတ်၏ ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ (၃၇.၆) ဘီလီယံဖိုး ရှိကာ ကာဇက်စတန်တွင် မှတ်ပုံတင်ထားသော တရုတ်စီးပွားရေး လုပ်ငန်းပေါင်း (၁,၀ဝ၀) ကျော်ရှိသည်ဟု အဆိုပါ အစီရင်ခံစာက ဆိုသည်။

ထို့အပြင် ဥရောပရှိ တရုတ်စီမံကိန်းတချို့တွင် အလုပ်သမားများအပေါ် ခေါင်းပုံဖြတ်ခြင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုရှိလာခြင်းနှင့် တရုတ်နိုင်ငံဘက်မှ အမေရိကန် ဒေါ်လာ ဘီလီယံနှင့်ချီ ထုတ်‌ချေးပြီး ပါဝင်ပတ်သက်ခဲ့သော ကြွေးမြီထောင်ခြောက်များ ရှိ‌နေသည်ဆိုသော စွပ်စွဲမှုများ ထွက်ပေါ်လာခဲ့ကြောင်း BBC သတင်းဌာနက မေလ(၆)ရက်နေ့က ရေးသားထားသည်။

ဗီယက်နမ်တွင်လည်း နယ်စပ်ကုန်သွယ်မှုအပေါ် တရုတ်ဩဇာကြီးစီုးရန် ထိန်းချုပ်ခြင်း နှင့် တောင်တရုတ်ပင်လယ်တွင် အငြင်းပွားဖွယ် ပြသာနာများကြောင့် လွန်ခဲ့သော (၁၀)နှစ်ကျော်ကတည်းက တရုတ်ဆန့်ကျင်ရေးများ တိုးပွားလာခဲ့သည်ကို တွေ့ရသည်။

အလားတူ ဖိလစ်ပိုင်နိုင်ငံတွင်လည်း တရုတ်အပေါ် ပြည်သူများက ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်မှုများ တိုးပွားလာနေပြီး ယခုနှစ်အတွင်း အမေရိကန်လိုလားသော အစိုးရ ရွေးကောက်ပွဲအနိုင်ရလာမှုက သက်သေပြနေသည်။

အင်ဒိုနီးရှားနိုင်ငံသည်လည်း တရုတ်ပါဝင် ရင်းနှီးမြှုပ်နှံမည့် စီမံကိန်းများကို ပြန်လည်စဉ်းစားနေရပြီး မြို့တော်သစ်ကို ချိက်ဆက်မည့် လမ်းစီမံကိန်းတခုကိုလည်း တရုတ်အနေနှင့် လက်လွှက်ဆုံးရှုံးခဲ့ရသည်။

အိန္ဒိယနိုင်ငံသည်လည်း တရုတ်နိုင်ငံနှင့် နယ်စပ်ပြသာနာကြောင့် သွေးထွက်သံယို ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း တရုတ်အပေါ် ဆန့်ကျင်ရေး သိသိသာသာ မြင့်တက်လာသလို တရုတ်ထုတ် နည်ပညာသုံး ဂိမ်းများ၊ website များကိုလည်း ပိတ်ပင်ထားခဲ့သည်။

မြန်မာနိုင်ငံတွင်လည်း တရုတ်သည် နိုင်ငံရေး၊ စီးပွားရေးကဏ္ဍများတွင် ကြီးမားစွာ ပါဝင်ပါတ်သတ်နေပြီး အာဏာသိမ်းစစ်‌‌ကောင်စီကို ပံ့ပိုးကူညီ ရပ်တည်နေသည့်အတွက် ပြည်သူကြားတွင် မကျေနပ်မှု၊ မုန်းတီးမှုများ မြင့်တက်လာနေသည်။

အထူးသဖြင့် တရုတ်သည် နယ်မြေခြင်း ထိစပ်နေသည့် အိမ်နီးချင်းနိုင်ငံများနှင့် ၎င်း၏ BRI စီမံကိန်းများ တည်ရှိရာ နိုင်ငံများတွင် အာဏာလက်ဝယ်ရှိ အုပ်ချုပ်နေသည့် အစိုးရများကိုသာ ကိုယ်ကျိုးစီးပွားပေါ် အခြေခံပြီး ဆက်သွယ်ဆက်ဆံလေ့ရှိပြီး ဒေသခံပြည်သူများကို အစဥ်တစိုက် ပစ်ပါယ်ထားလေ့ရှိသည်။

တရုတ်သည် အဂတိအပေါ် အခြေခံပြီး သက်ဆိုင်ရာ အစိုးရများအပေါ်တွင် အတိုးနှုန်းမြင့်မြင့်ဖြင့် အကြွေးပေးခြင်း၊ နိုင်ငံရေးဩဇာ ထူထောင်ခြင်း တို့ကို ပြုလုပ်လေ့ရှိပြီး၊ တရုတ်ပို့ကုန်များ ရောင်းချရန် ဈေးကွက်ရှာခြင်း၊ တရုတ်လုပ်သားများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရန် ဖန်တီးခြင်း နှင့် သဘာဝပါတ်ဝန်းကျင်ကို ဖျက်ဆီးခြင်းတို့ကိုပါ ပြုလုပ်လေ့ ရှိသည့်အတွက် တရုတ်စီမံကိန်းများကို ပြည်သူအများစုက နှစ်သက်လိုလားမှု မရှိတော့ချေ။

ထို့အပြင် တရုတ်စီမံကိန်းအများစုသည် လက်ခံနိုင်ငံများအပေါ် အကြွေးနှင့် စီမံကိန်းအခွံသာ ကျန်ရှိစေသည့်အပြင် ကြွေးမြီထောင်ခြောက်တွင်း သက်ဆင်းခဲ့သည့် နိုင်ငံများတွင် စီမံကိန်း စီမံခန့်ခွဲခွင့်နှင့် ပိုင်‌ဆိုင်မှုတို့ကို အကြွေးဖြင့် သိမ်းယူခဲ့သည့် သဓက ဖြစ်စဥ်များကြောင့်လည်း ဒေသတွင်း နိုင်ငံများရှိ ပြည်သူများအကြား တရုတ်စီမံကိန်းများအပေါ် မလိုလားမှု၊ ကန့်ကွက်ဆန့်ကျင်မှု နှင့် မုန်းတီးမှုများ တဖြေးဖြေး တိုးပွားလာနေပြီ ဖြစ်ကြောင်း တင်ပြလိုက်ပါသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article