37 C
Yangon

ဒီးမော့ဆိုမြို့နယ် စစ်ရှောင်စခန်းကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ၁၃ နှစ်အရွယ် ကလေးငယ် ၁ ဦး ပွဲချင်းပြီး သေဆုံးပြီး ၄ ဦးထိခိုက်၊ ခင်ဦးတွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး ကျည်ထိ၍ အသက် ၈၆ နှစ်အဘွားအို သေဆုံး

Must read

ရန်ကုန်၊ ဩဂုတ် ၁

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် အတွင်းရှိ စစ်ဘေးရှောင် စခန်း တစ်ခုကို အကြမ်းဖက် စစ်တပ် ယနေ့ ဇူလိုင်လ ၃၁ ရက်နေ့ ညနေ ၅ နာရီ ၂၅ မိနစ်တွင် လက်နက်ကြီး များဖြင့် ပစ်ခတ်ခဲ့ပြီး ၁၃ နှစ်အရွယ် ကလေးငယ် ၁ ဦး ပွဲချင်းပြီး သေဆုံးကာ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

စစ်ရှောင် စခန်းကို အကြမ်းဖက် စစ်တပ် ငွေတောင် (၁၀၂) တပ်ရင်းနှင့် ဖရူဆို အခြေစိုက် (၁၂၈) တပ်ရင်းတို့မှ လက်နက်ကြီးဖြင့် ၁၀ ကြိမ်ခန့် ပစ်ခတ်ခဲ့ကြောင်း၊ စစ်ဘေးရှောင် ပြည်သူ ၅ ဦးကို လက်နက်ကြီး ထိမှန်ခဲ့ကြောင်း၊ ၁၃နှစ် အရွယ် ကလေးငယ် ၁ ဦးသည် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ ကျန်တစ်ဦးမှာ ဦးခေါင်း ထိမှန်ဒဏ်ရာရရှိခဲ့ကာ အရေးပေါ်ဆေးကုသမူ ခံယူနေရ​ပြီး ကျန် ၃ ဦးမှာ မစိုးရိမ်ရကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်သည် စစ်ဘေးရှောင် ပြည်သူများကို ရည်ရွယ်ချက်ရှိရှိ အဆင့်မြင့် လက်နက်များဖြင့် ပစ်ခတ်မှု ၇ ကြိမ်ခန့် ကျူးလွန်ခဲ့ပြီး စ်စ်ရှောင် ပြည်သူ ၂ ဦး သေဆုံးပြီး ထိခိုက် ဒဏ်ရာရရှိသူ ၁၂ ဦးရှိကြောင်း ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

အလားတူ ဇူလိုင်လ ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် အိမ်ခြေ ၅၀၀ ခန့်ရှိသည့် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊အင်ပတ်ရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်၍ ဒေသခံ ပြည်သူ ၃ ဦး ကျည်ထိမှန်ကာ တစ်ဦးသေဆုံးသွားကြောင်း သိရှိရသည်။

စစ်တပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားသည် အသက် ၈၆နှစ် အရွယ်ဒေါ်ဝက်ဖြစ်ပြီး မျက်လုံး တစ်ဖက် အပါအဝင် နေရာအနှံ့ လက်နက်ကြီးကျည်ထိမှန်သေဆုံးခြင်းဖြစ်ကြောင်း သိရှိရသည်။

“ကျည်ဆံမှန်ပြီး ည၈နာရီကျော်လောက်ကဆုံးသွာတာ။ စစ်ကောင်စီက ရေဦးမြို့အဝင်က ကြာပန်းဝိုင်းဘက်ကနေ ကျေးရွာတွေဆီကို Droneတစ်စီး ဝဲပြီး အရင်ကင်းထောက်တယ်။ သိပ်မကြာဘူး ရေဦးအဝိုင်းပတ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အဘွားကို ထိပြီးဆုံးတာ။ လက်နက်ကြီးကျည် ၁၀လုံး ကျော် အင်ပတ်ရွာကို ကျတယ်။အခြားကျေးရွာတွေလည်း အပစ်ခံရတယ်။ အင်ပတ်ကျေးရွာမှာတော့ ဒုက္ခိတ အရွယ် အသက် ၈၀ ကျော် အဘွားအို ၂ ဦးနဲ့ ပြေးလွှားရင်း အမျိုးသားတစ်ဦး စုစုပေါင်း ၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်။ အဘွားတစ်ဦးသေတယ်ပေါ့” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- သေဆုံးသွားသော ဒီးမော့ဆိုပြည်သူနှင့် ဒဏ်ရာရရှိသော ပြည်သူများ။

Photo- ဒီးမော့ဆို PDF ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article