29 C
Yangon

ပြည်ထဲရေးဝန်ကြီး စိုးထွဋ် မိန်းမ နီလာစိန် ပေးတဲ့ ဒုက္ခနဲ့ စီးပွာရေး သောင်း ကျန်းမှု အရာရှိကတော်တွေနဲ့ ဝန်ထမ်း အမျိုးသမီးတွေ ခါးစည်း ကြိတ်မှိတ်ခံနေရ

Must read

ရန်ကုန်၊ ဇူလိုင် ၉

အကြမ်းဖက်စစ်ကောင်စီ အဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီး ဖြစ်နေတဲ့ စိုးထွဋ် မိန်းမ နီလာစိန်က ယောင်္ကျားဖြစ်သူရဲ့ အရှိန်အဝါကို အသုံးချပြီး စီးပွားရှာတဲ့အပြင် ဝန်ကြီးဌာန အရာရှိ ကတော်တွေနဲ့ ဝန်ထမ်း အမျိုးသမီးတွေ ကိုလည်း သူ့နောက်လိုက် အဖြစ် ထင်သလို ခြယ်လှယ်နေတဲ့အတွက် ကတော်တွေ ခါးစည်း ကြိတ်မှိတ်ခံနေရတယ်လို့ ဝန်ကြီးဌာန သတင်းရပ်ကွက်က ပြောပါတယ်။

NLD အစိုးရလက်ထက် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလမှာ ပြည်ထဲရေးဝန်ကြီး ကျော်ဆွေ အနားပေးခံရပြီး စိုးထွဋ်က ဝန်ကြီးဖြစ်လာခဲ့တာပါ။ အဲဒီအချိန်က ဝန်ကြီးမိန်းမ နီလာစိန်က အင်မတန်မှ အေးဆေးငြိမ်သက်စွာ နေခဲ့ပေမယ့် မင်းအောင်လှိုင် အာဏာသိမ်းလိုက်တဲ့အချိန်မှာတော့ နီလာစိန်က ဝန်ကြီးဌာန အရာရှိ ကတော်နဲ့ ဝန်ထမ်း အမျိုးသမီးတွေမှန်သမျှကို သူ့အနား ခေါ်ယူပြီး ခိုင်းစေမှုတွေ လုပ်လာတယ်လို့ ဆိုပါတယ်။

နီလာစိန်က သူနဲ့အကျိုးတူပူးပေါင်းတဲ့၊ သူရှယ်ယာပါထားတဲ့ စျေးဆိုင်တွေ၊ ကုမ္ပဏီတွေ၊ လုပ်ငန်းတွေမှာ ဝန်ကြီး ဌာန ဆိုင်ရာ ကိစ္စတွေ၊ ယူနီဖောင်း ချုပ်တာတွေ၊ ဝန်ကြီးဌာနအလှူအတွက် အစားအသောက်မှာတာတွေ လုပ်ခိုင်းတဲ့အပြင် ကတော်တွေ မှန်သမျှ သူ့ဆီကို အလှည့်ကျ လာရောက် တွေ့ဆုံ ခိုင်းတာလုပ်ရတယ်လို့ သိရပါတယ်။

“ဝန်ကြီးဌာန တူညီဝတ်စုံ ယူနီဖောင်းချုပ်တဲ့ကိစ္စတွေ၊ နောက်ပြီး ဒီနှစ်သင်္ကြန်မှာ အင်္ကျီဆင်တူ ဝန်ကြီးဌာန သင်္ကြန်အတွက် ချုပ်ရတာတွေ၊ ဌာနအတွက် ပိတ်စ အဝတ်အထည် ဝယ်ရတာတွေ ၊ ဝန်ကြီးဌာန အလှူအတွက် အစား အသောက် မှာရတဲ့ ကိစ္စတွေ အဲဒီလို ကိစ္စတွေက အစ သူက စီမံတယ်။ သူ့မှာခိုင်းတဲ့ဆိုင်၊ လုပ်ငန်း၊ ကုမ္ပဏီတွေမှာ ရတယ်။ အဲဒါတွေကလည်း သူ့နဲ့ပတ်သက်ထားတဲ့ဟာတွေချည်းပဲ။ ဌာနအရာရှိ ကတော်တွေကို သူ့ အခြွေအရံ အဖြစ် အနားခေါ်ထားတယ်။ အလှည့်ကျ။ ကတော်တွေကလည်း သူတို့လင်တွေ ရာထူးတိုးချင်တော့ သူ့ဆီသွားရတယ်” လို့ ဝန်ကြီးဌာန သတင်းရင်းမြစ်က ပြောပါတယ်။

ဒါ့အပြင် နီလာစိန် ခေါင်းဆောင်ပြီး ကတော်တွေ အစုလိုက် အပြုံလိုက် ပြည်တွင်း ပြည်ပ စျေးဝယ်ထွက်တာ၊ ဘုရားဝတ်ပြုတာ၊ စကား၀ိုင်းလုပ်တာ၊ ဘုရားဖူးထွက်တာတွေလည်း လုပ်ဆောင်ပါတယ်။ အဲဒီလို အုပ်စုလိုက် သွားလာ လှုပ်ရှားရတဲ့ လှုပ်ရှားမှုတွေနဲ့ စျေးဝယ်ထွက်ချိန်မှာ နီလာစိန် ဝယ်သမျှကို ကတော်တွေက ငွေကြေးစုဆောင်း လိုက်လံ အကုန်ခံ ရှင်းရတယ်လို့ ဆိုပါတယ်။

“ကတော်တွေက ဝန်ကြီးကတော် အတွက် သူတို့ယောင်္ကျားတွေက ငွေတောင်းထားရတယ်။ သီတင်းကျွတ်ဆိုလည်း သီတင်းကျွတ်၊ သင်္ကြန်ဆိုလည်း သင်္ကြန်၊ တန်ဆောင်တိုင်ဆိုလည်း တန်ဆောင်တိုင် ပွဲအချိန်တွေသာမကဘူး၊ နိုင်ငံခြားစျေးဝယ်ထွက်တယ်။ သူစီးပွားရေးလုပ်ထားတဲ့ဆိုင်တွေမှာ မဝယ်မနေရ ဌာနတူညီဝတ် ပိတ်၊အဝတ်ထည်၊ယူနီဖောင်းများ အင်အားရှိသလောက်မယူမနေရလုပ်တာ။ မယူရင် စိတ်ဆိုးပြီး ကတော်တွေရဲ့ လင်တွေကို ရာထူးတွေ ဟိုပြောင်းဒီပြောင်း သူလုပ်တယ်” လို့ ပြည်ထဲရေးသတင်းရင်းမြစ်က ဆိုပါတယ်။

ဒါ့အပြင် ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ ထွေ/အုပ် ဦးစီးဌာနရဲ့ တည်ဆောက်ရေးလုပ်ငန်းတွေ၊ ‌ရဲတပ်ဖွဲ့ လိုင်းခန်း ဆောက်လုပ်တာ၊ အကျဉ်းဦးစီးဌာန ဆိုင်ရာ ဆောက်လုပ်ရေးလုပ်ငန်းတွေ အပါအဝင် ဦးစီးဌာနရဲ့ တင်ဒါတွေ ကို လိုချင်သူ လုပ်ငန်းရှင်မှန်သမျှကလည်း နီလာစိန်ဆီ လာရောက် ကန်တော့ လက်ဆောင်ငွေကြေးပေးရတယ်လို့ သိရပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ဘဏ္ဍာရေး၊ ငွေကြေး ဆိုင်ရာ အတော်များများကို နီလာစိန်က ဝင်ရောက်စွက်ဖက်ခန့်ခွဲပြီး ရန်ပုံငွေ သုံးစွဲမှု ၊ စာရင်းကိစ္စတွေက အစ ဝင်ပါနေတာလို့ ဆိုပါတယ်။ သက်ဆိုင်ရာ ဦးစီးဌာန အရာရှိကြီးတွေအနေနဲ့ ဝန်ကြီးကတော် ကိုယ်တိုင် ဝင်ရောက်ပြီး စာရင်းဇယားနဲ့ ဘဏ္ဍာရေးကိစ္စတွေမှာ စွက်ဖက်မှုတွေအပေါ်မှာ ဘာမှ မပြောနိုင်ဘဲ ပါးစပ်ပိတ်နေရတယ်လို့ ဆိုပါတယ်။

အရာရှိကတော်တွေကတော့ သူတို့ရဲ့ လင်သားတွေ ရာထူး မပြုတ်ရေး ၊ ရာထူးတည်မြဲရေးနဲ့ နေရာကောင်း ရရှိဖို့အတွက် နီလာစိန်ခိုင်းသမျှ ကြိတ်မှိတ်လုပ်ကြရတယ်လို့ ဆိုပါတယ်။

“ဝန်ကြီးကတော် စျေးဝယ်ထွက်ရင်လည်း မလိုက်မနေရ။ ဝန်ကြီးကတော်ရဲ့ အောက်ခြေသိမ်းကအစ မမ မမ နဲ့ခေါ်ပြီးလုပ်ပေးရတာ။ ကိုယ့်လင်ရာထူးတိုးဖို့ နေရာကောင်းရဖို့ ရာထူးတည်မြဲဖို့ ကြိတ်မှိတ်ပြီး ခံနေကြတာပဲ” လို့ အခြေအနေကို သိရှိထားတဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

နီလာစိန်က ဝန်ထမ်းတွေနဲ့ ကတော် အမျိုးသမီးတွေရဲ့ ပုဂ္ဂလိက ဘ၀တွေကိုပါ ဝင်ရောက်စွက်ဖက်လာပြီး ဝန်ကြီး ဌာန ဝန်ထမ်းအမျိုးသမီးတွေ၊ ကတော်တွေရဲ့ မျက်ခုံး တက်တူးထိုးဖို့ ကိစ္စ၊ ထိုးရမယ့် ဆိုင်ကို လိပ်စာပေးပြီး သွားထိုးခိုင်းတဲ့အထိကို ဝင်ရောက်စွက်ဖက်တယ်လို့ ဆိုပါတယ်။

” သူ့နောက်လိုက် ကတော်တွေ၊ နေပြည်တော်ပြည်ထဲရေးဝန်ကြီးဌာန ဌာနတွင်း ဝန်ထမ်း အပျို၊ အပျိုကြီးတွေကို သူက ဆိုင်လိပ်စာတစ်ခုပေး‌ပြီး မျက်ခုံးမွှေး တက်တူး ထိုးရမယ်ဆိုပြီး သွားထိုးခိုင်းတယ်။ နီလာစိန်ကိုယ်တိုင်ကလည်း မျက်ခုံးမွှေးတက်တူးထိုးထားတယ်။ ဌာနတွင်း အမျိုးသမီးတွေမှာ မျက်ခုံးမွှေး ရှိရဲ့သားနဲ့ နီလာစိန် အမွှေးမပေါက်လို့ မျက်ခုံး တက်တူးထိုးသလို အကုန်လိုက်ထိုးရတယ်။ ဝန်ကြီးကတော်ကိုယ်တိုင် ဆိုင်လိပ်စာပေး‌ပြီး ထိုးခိုင်းတာဆိုတော့လည်း သွားထိုးကြရတယ်။ အဲဒီလောက်ကို ပုဂ္ဂလိက ဘ၀တွေကိုပါ စွက်ဖက်လာတာ” လို့ နေပြည်တော် ပြည်ထဲရေးသတင်းရင်းမြစ်ကဆိုပါတယ်။

စိုးထွဋ်နဲ့နီလာစိန်မှာ မင်းသန်းထွဋ်၊ စိုးမင်းထွဋ်၊ စည်သူထွဋ် သား ၃ ဦးရှိပြီး စိုးထွဋ်သားတွေက စီးပွားရေး လုပ်ကိုင်မှုရှိကြတာပါ။ ဆောက်လုပ်ရေးလုပ်ငန်း၊ ခရီးသွားလုပ်ငန်း တွေအပြင် Heart to Heart စားသောက်ဆိုင် (ဟဲဟိုး)၊ Haze Miracle Vape House၊ ထန်းတပင် – ရွှေရောင်တောက် ပဲဆီသန့်၊ N & S Fashion Online Shop၊ မဟာမြိုင်ဆေးရုံ (စမ်း ချောင်း) လုပ်ငန်းတွေ လုပ်ကိုင်တယ်။

စိုးထွဋ်ရဲ့ သား အလတ် စည်သူထွဋ်က သောက်စား မူးယစ်ပြီး အဖေဖြစ်သူ ရာထူးအရှိန်အဝါနဲ့ မကြာခဏဆိုသလို ရန်ဖြစ် ထိုးကြိတ် အနိုင်ကျင့်တာတွေ လုပ်ဆောင်သူလည်းဖြစ်ပါတယ်။

ဓာတ်ပုံ- ပြည်ထဲရေးဝန်ကြီး စိုးထွဋ်နဲ့ ဒေါ်နီလာစိန်။

Photo – Original uploader

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article