28 C
Yangon

မကွေးမြို့မစျေးတွင် လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲနေ့ စျေးသည်များ သံပုံးတီး၍ စျေးရောင်းချခွင့် စစ်တပ်က ပိတ်ပင်၊ သံပုံးစတီးသူ ဖော်ထုတ်ပေးလျှင် စျေးရောင်းခွင့်ပေးမည်ဟု စစ်တပ် ကမ်းလှမ်းသော်လည်း စျေးသည်များက မဖော်ထုတ်

Must read

ရန်ကုန်၊ ဩဂုတ် ၁

မကွေးတိုင်း၊ မကွေးမြို့၊ မြို့မစျေးတွင် လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲနေ့ ဇူလိုင်လိုင်လ ၃၁ ရက်နေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်အချိန် စျေးသည်များအားလုံးက သံပုံးတီးကြသဖြင့် စစ်ကောင်စီက စျေးသည်များကို စျေးရောင်းချခွင့် ပိတ်ပင်လိုက်ကြောင်း စျေးသည်များထံမှ သိရှိရသည်။

ဇူလိုင်လ ၃၁ ရက်နေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်အချိန် စစ်အာဏာရှင် ချေမှုန်းရေး လူထုသစ္စာ အဓိဋ္ဌာန်ပြုပွဲကို ထောက်ခံသည့်အနေဖြင့် တစ်စျေးလုံးက သံပုံးများတီးကြခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီတပ်နှင့် စည်ပင်က သံပုံးစတီးသူကို ဖော်ထုတ်ပေးရန် စျေးသည်များကို တောင်းဆိုသော်လည်း မည်သူကမှ ဖော်ထုတ်ကြခြင်းမရှိကြောင်း၊ ထို့ကြောင့် ပျံကျစျေးသည်များ စျေးအတွင်း စျေးရောင်းခွင့် စစ်တပ်က ပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“မကွေး မြို့မဈေး ( ခေါ် )တောင်‌စျေးတန်းဈေးကြီးမှာ ပျံကျစျေးသည်တွေကို မနေ့က သံပုံးတီးလို့ ဆိုပြီး အကန့်အသတ်မရှိ‌ စျေးရောင်းချခွင့်မရှိဆိုပြီး ပိတ်ပင်တယ်။ စည်ပင်နဲ့စစ်တပ်က စျေးထဲလာပြီး ဘယ်သူတွေ စတီးလဲဆိုတာ ဖော်ထုတ်ပေးဖို့ ပြောတယ်။ သံပုံး စတီးသူကို ဖော်ထုတ်မပေးရင် စျေးရောင်းခွင့်ပိတ်မယ်လို့ ပြောတယ်။ စပြီးသံပုံးတီးသူကို မဖော်ထုတ်ရင် ပျံကျဈေးဆိုင်အကုန်ပိတ်ဆိုပြီးလုပ်တယ်။ စျေးသည်တွေကလည်း စျေးဆိုင်တွေ အကုန်ပိတ်တယ်။ မဖွင့်ကြတော့ဘူး။ ဘယ်သူစတီးလဲဆိုတာတော့ မဖော်ကြဘူး” ဟု စျေးသည်တစ်ဦးက ပြောသည်။

မကွေးမြို့ခံများကလည်း စစ်တပ်နှင့်စည်ပင်လုပ်ရပ်အပေါ် ရွံ့ရှာကြပြီး စျေးရောင်းချခွင့်ပိတ်ပင်သည့် စည်ပင်နှင့် စစ်တပ် အပေါ် ယခင်ထက်ပိုမို၍ မုန်းတီးလာသည်ဟု မြို့ခံများက ဆိုကြသည်။

“သံပုံးတီးတယ်ဆိုတာက ဘယ်သူစတီးတယ်ဆိုတာမရှိဘူး။ မနက် ၁၀ နာရီ ၃၇မှာ တစ်စျေးလုံး သစ္စာဆိုအဓိဌာန်ပြုပွဲမှာ တစ်စျေးလုံး သံပုံးတီးဆန္ဒပြကြတာ။ အဲ့ဒါ ဒီနေ့မနက်ကျ အချုပ်ကားတွေနဲ့ တစ်စျေးလုံးကို လိုက်စစ်တယ်။ဘယ်သူကမှ မဖော်တော့ ပျံကျစျေးသည်တွေကို စစ်တပ်က စျေးရောင်းခွင့်ပိတ်လိုက်တာ။ ရွံဖို့ကောင်းတဲ့ကောင်တွေ” ဟု မြို့ခံတစ်ဦးက ပြောဆိုသည်။

မကွေးတိုင်းသည် စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် အလွန်တက်ကြွသော တိုင်းဒေသကြီးဖြစ်ပြီး မကွေးမြို့နယ်တချို့မှာ လွတ်မြောက်နယ်မြေအဖြစ် အဆင့်သို့ ဦးတည်လျက်ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယမန်နှစ် မကွေးမြို့မစျေးကို လိုက်လံ ကြည့်ရှုနေသည့် အကြမ်းဖက် မကွေးစစ်ကောင်စီဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article