35 C
Yangon

ဆောမြို့တွင်း မိသားစုလိုက် သေဆုံးမှု တော်လှန်ရေးအဖွဲ့များက ရှုတ်ချ၊ စစ်ဆင်ရေးလုပ်ဆောင်သူ YDF ကမူ သေဆုံးသူများမှာ ပျူစောထီးများဖြစ်ပြီး အစည်းအဝေးလုပ်ချိန် ဝင်စီးစဉ် ခုခံခဲ့ကြဟု ဆို

Must read

ရန်ကုန်| ဩဂုတ် ၂၂

မကွေးတိုင်း၊ ဆောမြို့က ဦးခင်မောင်လင်းနဲ့ မိသားစုဝင်တွေကို ဒလန်ရှင်းလင်းရေး ဆိုတဲ့ ခေါင်းစဉ်တပ်ကာ မိသားတစ်စုလုံးသတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်အပေါ် ဆော မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေ စု ပေါင်းပြီး ရှုတ်ချကြောင်း ဒီကနေ့ (ဩဂုတ်လ ၂၂ရက်)မှာ ထုတ်ပြန်ကြေညာပါတယ်။

ဆောမြို့နေ ဦးခင်မောင်လင်းနဲ့ မိသားစုဝင်တွေကို မနေ့က (ဩဂုတ်လ ၂၁ ရက်)ည ၈နာရီခန့်က YDF (Saw) အဖွဲ့အစည်းက စစ်ဆေးမေးမြန်းအတည်ပြုခြင်းမရှိဘဲ သတ်ဖြတ်ခဲ့တာဖြစ်ပြီး အသက်၁၃နှစ်အရွယ်ကလေးငယ်နဲ့ မသက်ဆိုင်သူတွေကိုပါ ပစ်သတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဦးခင်မောင်လင်းနေအိမ်အတွင်း အခုလို ဝင်ရောက်သတ်ဖြတ်မှုအတွင်း ဦးခင်မောင်လင်းအပါအဝင် မိသားစုဝင် ၆ဦး သေဆုံးခဲ့ပြီး ၂ ဦးဒါဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

သတ်ဖြတ်ခံရသူတွေထဲမှာ ဦးခင်မောင်လင်းရဲ့မြေးဖြစ်သူ အသက် ၁၃နှစ်အရွယ် မသက်အေးငြိမ်းနဲ့ ဦးခင်မောင်လင်းနေအိမ်မှာ ဘောလုံးပွဲလာရောက်ကြည်ရှု့ဖို့ရောက်နေတဲ့ ရပ်ကွက်ထဲက မသက်ဆိုင်သူ ဦးအောင်သိန်းဝင်းတို့ကို ပါ ပစ်သတ်သွားတယ်လို့ တော်လှန်ရေးအဖွဲကအစည်းတွေကဆိုပါတယ်။

အခုလို ပစ်ခတ်သတ်ဖြတ်တာကြောင့် သေဆုံးသွားသူတွေဟာ အိမ်ရှင် ဦးခင်မောင်လင်း (၆၁နှစ်)၊ ညီဖြစ်သူ ဦးဇော်ဌေး (၅၈နှစ်)၊ ဇနီးဖြစ်သူ ဒေါ်ယဉ်ငွေ(၅၉နှစ်)၊ ချွေမဖြစ်သူ ဒေါ်ခင်မာသက် (၃၇နှစ်) ၊ မြေးဖြစ်သူ မသက်အေးငြိမ်း (၁၃နှစ်) နဲ့ မိသာစုနဲ့မသက်ဆိုင်သူ ရပ်ကွက်ထဲက ဦးအောင်သိန်းဝင်း (၅၂နှစ်)တို့ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပစ်ခတ်မှုကြောင့် ရပ်ကွက်နေပြည်သူ ဦးခင်မောင်ကြည် နဲ့ အသက်၁၇နှစ်အရွယ် မောင်မြတ်ဘုန်းခန့်နိုင်တို့ ၂ဦးလည်း ကျည်ဆံထိမှန် ဒါဏ်ရာတွေ အသီးသီး ရရှိခဲ့ကြပါတယ်။

ဒါ့အပြင် နေအိမ်အတွင်းက ရွှေထည်တွေ၊ ငွေသားတွေ၊ ဖောကား၁စီး၊ အိမ်စီးကား အဖြူ၁စီး၊ မိုလ်ဘိုင်းဖုန်းနဲ့ တန်ဖိုးရှိပစ္စည်းတွေအပြင် ဆပ်ပြာခွက်ပါမကျန် ပစ်ခတ်သတ်ဖြတ်သူတွေ ယူဆောင်သွားကြတယ်လို့ ဆိုပါတယ်။

အခုလို ကလေးသူငယ်နဲ့ မသက်ဆိုင်သူတွေအပါအဝင် အစုလိုက်အပြုံလိုက် သတ်ဖြတ်တာကို YDF (Saw)အဖွဲ့အစည်းက လုပ်ဆောင်တာလို့ ကြေညာချက်ထုတ်ပြန်တဲ့အဖွဲ့တွေက ဆိုထားပြီး သူတို့အနေနဲ့ ဒီဖြစ်စဉ်အပေါ်မှာ လုံးဝပါဝင်ပက်သက်ခြင်းမရှိဘူးလို့လည်း ငြင်းဆိုထားပါတယ်။

စစ်အာဏာရှင်စနစ်ကို တော်လှန်နေချိန်မှာ အခုလို မင်းမဲ့စရိုက်ဆန်စွာနဲ့ ကလေးသူငယ်တွေအပါအဝင် မသက်ဆိုင်သူတွေကိုပါ ထိခိုက်သတ်ဖြတ်တာနဲ့ ပစ္စည်းတွေ အတင်းအဓမ္မသိမ်းဆည်းယူဆောင်တာတွေမျိုး ရက်စက်ကြမ်းကြုတ်မှုတွေအတွက် လုပ်ဆောင်တဲ့ မည်သည့်အဖွဲ့အစည်းကိုမဆို ပြင်းထန်စွာရှုတ်ချတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အခုကြေညာချက်ကို ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ လောင်းရှည်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LSRPDF)၊ ဆောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Saw PDF)၊ The Youth Force (Saw & Kyaukhtu)၊ ကျောက်ထုဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (K.T.U Region)နဲ့ ကိုရီးယားရောက် ယောသူယောသားများအဖွဲ့တို့က ပူးပေါင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဥ YDF ဗဟိုဘက်ကတော့ ဒီလူသေဆုံးမှု ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကြေညာချက် ထုတ်ပြန်ရာမှာ ဆောမြို့တွင်းရှိ ပျူစောထီး အစည်းအဝေးကို သတင်းအရ သွားရောက်စစ်ဆေးရာ ခုခံ၍ ပစ်ခတ်ခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

သေဆုံးသွားတဲ့ ဦးခင်မောင်လင်းက ပျူစောထီး ဖြစ်ပြီး စစ်ကောင်စီ သတင်းပေးခြင်း၊ ဒေသခံလူငယ်များကို ဖမ်းဆီးခြင်း၊ စစ်ကြောင်းများကို လမ်းပြခြင်း၊ ပြည်သူလူထုအပေါ် လုယက်ခြင်း၊ ငွေညှစ်ခြင်း၊ မူးယစ်ဆေးဝါး ရောင်းချခြင်း၊ လောင်းကစားမှုများ ပြုလုပ်ခြင်း၊ရွာများကိုမီးရှို့ရာတွင် ပါဝင်ခြင်း၊ စစ်ကောင်စီကို ရိက္ခာထောက်ပံ့ခြင်းအကြိမ်ကြိမ် ပြုလုပ်သူလို့ YDF ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဦးခင်မောင်လင်း၊ ဦးဇော်ဌေး၊ ဦးအောင်ဌေးဝင်း၊ဦးအောင်အောင်လင်း၊ ဒေါ်ယဉ်ငွေ၊ မခင်မာသက် တို့သည်တံခါးပိတ်အစည်း အဝေး ပြုလုပ်နေခြင်းဖြစ်ကြောင်း၊ အသက် ၁၃ နှစ်အရွယ် မသက်ငြိမ်းအေး သေဆုံးမှု အတွက်ကို YDFက စုံစမ်းစစ်ဆေးမှာဖြစ်ကြောင်း၊ YDF ရဲဘော်၏ လက်ထဲမှ သေနတ်ကို ဝင်လုရန် ကြိုးစားလို့ မတော်တဆ ကျည်ထွက်ထိမှန်သေဆုံးကြောင်း၊ ထို့ပြင် း မသက်ငြိမ်းအေး ကျည်ထိမှန်သေဆုံးသည့်အပေါ် စုံစမ်း စစ်ဆေးသွားမှာ ဖြစ်တယ်လို့ YDF က ဆိုပါတယ်။

ဦးခင်မောင်လင်း အိမ်မှ ကား ၂စီး၊ ဆိုင်ကယ် ၂စီး၊ ဖုန်း၃လုံး၊ ကားခေါင်းခန်းမှ ငွေသား ၃သိန်း နှင့် ဆွဲကြိုးတစ်ကုံးကို သက်သေခံအဖြစ် သိမ်းဆည်းထားတယ်လို့ YDFကထုတ်ပြန်ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article