30.5 C
Yangon

ကျောက်တော်မြို့မရဲစခန်းမှ ဘီယာသောက်နေသည့် ရဲတပ်ဖွဲ့ဝင် ၃ ဦးကို AA ဖမ်းဆီး

Must read

Western News-ဇွန်၂၀ ရက်နေ့

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ၃ ဦးကို ဇွန် ၂၀ ရက်နေ့ ည ၆ နာရီ ဝန်းကျင်လောက်က ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ကျောက် တော် မြို့ခံမျက်မြင်သက်သေများက Western News ကိုပြောသည်။

ကျောက်တော်မြို့မ ရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသည့် ရဲအုပ် ၁ ဦး၊ ရဲတပ်ကြပ်ကြီး ၁ ဦးနှင့် ရဲတပ်သား ၁ ဦးတို့ကို မြို့မရဲစခန်းရှေ့တွင် ဘီယာသောက်နေသည်အချိန်တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း အမည်မဖော်လိုသည့် ကျောက်တော်မြို့ခံ မျက်မြင်တစ်ဦးက Western News ကို ပြောသည်။

“အဲ့ဒီမှာ ရဲတပ်သား သုံးယောက်ဖမ်းသွားတာဗျ။ ကျနော်သိရသလောကတော့ ရဲအုပ်တစ်ယောက်ရယ်၊ ပြီးတော့ ရဲတပ်သား ၂ ယောက်ရယ် ဖမ်းသွားတာ။ မြို့မစခန်းရှေ့က ဆိုင်မှာဖမ်းသွားတာပါ။ ဘီယာသောက်နေတဲ့အချိန်မှာ ဖမ်းသွားတာဗျ”ဟုပြောသည်။

Western News သတင်းဌာနက ဖမ်းဆီးခံရသည့် ရဲတပ်ဖွဲ့ဝင်များ၏ အမည်နှင့် နေရပ်လိပ်စာများကို စုံစမ်းနေဆဲဖြစ်ပြီး အသေးစိတ်အချက်အလက်များကို ထပ်မံ ဖော်ပြပေးသွားမည်ဖြစ်သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရအား ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပေ။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ ပုဏ္ဏားကျွန်းမြို့နှင့် မြောက်ဦးမြို့နယ်များတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ယခုတစ်ပတ်အတွင်း ၄ ဦးထက်မနည်း ရက္ခိုင့်တပ်တော်က AA က ဖမ်းဆီးခဲ့သည်။

ကျောက်တော်မြို့အခြေစိုက်စကခ ၉ က စစ်ကောင်စီတပ်သား၂ ဦးကို AA ဖမ်းဆီးပြီးနောက် စစ်ကောင်စီတပ်အင်အား ၁၂၀ခန့် မြို့အတွင်း ဝင်ရောက်မွှေနှောက်မှုဖြစ်ပွားခဲ့ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ချို့ကို ဖမ်းယူစစ်ဆေးမှုများရှိခဲ့သည်။

အလားတူပုဏ္ဏားကျွန်းတွင် ဇွန် ၁၆ ရက်နေ့က ဆောက်လုပ်ရေး ပစ္စည်းများဝယ်ရန်လာသည့် စစ်ကောင်စီတပ်သား ၁ ဦးကို ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်များက ဖမ်းဆီးနောက်ပိုင်းတွင် စစ်ကောင်စီက ပုဏ္ဏားကျွန်းမြို့ခံ ၁၂ ဦးထက် မနည်း ဖမ်းဆီးခေါ်ဆောင်သွားသည်။

ယင်းအပြင် ပုဏ္ဏားကျွန်းမြို့အခြေစိုက် ခမရ ၅၅၀ မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပုဏ္ဏားကျွန်းမြို့အတွင်း ဝင်ရောက်ကာသေနတ် ပစ်ဖောက်ခြင်းများပြုလုပ်ခဲ့ပြီး တစ်အိမ်ဝင် တစ်အိမ်ထွက် စစ်ဆေးမှုများ လုပ်ဆောင်ခဲ့သည်။

စစ်ကောင်စီတပ်သားများက AAတပ်ဖွဲ့ဝင်များကို ဖမ်းဆီးခဲ့၍ စစ်ကောင်စီတပ်သားများကိုလည်း ပြန်လည်ဖမ်းဆီးနေခြင်းဖြစ်ကြောင်း ဇွန်လ ၁၄ ရက်နေ့ကပြုလုပ်သည့် ULA/AA ၏ သတင်း စာရှင်း လင်းပွဲမှာ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောဆိုခဲ့သည်။

(Western News-WN သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article