38 C
Yangon

ငွေကြေးခဝါချမှုမြောက်တဲ့ ဩစတြေးလျသတ္တုကုမ္ပဏီနဲ့ မြန်မာခရိုနီလေကြောင်းလိုင်း MAI တို့ရဲ့ အရောင်းအဝယ်ကြား အမြတ်ထွက်သွားတာက ဘယ်သူဖြစ်မလဲ

Must read

ရန်ကုန်၊ ဩဂုတ် ၁၁

ဩစတြေးလျ သတ္တုတူးဖော်ရေးကုမ္ပဏီ Mallee Resources Limited က သူ့ရဲ့ မြန်မာကုမ္ပဏီခွဲဖြစ်တဲ့ Bright Mountain Resources (Myanmar) Limited ကို မြန်မာခရိုနီ လေကြောင်းလိုင်း Myanmar Airways International Company Limited (MAI) ထံ ရောင်းချကြောင်း ကြေညာလိုက်ပါတယ်။

ဒီအရောင်းအဝယ်ဟာ ရိုးစင်းမှု မရှိပဲ Mallee Resources ကုမ္ပဏီဆီ အမေရိကန်ဒေါ်လာ ၁၀.၂ သန်း လွှဲပြောင်းပေးနိုင်ဖို့အတွက် MAI လေကြောင်းလိုင်းကုမ္ပဏီက ကြားခံပွဲစားအဖြစ် ဝင်ရောက်လုပ်ကိုင်နေတဲ့ အသွင်ကို ဆောင်နေပါတယ်။

ဒီမသင်္ကာဖွယ်ရာ အရောင်းအဝယ်ဟာ ဩစတြေးလျ သတ္တုတူးဖော်ရေးကုမ္ပဏီ Mallee Resources က မြန်မာဘဏ်နှစ်ခု (အမည်ဖော်ပြမထား)မှာ အမေရိကန်ဒေါ်လာ ၁၂.၀၆ သန်း အပ်နှံပိုင်ဆိုင်ထားတဲ့ ၄င်းရဲ့ မြန်မာပြည် ကုမ္ပဏီခွဲ (Bright Mountain Resources )ကို MAI ထံ အမေရိကန်ဒေါ်လာ ၁၀.၂ သန်းနဲ့ ရောင်းချခဲ့ခြင်းက စတင်ခဲ့ပါတယ်။

Mallee Resources က ၄င်းရဲ့မြန်မာပြည်ကုမ္ပဏီခွဲ ပိုင်ဆိုင်ထားတဲ့ အမေရိကန်ဒေါ်လာ ၁၂ သန်းကျော်ကို ဩစတြေးလျနိုင်ငံသို့ တရားဝင်လွှဲပြောင်းနိုင်ရေးအတွက် ၁၅ ရာခိုင်နှုန်းကျော် (အမေရိကန်ဒေါ်လာ ၂ သန်းနီးပါး) လျော့ပေါ့ဈေးနဲ့ ရောင်းချခဲ့ဟန် တူနေတာပဲ ဖြစ်ပါတယ်။

ဒီ သတ္တုတူးဖော်ရေးကုမ္ပဏီ ရောင်းချမှုအတွက် လေကြောင်းလိုင်းကုမ္ပဏီ MAI က ပွဲစားခအနေနဲ့ အမေရိကန်ဒေါ်လာ ၂ သန်းနီးပါး ရရှိမှာဖြစ်ပြီး၊ Mallee Resources ကတော့ အမေရိကန်ဒေါ်လာ ၁၀.၂ သန်း ကို MAI ထံမှ ၆ လအတွင်း ရရှိမှာဖြစ်ပါတယ်။

ယခင်နံမည်ဖြစ်တဲ့ Myanmar Metals ကနေ နံမည်ပြောင်းထားတဲ့ Mallee Resources ကုမ္ပဏီက အဆိုပါ အမေရိကန်ဒေါ်လာ ၁၂.၀၆ သန်းကို ဘော်တွင်းသတ္တုတူးဖော်ရေး စီမံကိန်းရှိ ၄င်းတို့ပိုင် အစုရှယ်ယာတွေကို ဝင်းမြင့်မိုရ်ကုမ္ပဏီထံ ရောင်းချခြင်းကနေ ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

ဝင်းမြင့်မိုရ် ကုမ္ပဏီလီမိတက်ဟာ Asia World လုပ်ငန်းစုကြီးက တည်ထောင်ထားတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီး၊ Asia World ကို ကွယ်လွန်သွားပြီဖြစ်တဲ့ နိုင်ငံတကာ ဘိန်းမှောင်ခိုသမား လော်စစ်ဟန်နဲ့ သူရဲ့ သားဖြစ်သူ စတီဗင်လောတို့က တည်ထောင်ခဲ့တာပါ။

သတ္တုတူးဖော်ရေးကုမ္ပဏီ Mallee Resources ကုမ္ပဏီဟာ မြန်မာပြည်ကိုယ်ခွဲ Bright Mountain Resources ကုမ္ပဏီကို ပိုင်ဆိုင်ထားတာဖြစ်ပေမဲ့၊ မြန်မာနိုင်ငံမှာ ဖွင့်လှစ်ထားတဲ့ ဩစတြေးလျဘဏ် ANZ ကိုယ်တိုင်က (ဩစတြေးလျ ကုမ္ပဏီဖြစ်တဲ့) Mallee Resources နဲ့ စီးပွားရေးဆက်ဆံမှု လုပ်ငန်းအားလုံးကို ရပ်တန့်ထားခဲ့တဲ့အတွက် Mallee Resources အနေနဲ့ သူရဲ့ ကုမ္ပဏီခွဲ Bright Mountain Resources ပိုင် ဒေါ်လာ ၁၂ သန်းကျော်ကို ဩစတြေးလျသို့ လွှဲပြောင်းနိုင်ခြင်း မရှိခဲ့ပါဘူး။

ဒါကြောင့်မို့ ဘဏ်အပ်ငွေ အမေရိကန်ဒေါ်လာ ၁၂ သန်းကျော်ရှိတဲ့ ကုမ္ပဏီခွဲကို မြန်မာလေကြောင်းကုမ္ပဏီ MAI ကို ကြားခံပွဲစားအနေနဲ့ ဒေါ်လာ ၂ သန်းနီးပါးပေး၍ တဆင့်ခံကာ ရောင်းချခဲ့ဟန်တူပြီး၊ ဩစတြေးလျသို့ ငွေများ ပြန်လည်လွှဲယူသွားခြင်းလည်း ဖြစ်ပါတယ်။

Mallee Resources ကုမ္ပဏီရဲ့ MAI နဲ့အရောင်းအဝယ်က ဩစတြေးလျနိုင်ငံဆီ ဘဏ္ဍာငွေတွေ ပြန်ပြီး လွှဲပြောင်းရယူနိုင်ဖို့ အဓိကရည်ရွယ်နေတာ တွေ့ရပါတယ်။ စင်္ကာပူနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ MAI အနေနဲ့ ငွေကြေးလွှဲပြောင်းမှုအတွက် မြန်မာနိုင်ငံက ဘဏ်အကောင့်တွေ ဒါမှမဟုတ် နိုင်ငံခြားဘဏ်အကောင့်တွေကို အသုံးပြုနိုင်ပါတယ်။

အရင်က အစိုးရပိုင် MAI ကုမ္ပဏီကို လက်ရှိမှာ ခရိုနီစီးပွားရေးလုပ်ငန်းစု 24 Hour Group က အပြည့်အဝ ပိုင်ဆိုင်ထားပြီး၊ 24 Hour Group ဟာ စစ်ကောင်စီရဲ့ အဓိကစီးပွားရေး မိတ်ဖက်တစ်ဦးလည်း ဖြစ်ပါတယ်။

MAI နဲ့ မြန်မာ့လေတပ် တို့ဟာ လေယာဉ်တွေကို မျှဝေသုံးစွဲတာတွေ ရှိခဲ့ပြီး၊ မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်အပါအဝင် စစ်ကောင်စီခေါင်းဆောင်တွေရဲ့ နိုင်ငံတကာခရီးစဉ်တွေမှာ MAI အမှတ်တံဆိပ်ပါ လေယာဉ်တစ်စီးကို အသုံးပြုခဲ့တာ တွေ့ရပါတယ်။

ဝင်းမြင့်မိုရ်ကုမ္ပဏီက စတီဗင်လော၊ Asia World နဲ့ မြန်မာစစ်တပ်တို့နဲ့ ဆက်နွယ်နေတဲ့ အဂတိသမိုင်းကြောင်း၊ အရွယ်အစားကြီးမားတဲ့ ငွေကြေး လွှဲပြောင်းမှု၊ သတ္တုကုမ္ပဏီတွေရဲ့ ငွေကြေးလွှဲပြောင်းမှုတွေကို ကြားခံအကျိုးဆောင်ပေးတဲ့ လေကြောင်းကုမ္ပဏီ MAI ရဲ့ ထူးခြားစွာ ပါဝင်ပတ်သက်မှု၊ MAI နဲ့ 24 Hour Group တို့ရဲ့ စစ်ကောင်စီနဲ့ နီးကပ်တဲ့ ဆက်ဆံရေး၊ ဩစတြေးလျ ကုမ္ပဏီဖြစ်တဲ့ Mallee Resources ကို ဝန်ဆောင်မှုပေးဖို့ ဩစတြေးလျ ANZ ဘဏ်ကိုယ်တိုင်က ငြင်းဆိုထားမှု စတဲ့ အခြေအနေတွေမှာ ဒီငွေကြေးလွှဲပြောင်းမှုက ငွေကြေးခဝါချမှု မြောက်နိုင်တဲ့ အန္တရာယ်တစ်ရပ်ရှိကြောင်း Justice For Myanmar က ထောက်ပြပြောဆိုထားပါတယ်။

ဒါကြောင့် ဩစတြေးလျအစိုးရ အာဏာပိုင်တွေအနေနဲ့ MAI က ကြားခံအကျိုးဆောင်ပြီး Mallee Resources က လွှဲပြောင်းဖို့ ကြိုးပမ်းနေတဲ့ ငွေတွေရဲ့ မူလလာရာ ရင်းမြစ်နဲ့ ငွေကြေးလွှဲပြောင်းမှုကို အရေးတကြီး စုံစမ်းစစ်ဆေးဖို့ တောင်းဆိုတယ်လို့လည်း JFM ကထုတ်ပြန် ပြောဆိုထားပါတယ်။

Justice For Myanmar ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “စစ်တပ်ရဲ့ တရားမဝင် အာဏာသိမ်း ကြိုးပမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံမှာ အရှိန်မြှင့်လာတဲ့ ငွေကြေးခဝါချမှုအန္တရာယ် တစ်ရပ် ရှိနေပါတယ်”။

“နိုင်ငံတကာအစိုးရတွေအနေနဲ့ စစ်ကောင်စီနဲ့ သူရဲ့စီးပွားရေး လုပ်ငန်းစုကြီးတွေ၊ ခရိုနီတွေ ပါဝင်ပတ်သက်နေတဲ့ မှောင်ခိုငွေကြေး စီးဆင်းမှုတွေ၊ အကျင့်ပျက်ခြစားမှုတွေ၊ စီးပွားရေးလုပ်ငန်းတွေကို ကာကွယ်တားဆီးနိုင်ဖို့ သတိကြီးကြီးထား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။

စစ်ခေါင်းဆောင်တွေရဲ့ အကျင့်ပျက်ခြစားမှုတွေ၊ သူတို့ရဲ့ ခရိုနီတွေ၊ ပတ်သက်ဆက်နွယ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေဟာ နိုင်ငံတကာနဲ့ချိပ်ဆက်ပြီး ဝင်ငွေရလမ်းတွေကို ဖမ်တီးကာ အကြမ်းဖက်စစ်တပ်ကို ဆက်ပြီး အားပေးကူညီနေတာ ဖြစ်တဲ့အတွက် 24 Hour Group၊ MAI အပါအဝင် မြန်မာစစ်ကောင်စီကို ပံ့ပိုးကူညီနေကြတဲ့ စီးပွားရေးလုပ်ငန်းအားလုံးကို ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်ဆောင်ဖို့ တောင်းဆိုပါတယ် လို့လည်း သူမက ဆက်လက်ပြောကြားခဲ့ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article