30 C
Yangon

ဝက်လက် GZ အဖွဲ့မှ PDF ရဲဘော်  ၉ ဦးကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က ဖမ်းဆီးပြီးမှ  သတ်ဖြတ်၊ စစ်တပ် တပ်စွဲထားသည့်နေရာသို့ PDF များကို  လမ်းမှား ခေါ်ဆောင်သွားမှုကြောင့်ဖြစ်ပြီး  ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေဟု အဖွဲ့ခေါင်း ဆောင်ပြော

Must read

ရန်ကုန်၊ ဇူလိုင် ၁ 

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ဝက်လက် GZ အဖွဲ့မှ PDF ရဲဘော် ၉ ဦး ဇွန်လ ၂၉ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီ၏ ဖမ်းဆီးခံရကာ သတ်ဖြတ်ခံလိုက်ရကြောင်း ဝက်လက် GZ အဖွဲ့မှ အဖွဲ့ခေါင်းဆောင် ကို GZ က ရန်ကုန်ခေတ်သစ်သို့ အတည်ပြုပြောကြားသည်။ 

အကြမ်းဖက်စစ်ကောင်စီ၏ ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရသည့် PDF ၉ ဦးမှာ မိန်းကလေး ၄ ဦး ၊ ယောက်ျားလေး ၅ ဦးပါ အဖွဲ့ဖြစ်ပြီး ဆေးဝါးကုသမှု သင်တန်းသွားရန် အောင်စည်ကျေးရွာသို့ အသွားတွင် ဖမ်းဆီး သတ်ဖြတ်ခံလိုက်ရခြင်းဖြစ်သည်။ 

“မိန်းကလေးက လေးယောက် ၊ ယော်ကျားလေးက ငါးယောက်ပါ။ ၂၉ ရက်နေ့မှာ ကလေးတွေကို စစ်သင်တန်းသွားဖို့ လိုက်ပို့တာ ။ ကလေးတွေက အောင်စည်ရွာအထိ သွားရမှာ ။ ကျွန်တော်ကိုယ်တိုင် လိုက်ပို့တာ သံတိုင်ကွေ့ရွာအထိ။ အနောက်ခြမ်းအဖွဲ့တွေနဲ့ ဖုန်းဆက်ပြီး အဲ့ဘက်ကပ်မောင်းလို့ရလား လမ်းကြောဘာညာရှင်းလားဆိုပြီးမေးခဲ့ရတယ်။  သံတိုင်ကွေ့ဆိုတာက ရွှေဘို-မန္တလေးလမ်းပေါ်။ သူတို့က အောင်စည်ဘက်ကို အထိသွားရမှာ ။ အောင်စည်နဲ့ သူတို့ထွက်သွားတဲ့ နေရာနဲ့က ၃၅ မိနစ်လောက်တောင် မမောင်းရပါဘူးဗျာ။ ကျွန်တော် ပြန်လာတော့ ထမင်းဝင်စားရင်း စိတ်မချတော့ ကလေးတွေကို ဖုန်းဆက်လိုက်တော့ ကလေးတွေက မိသွားပြီ။ သူတို့ ဖုန်းကို သိမ်းထားတာဗျ။ တခြား အဖွဲ့က လူတွေက စစ်ဆေးနေတဲ့ အသံတွေကြားရတယ်။ အထုပ်တွေ သေချာစစ် သေနတ်ပါလား ဘာညာနဲ့ အဲလိုတွေ ကြားရတယ်” ဟု ကိုGZ က ပြောသည်။  

နောက်ဆုံး သတင်းရချက်အရ ဖမ်းဆီးခံ PDF များသည် အောင်စည်သို့ မရောက်ဘဲ သံတိုင်ကွေ့မှ စစ်တပ်တပ်စွဲထားသော ပလိုင်းရွာစာသင် ကျောင်းထဲသို့ ဝင်ရောက်သွားခြင်းဖြစ်ကြောင်း၊ အဆိုပါ ပလိုင်းရွာတွင် အကြမ်းဖက်စစ်ကောင်စီ တပ်စွဲထားသည်မှာ တစ်နှစ်ရှိပြီဖြစ်ကြောင်း ဝက်လက် GZ အဖွဲ့ထံမှ သိရှိရသည်။ 

“ကလေးတွေက ပလိုင်းစာသင်ကျောင်းထဲကို ဝင်သွားပြီ။ အဲ့မှာ သေနတ်သံလည်း ကြားရတယ်။ ကလေးတွေက စာသင်ကျောင်းထဲကို တန်းပြီး ဝင်သွားတာတဲ့။ ပလိုင်းဆိုတာက ပြောမယ်ဆိုရင် ကျွန်တော်တို့ သွားမယ့် လမ်းနဲ့ တခြားစီပဲဗျ။ တစ်ဆက်တည်းပေမယ့် မြင်းခြံရွာရောက်ရင် အနောက်ချိုးရမှာ အောင်စည်က ။ တန်းသွားလို့ရှိရင် ခွန်ဆိပ်ရောက်မယ်။ ခွန်ဆိပ်ပြီးမှ ပလိုင်းရောက်မယ်။ ကျွန်တော့် ကလေးတွေက အဲ့ဘက်ကို သိလည်း မသိဘူး။ သွားလည်း မသွားတတ်ဘူး ။ အဲဒီ ၉ ယောက်ထဲမှာ အောင်စည် ရောက်ဖူးတဲ့ ကလေးက လေးယောက်လောက်ပါတာ ဖြစ်တဲ့အတွက် ကျွန်တော်က သံတိုင်ကွေ့ကနေ စိတ်ချပြီး ပို့လိုက်တာပေါ့ဗျာ။ လမ်းမှာလည်း PDF အဖွဲ့အချင်းချင်းက အချိတ်အဆက်ရှိတယ်ဆိုတော့ ။ ခွေးတွေက ပလိုင်းမှာ တပ်စွဲထားတာ တစ်နှစ်ကျော်ပြီ။ အကောင် ၂၀ လောက်က အမြဲတမ်းတပ်စွဲထားတယ်။ နောက်ဆုံးကြားတာတော့ လူတစ်ယောက်က သူတို့ကို အဲဒီထဲပလိုင်းထဲ ပို့လိုက်တာ ။ အဲဒါလိုက်နေတာ။ အဲဒါ ဘယ်လိုချိတ်ပြီး ပလိုင်းထဲ ထည့်လိုက်တာလဲပေါ့။ ပလိုင်းနဲ့ သံတိုင်ကွေ့နဲ့က မိနစ် ၃၅ မိနစ် ၊ ၄၀ လောက် ခပ်သွက်သွက်စီးမှ ရောက်တာ ။ ဒါပေမဲ့ ၁၅ မိနစ်လောက်အတွင်းမှာ ကျွန်တော့် ကလေးတွေက ကြားမှာ ဖြတ် အဖမ်းခံရတယ်ဆိုတော့ စဉ်းစားစရာတွေ ဖြစ်တာပေါ့။ အဲ့လို ဖမ်းခံရတော့ သတင်းတွေက အမျိုးမျိုးထွက်တာပေါ့ဗျာ။ ၂ ယောက်လွတ်တယ်။ ၃ ယောက် လွတ်တယ်။ ကျန်တဲ့ လူတွေက အသတ်ခံရတယ်ပေါ့။ ကျွန်တော်တို့က မယုံနိုင်ဘူး။ အခုကတော့ ပုံတွေက တက်လာပြီး ကျင်းထဲမှာ ခွေးတွေက ပစ်သတ်ထားတဲ့တာ ၉ ဦးလုံးကို” ဟု ဝက်လက်GZ ခေါင်းဆောင်က  ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။ 

လက်ရှိအချိန်တွင် အဆိုပါ PDF ၉ ဦး မည်သည့်အတွက်ကြောင့် ပလိုင်းရွာထဲ ရောက်သွားသည်ကိုမူ စုံစမ်းနေဆဲ ဖြစ်ကြောင်း ဝက်လက် GZ အဖွဲ့ထံမှ သိရှိရသည်။

စစ်တပ်က ဖမ်းဆီးသတ်ဖြတ်လိုက်သူများမှာ အသက် ၁၄ နှစ်အရွယ် မပပခိုင်၊ အသက် ၁၅ နှစ်အရွယ် မဝင်းအိကျော်၊ အသက် ၂၄ နှစ်အရွယ် မနိုင်နိုင်အောင်၊  အသက် ၃၄ နှစ်ရွယ် မသစ်သစ်လှိုင်၊ အသက် ၁၇ နှစ်အရွယ် ကိုဖိုးထောင်၊ အသက် ၁၇ နှစ်အရွယ် ကိုဘုန်းကျော်၊ အသက် ၂၁ နှစ်အရွယ် ကိုသိန်းသန်းဦး၊ အသက် ၂၇ နှစ်အရွယ် ကိုအောင်ကျော်မိုးနှင့် အသက် ၂၇ နှစ်အရွယ်  ကိုဖိုးငြိမ်းတို့ဖြစ်ကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article