29.6 C
Yangon

အကြမ်းဖက် မင်းအောင်လှိုင်ကို ဂျပန်ဝန်ကြီးချုပ်ဟောင်း နာရေး တက်ရန် ဖိတ်ကြားမှု အပါအဝင် ဂျပန်အစိုးရ၏ မြန်မာ့နိုင်ငံရေးအပေါ် မပြတ်မသား ရပ်တည်နေမှုကို ဂျပန် မြို့ကြီး ၈ မြို့တွင် ဆန့်ကျင် ကန့်ကွက်ဆန္ဒပြမည်

Must read

ရန်ကုန်၊ ဇူလိုင် ၂၂

အကြမ်းဖက် မင်းအောင်လှိုင်ကို ဝန်ကြီးချုပ်ဟောင်း နာရေး တက်ရန် ဖိတ် ကြားမှု အပါအဝင် ဂျပန်အစိုးရ၏ မြန်မာ့နိုင်ငံရေးအပေါ် မပြတ်မသား ရပ်တည်နေမှုကို ဂျပန် မြို့ကြီး ၈ မြို့တွင် ဆန့်ကျင် ကန့်ကွက်ဆန္ဒပြမည်ဖြစ်ကြောင်း သိရှိရသည်။

ဂျပန်နိုင်ငံရောက် နွေဦးတော်လှန်ရေး အင်အားစုများက ဂျပန် အစိုးရထံက မြန်မာ့နိုင်ငံရေးနှင့် ပတ်သက်ပြီး ပြတ်သား တိကျစွာ ရပ်တည်ရန် ဇူလိုင်လ ၂၄ ရက်နေ့တွင် ဂျပန်နိုင်ငံရှိ မြို့ကြီး ၈ မြို့၌ တပြိုင်နက်တည်း ဆန္ဒထုတ်ဖော်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို Tokyo၊ Osaka၊ Nagoya၊ Shizuoka၊ Okayama၊ Fukuoka (Saga မြို့မှသွားရောက်ပူးပေါင်းမည်)၊ Hokaido နှင့် Okinawa မြို့များတွင် တပြိုက်နက်တည်း ပြုလုပ် သွားမည်ဖြစ်ပြီး ဂျပန်အစိုးရ၊ ဂျပန် မီဒီယာများနှင့် သက်ဆိုင်ရာ ဒေသအစိုးရများထံသို့ အိတ်ဖွင့်ပေးစာ ထုတ်ပြန်ချက် ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

ဂျပန် အစိုးရအဖွဲ့ ဝန်ကြီးချုပ် Mr. Fumio Kishida အနေဖြင့် မြန်မာ့အရေး ကိစ္စနှင့် ပတ်သက်၍ ပြတ်သားတိကျ သော လက်တွေ့လုပ်ဆောင်မှုများပြုလုပ်ကူညီပေးရန်၊ မြန်မာစစ်တပ်၏ အဓမ္မအာဏာသိမ်းယူမှုအောက်တွင် မြန်မာပြည်သူလူထု၏ လူ့အခွင့်အရေးများ ဆိတ်သုဉ်းနေခဲ့ရသည်မှာ ၁နှစ်ခွဲပြည့်နေပြီး ဖြစ်ကြောင်း၊ စစ်ကောင်စီသည် ပြည်သူ့အစိုးရ၏ ဒီမိုကရေစီလမ်းကြောင်းကိုဖျက်စီးကာ အကြမ်းဖက်လုပ်ရပ်များ ပြုလုပ်ပြီး လူ့အခွင့်အရေးတွေကို တောက်လျောက်ချိုးဖောက်ကျူးလွန်နေသောကြောင့် ပြည်သူလူထူမှာ ဆင်းရဲပင်ပန်းကြီးစွာနေထိုင်နေရကြောင်း အိတ်ဖွင့်စာပေး၍ တိုက်တွန်းထားသည်။

စစ်ကောင်စီ အုပ်စု၏ ဥပဒေမဲ့ အကြမ်းဖက် လုပ်ရပ်များအား ပြည်သူလူထု တရပ်လုံးက နာကျည်းခံပြင်းသောကြောင့် ရရာနည်းလမ်း ပုံစံမျိုးစုံနှင့် ဆန့်ကျင်တော်လှန်နေသည်မှာ ယနေ့အချိန်ထိဖြစ်ကြောင်း၊ စစ်အုပ်စုသည် အာဏာ သိမ်းလိုက်နိုင်သော်လည်း တိုင်းပြည်ကို မအုပ်ချုပ်နိုင်သေးကြောင်း၊ အုပ်ချုပ်လို့လည်း မရကြောင်း၊ ဂျပန်အစိုး၏ မြန်မာပြည်အပေါ်ထားရှိသည့် သဘောထားသည်လည်း ယနေ့အချိန်ထိ ပြတ်သားမှုမရှိဘဲ အာဏာသိမ်း အကြမ်းဖက် စစ်အုပ်စုနှင့် ပိုမိုပတ်သက်လာနေကြောင်းကို စိတ်မကောင်းစွာ မြင်တွေ့နေရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာပြည်သူ လူထုကို သတ်ဖြတ်နေသည့် စစ်တပ်မှစစ်သားများအား ခေါ်ယူ ပညာသင်ပေးနေမှု၊ စစ်တပ်၏ သတင်းထုတ်ပြန်ပွဲများတွင် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး တက်ရောက်နေမှု၊ စီးပွါးရေးရင်းနှီးမြှပ်နှံမှုများ ဆက်လက် လုပ်ဆောင်နေမှု၊ စစ်တပ်ရဲ့လက်တံသဖွယ်လုပ်ဆောင်နေသော မြန်မာ့ဒီမိုကရေစီရေးကိုအနှောက်အယှက်ဖြစ်စေသည့် Mr. Sasagawa (Nippon Foundation) ၏ လုပ်ရပ်များ၊ စစ်တပ်ဆီ စီးဆင်းနေသော ODA လုပ်ငန်းမှ ဝင်ငွေများ၊ Mr. Watanabe (Japan Myanmar Association) ၏ အကြမ်းဖက် စစ်တပ် အပေါ် ထောက်ခံ ကူညီနေမှုများ၊ လူသားချင်းစာနာမှုဆိုင်ရာအကူအညီများအား စစ်တပ်မှတဆင့် ဖြတ်သန်းစီးဆင်းနေမှု စသည့် အချက်များမှာ အကြမ်းဖက် စစ်တပ်ကို အားဖြည့် ကူညီပေးရာ ရောက်နေသောကြောင့် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများမှ ပြင်းပြင်းထန်ထန်ဆန့်ကျင်ကန့်ကွက်ရှုတ်ချသည်ဟု ဂျပန်ရောက် နွေဦးတော်လှန်ရေး အင်အားစုများက ဆိုကြသည်။

ထို့ကြောင့် ဂျပန် အစိုးရ အနေဖြင့် လွှတ်တော်၂ရပ်မှ အတည်ပြုထားသည့် မူကြမ်းကို လေးစားလိုက်နာအကောင်အထည်ဖော် ပေးရေး၊ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများကို NUGနှင့် မိတ်ဖက်အဖွဲ့အစည်းများမှသာတဆင့် ကူညီပေးရေး၊ ODA လုပ်ငန်းများမှ စစ်တပ်ဆီသို့ ငွေများ စီးဆင်းနေမှုကို ချက်ချင်းဆိုင်းငံ့ထားပေးရေး၊ စစ်ကောင်စီနှင့် ဆက်စပ် လုပ်ကိုင်နေသည်များနှင့် စစ်သားများ ခေါ်ယူ ပညာသင်ကြားပေးနေသည်များကို ရပ်တန့်ပေးရေး၊ လူ့အခွင့်အရေးကို ဘယ်သောအခါမှ မလေးစားဘဲ စဉ်ဆက်မပြတ်ချိုးဖောက်နေသည့် စစ်တပ်ကို ပိတ်ဆို့ Sanction လုပ်ပေးရေး၊ မြန်မာနိုင်ငံ၏ ပြည်တွင်း အခြေအနေ မတည်ငြိမ်မှုများကြောင့် အရေးပေါ် ကယ်ဆယ်ရေး အစီအစဉ် အနေဖြင့်၊ ဂျပန်နိုင်ငံတွင်နေထိုင်သော မြန်မာလူမျိုးများ အတွက် ဂျပန်နိုင်ငံလူဝင်မှု ကြီးကြပ်ရေး၏ သတ်မှတ်ချက် အချို့ကို ပြောင်းလဲပြင်ဆင်ပေးရေးနှင့် NUG ကို အသိအမှတ်ပြုပြီး NUG Japan ကိုယ်စားလှယ်နှင့် ချိတ်ဆက်လုပ်ကိုင်ပေးရေး စသည့် အချက် ၇ ချက်ကို ဂျပန်နိုင်ငံရောက် နွေဦးတော်လှန်ရေး အင်အားစုများမှ ဂျပန် အစိုးရထံ အိတ်ဖွင့်ပေးစာ ထုတ်ပြန်ချက် ပေးပို့ကာ တောင်းဆိုသွားမည် ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- အကြမ်းဖက် မင်းအောင်လှိုင်။

Photo- AP

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article