30 C
Yangon

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် AA တပ်ဖွဲ့ဝင် ၆ ဦး ကျဆုံး

Must read

ရန်ကုန်၊ ဇူလိုင် ၅ ရက်

ဇူလိုင်လ ၄ ရက်နေ့၊ နေ့လယ် ၁၂ နာရီ ၂၅ မိနစ်အချိန်တွင် မြန်မာ-ထိုင်းနယ်စပ်အနီး၊ ကရင်ပြည်၊ KNLA တပ်မဟာ (၅) ဧရိယာထဲရှိ ရက္ခိုင့်တပ်တော်၊ တပ်စခန်းတစ်ခုအား စစ်ကောင်စီတပ်၏ ဂျက်တိုက်လေယာဉ် (၂) စီးဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် AA တပ်ဖွဲ့ဝင် ၆ ဦး ကျဆုံးခဲ့ကြောင်း ယနေ့ဇူလိုင် ၅ ရက်နေ့ ထုတ်ပြန်သည်။

၄င်းစခန်းအနီးပတ်ဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားမှုတစ်စုံတရာမရှိဘဲ စစ်ကောင်စီဖက်မှ ဂျက်တိုက်လေယာဉ်နှစ်စီးဖြင့် လာရောက်ပစ်ခတ်ခြင်းမှာ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခြင်းဖြစ်သည်ဟု ရက္ခိုင့်တပ်တော် (AA)၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက Western News ကို ပြောသည်။

ယင်းအပြင် ၎င်းစခန်းအတွင်းရှိ ဆေးရုံ၊ ဆေးခန်း၊ စက်ချုပ်စက်ရုံအပါအဝင် အဆောက်အအုံအချို့ ပျက်စီး ဆုံးရှုံးခဲ့ပြီး စစ်ကောင်စီ၏ အဆိုပါ ဂျက်တိုက်လေယာဉ် ၂ စီးသည် နယ်စပ်အနီးရှိ မိမိတို့၏တပ်စခန်းအား မြန်မာဖက်(ကရင်ပြည်ထဲ)မှ ရုတ်တရက် ဗုံးကြဲတိုက်ခိုက်ပြီးနောက် ထိုင်းနိုင်ငံလေပိုင်နက်အတွင်းသို့ ဝင်ရောက်သွား ခဲ့သည်ဟုလည်း AA ၏ ယမန်နေ့က ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၁၉ ရက်နေ့ကလည်း ကချင်ပြည်နယ်၊ လိုင်ဇာတွင် ဖွင့်လှစ်ထားသော ကေအိုင်အေဗိုလ်သင်တန်းကျောင်းကို စစ်ကောင်စီဖက်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဗိုလ်လောင်း ၂၃ ဦး ကျဆုံးသွားခဲ့သည်။

ကျဆုံးသွားသော ဗိုလ်လောင်း ၂၃ ဦးမှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)မှ ၁၁ ဦး၊ ရက္ခိုင့်တပ်တော် (AA) မှ ၈ ဦး၊ ချင်းအမျိုးသားတပ်ဦး (CNF) မှ ၂ ဦးနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မှ ၂ ဦးတို့ဖြစ်ကြသည်။

(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article