31 C
Yangon

စစ်ကိုင်းနှင့် တနင်္သာရီတို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရပြီး ၄၆ ဦးသေဆုံး

Must read

ရန်ကုန်၊ သြဂုတ် ၂၁

စစ်ကိုင်းတိုင်းနှင့် တနင်္သာရီတိုင်းတို့တွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ တပ်စွဲထားသောရွာများ၊ စစ်ကြောင်းများနှင့် ရဲစခန်းများ အကြိမ်ကြိမ် တိုက်ခိုက်ခံရပြီး ဒုရဲအုပ် ၁ ဦးအပါအဝင် ၄၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။

ခင်ဦး၊ မဒေါင်းလှရွာတွင် တပ်စွဲထားသော စစ်သား ၅ ဦးထက်မနည်းသေဆုံး

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ရှိ မဒေါင်းလှရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက သြဂုတ်လ ၂ဝ ရက်၊ ၁၄ ရက်နှင့် ၈ ရက်နေ့တွင် သွားရောက် တိုက်ခိုက်ခဲ့ပြီး စစ်သား ၅ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း ခင်ဦး ပကဖ အဖွဲ့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

သြဂုတ်လ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ခင်ဦးမြို့နယ် မဒေါင်းလှ ကျေးရွာကို ခင်ဦးမြို့နယ် ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့ (ခင်ဦး ပကဖ)နှင့် ညီနောင်မဟာမိတ် တော်လှန်ရေး အင်အားစု (LDF) များက စစ်မျက်နှာ ၄ ဘက်ဖွင့်၍ ဝေဟင်မှ ဒရုန်းဖြင့် အီနာဂါချကာ တိုက်ခိုက်ခြင်း၊ မြေပြင်မှ လက်နက်ကြီး Mytel ၆၀ မမ များ လက်နက်ငယ်များဖြင့် အနီးကပ် ချည်းကပ် တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ယင်းတိုက်ပွဲသည် တိုက်ခိုက်ချိန် ၄၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး စကစ ဘက်မှ ထိခိုက်မှုများရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးဘဲ ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ ထိခိုက်ကျဆုံးမှုမရှိဘဲ ပြောက်ကျား စစ်ဆင်ရေး ဆင်နွှဲခဲ့ခြင်းဖြစ်ပြီး မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် သြဂုတ်လ ၂ဝ ရက်နေ့ မွန်းလွဲပိုင်းတွင် မဒေါင်းလှကျေးရွာ၏ အရှေ့မြောက်ဘက် OMC မူးဘောင်တစ်လျောက် ခြေလျင်တက်လာသည့် စစ်ကောင်စီ တပ်ဖွဲ့များကို အသင့် စောင့်ဆိုင်းနေသော မြို့နယ် ပကဖနှင့် နယ်မြေခံ ကာကွယ်ရေးအဖွဲ့များ၊ မဟာမိတ်အဖွဲ့များမှ ပတ်ခြာလည် နေရာအသီးသီးမှ ဝိုင်းဝန်း ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

သြဂုတ်လ ၁၄ ရက်နေ့တွင်လည်း မဒေါင်းလှကျေးရွာမှ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၀ ခန့်သည် OMC မူးဘောင်ပေါ်တွင် ခြေလျင်တက်လာစဉ် ခင်ဦး ပကဖ နှင့် LDF များမှ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးသူ ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

သြဂုတ်လ ၆ ရက်နေ့တွင် မဒေါင်းလှ ကျေးရွာမှ စစ်ကောင်စီ တပ်ဖွဲ့များ ဇီးကုန်းရွာမှအပြန် OMC မူးဘောင်လျှောက် လမ်းပိုင်းနေရာ တချို့တွင် ခင်ဦး ပကဖ နှင့် LDF များမှ မွန်းလွဲ ၁၁ နာရီခန့်တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့များက လက်နက်ငယ်များ၊ ၄၀ မမ များဖြင့် ပြန်လည် ပစ်ခတ်ခဲ့သောကြောင့် ကာကွယ်ရေးတပ်ဖွဲ့များ ထိခိုက်မှုမရှိစေရန် ပြန်လည် ဆုတ်ခွာခဲ့ရသောကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထိခိုက် သေဆုံးမှု ရှိသော်လည်း အရေအတွက် အတည်မပြုနိုင်ကြောင်း သိရသည်။

ကံပေါက် ရဲစခန်းမှ ဒုရဲအုပ် ၁ ဦးနှင့် ပျူစောထီး ၁ ဦးသေဆုံး

တနင်္သာရီတိုင်း ထားဝယ်-ကလိန်းအောင်လမ်းပိုင်းတွင် ကံပေါက်နယ်မြေရဲစခန်းမှ ထွက်ခွာလာသော ကားတစ်စီးကို သြဂုတ်လ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ဒုရဲအုပ် ၁ ဦး အပါအဝင် ၂ သေကာ ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ်များထံမှ သိရသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်ခံရသော ကားပေါ်တွင် ရဲနှင့် ပျူစောထီး အဖွဲ့များ လိုက်ပါလာပြီး Kanbauk Defence Force-KBDFနှင့် ထားဝယ်ပြည်သူ့ လွတ်မြောက်ရေး တပ်ဖွဲ့ TPLF တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ဒုရဲအုပ် ၁ ဦးနှင့် ပျူစောထီး ၁ ဦးသေဆုံးခဲ့ကာ ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ယင်းမာပင်တွင် စနိုက်ပါဖြင့် ပစ်ခတ်ခံရပြီး စစ်သား ၄ ဦးသေဆုံး

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင် ကျေးရွာများကို မီးရှို့ဖျက်ဆီးနေသော အကြမ်းဖက် စစ်တပ်ကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက သြဂုတ်လ ၁၇ ရက်၊ ၁၉ ရက်နှင့် ၂ဝ ရက်နေ့တို့တွင် လက်နက်ကြီးများ၊ စနိုက်ပါများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း ဆရာစံ PDF တပ်ဖွဲ့ထံမှ သိရသည်။

သြဂုတ်လ ၁၇ ရက်နေ့တွင် ပေါက်သဖကျေးရွာမှ အနောက်ဘက် ဂွေးပင်ရိုး ကျေးရွာဘက်သို့ ဦးတည် ထွက်ခွာလာသော စစ်တပ်ကို မွန်းလွဲ ၁ နာရီခန့်တွင် Mytel လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြု နိုင်သေးကြောင်း သိရသည်။

‌သြဂုတ်လ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ကပိုင်ကျေးရွာ တောင်ဘက်သို့ လက်နက်ခဲယမ်းများ ထောက်ပို့ရန် လာမည့် လေယာဉ်ကို စောင့်ဆိုင်းနေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက စနိုက်ပါဖြင့် ပစ်ခတ်ခဲ့သောကြောင့် စစ်သား ၂ ဦးသေဆုံးခဲ့ပြီး သေဆုံး စစ်သား အလောင်းကို ရဟတ်ယာဉ်ဖြင့် ပြန်လည် သယ်ဆောင်သွားကြောင်း သိရသည်။

သြဂုတ်လ ၂ဝ ရက်နေ့တွင် ကပိုင်၊ သီးကုန်းရွာမှ ပေါင်းဝရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ ပြန်လည် ရောက်ရှိလာပြီး ရွာကို မီးရှို့ဖျက်ဆီးပြီး ကပိုင်ရွာကို ပြန်လာစဉ် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့သောကြောင့် စစ်သား ၂ ဦးသေဆုံးကာ ၁ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ဆရာစံ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ကနီတွင် ကင်းရွာတွင်တိုက်ပွဲဖြစ်ပွား

စစ်ကိုင်းတိုင်း ကနီမြို့နယ် ကင်းရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ ရွာအတွင်းမှ ပြန်လည် ဆုတ်ခွာစဉ် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များနှင့် ထိတွေ့တိုက်ခိုက်ပွဲဖြစ်ပွားခဲ့ကြောင်း MPDF – DEMO တပ်ခွဲထံမှ သိရသည်။

သြဂုတ်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ကင်းရွာသို့ လေယာဉ်ဖြင့်ချကာ တပ်စွဲထားသော စစ်ကောင်စီ တပ်ဖွဲ့များကို DEMO တပ်ခွဲ (MPDF)၊ မဟူရာ ကျားရိုင်း တပ်ရင်း ၊CDYH နှင့် ဒေသခံမဟာမိတ်တပ်များနှင့် ပူးပေါင်းပြီး အောက်ကင်းရွာ၊ အထက်ကင်းရွာတို့ရှိ point တိုး၍ ဝင်ရောက် ရှင်းလင်းခဲ့ကြောင်း သိရသည်။

အဆိုပါ ကျေးရွာ ၂ ရွကို ရှင်းလင်းပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့များသည် မိကျောင်းတွင်း ရွာဘက်သို့ ဆုတ်ခွာသွားပြီး DEMO တပ်ခွဲ (MPDF) ၊မဟူရာ ကျားရိုင်း တပ်ရင်း၊ CDYH နှင့် K K G (မြောက်တံခါး) ၊ မြွေပိုင်း PDF တို့ ဝင်ရောက်ပူးပေါင်းကာ စစ်ကောင်စီ စစ်ကြောင်းနောက်ကို တောက်လျောက် လိုက်လံခဲ့သော်လည်း ဆက်သွယ်ရေး အားနည်းမှုကြောင့် မိကျောင်းတွင်းမှ စောင့်နေသော မင်းကင်း EAO တပ်ရင်း(၁)နှင့် ထိတွေ့မူဖြစ်နေစဉ် DEMO တပ်ခွဲ (MPDF)၊ မဟူရာ ကျားရိုင်း တပ်ရင်း ၊CDYH၊ K K G ( မြောက်တံခါး ) ၊ မြွေပိုင်း PDF တို့မှ သတင်းဆက်သွယ်ရေး အခက်အခဲကြောင့် အချိန်နှောင့်နှေးခဲ့သောကြောင့် ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

ကောလင်း တိုက်ပွဲဖြစ်ပြီး စစ်သား ၃ဝ ဦးခန့်သေဆုံး

စစ်ကိုင်းတိုင်း ကောလင်း-ကန့်ဘလူ မြို့နယ် အစပ်တွင် သြဂုတ်လ ၁၈ ရက်နေ့ ည ၈ နာရီခန့်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၃၀ ဦးခန့် သေဆုံးခဲ့ကြောင်း Kawlin Revolution-KR အဖွဲ့ထံမှ သိရသည်။

မုံရွာညောင်ဖြူပင် ရဲစခန်းကို တော်ဝင်နဂါးတပ်တော်က ဝင်ပစ်မှု ၅ ဦးသေဆုံး

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်ရှိ ညောင်ဖြူပင်ရဲစခန်းကို ယနေ့ သြဂုတ်လ ၂၁ ရက်နေ့ မွန်းလွဲ ပိုင်းတွင် ဒေသခံကာ ကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅ ဦးသေဆုံးခဲ့ကြောင်း မြန်မာ့တော်ဝင် နဂါးတပ်တော်ထံမှ သိရသည်။

အဆိုပါ ရဲစခန်းကို မြန်မာ့တော်ဝင် နဂါးတပ်တော်နှင့် Aung San Force အဖွဲ့တို့က ပူးပေါင်းကာ ရဲစခန်းရှေ့သို့ ကားဖြင့် သွားရောက် ပစ်ခတ် တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး မြန်မာ့တော်ဝင် နဂါးတပ်တော်မှ ရဲဘော် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ကျည်ဘောက် ၃ ခု ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

ဓာတ်ပုံ- ယမန်နှစ်မြို့ကြီးများတွင် ရမ်းကားခဲ့ကြသည့် အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များ။

Photo-CJ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article