29 C
Yangon

ဒေါ်လာနှင့် ရွှေဝယ်လိုအား စျေးကွက်တွင် ၁၀၀ ရာခိုင်နှုန်း အပြည့်ရှိနေပြီး တစ်ဒေါ်လာ ၄၀၀၀ ပေး၍ ပင် ဝယ်မရတော့၊ ယနေ့ အမေရိကန်တစ်ဒေါ်လာ ၄၀၀၀ အထက် မြင့်တက်နိုင်ဖွယ်ရှိပြီး ဒေါ်လာပြတ်လပ်မှု ကြီးမားမှုနှင့်အတူ မြန်မာကျပ်ငွေတန်ဖိုးထိုးကျမှု မထိန်းနိုင်တော့

Must read

By ရန်ကုန်ခေတ်သစ်

ပြည်တွင်းစီးပွားရေးစျေးကွက်တွင် အမေရိကန်ဒေါ်လာနှင့် မြန်မာကျပ်ငွေလဲလှယ်နှုန်းထားသည် ဩဂုတ်လ ၃၀ ရက်နေ့ ညပိုင်းတွင် တစ်ဒေါ်လာ ၃၉၀၀ ကျပ် အထိရောက်ရှိသွားပြီး ဝယ်ယူမရသည်အထိ ဖြစ်နေကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ဩဂုတ်လ ၃၀ ရက်နေ့ နံနက်ပိုင်း စျေးကွက် စတင်ဖွင့်ချိန်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၃၅၀၀ ကျပ်ဖြင့် စျေးဖွင့်ခဲ့ပြီး စျေးပိတ်ချိန်အထိ ဒေါ်လာ ဝယ်ယူမှုများ များပြားခဲ့ကာ ညပိုင်းအထိ အမေရိကန်ဒေါ်လာ တန်ဖိုး မြင့်တက် ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“စျေးကွက်မှာ ဒေါ်လာ တအားကို ဝယ်နေကြတယ်။ ဒေါ်လာဝယ်တဲ့သူတွေမှာ နှစ်ပိုင်း ရှိပါတယ်။ တစ်ပိုင်းကတော့ အလုပ်လုပ်မယ့်သူတွေ ဝယ်ကြတာ ။ ရှေ့ဆက်လည်း အလုပ်လုပ်ကြရမှာဆိုတော့ ဒီစျေးမှာတင် ဝယ်ထားလိုက်တာ။ နောက်တစ်ပိုင်းကတော့ ကိုယ့်ရဲ့ ပိုင်ဆိုင်မှု မြန်မာကျပ်ငွေကို ဒေါ် လာ အဖြစ်ပြောင်းတာ။ အဲဒီနှစ်မျိုးစလုံးက အလုံးအရင်းနဲ့ ဒေါ်လာဝယ်ကြတယ်။ ညပိုင်း မိုးချုပ်တဲ့အထိ တစ်ဒေါ်လာ ၄၀၀၀ ပေးတောင် ဝယ်မရတော့ဘူးဖြစ်တယ်။ မနက်ဖြန်တော့ ၄၀၀၀ အထက်သွားမယ်လို့ မှန်းရတယ်။ အခုက တစ်ရက်တည်းမှာကို တစ်ဒေါ်လာကို ငွေကျပ် ၅၀၀ လောက်တက်နေတာ ပါ” ဟု ရန်ကုန်စီးပွားရေးသမားက ပြောသည်။

ဗဟိုဘဏ် သတ်မှတ်စျေးနှုန်း တစ်ဒေါ်လာ ၂၁၀၀ ကျပ် အလုပ်မဖြစ်၍ ပြောင်းလဲဖွယ်ရှိ

စစ်ကောင်စီ၏ ဗဟိုဘဏ်က အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၂၁၀၀ ကျပ် သတ်မှတ်ထားသော်လည်း အဆိုပါ ရည်ညွှန်းစျေးနှုန်းသည် လုံး၀ အလုပ်မဖြစ်တော့ဘဲ မည်သည့် စျေးကွက်မှ ယင်းစျေးနှုန်းကို အသိအမှတ်ပြု အလုပ်လုပ်ခြင်းမရှိပေ။

စစ်ကောင်စီလက်အောက်ရှိ မြန်မာ့လေကြောင်းလိုင်းက ဩဂုတ်လ ၃၀ ရက်နေ့ ညနေပိုင်းတွင် အမေရိကန်တစ်ဒေါ်လာ ၃၀၀၀ ကျပ်ဖြင့် ငွေပေးချေကြရန် လက်မှတ်အရောင်းကိုယ်စားလှယ်များကို တရားဝင် ညွှန်ကြားချက် ထုတ်ပြန်ပြီး စစ်ကောင်စီ၏ မိတ်ဖက် MAI ၊ Air KBZ ကလည်း တစ်ဒေါ်လာလျှင် ငွေကျပ် ၃၀၅၀ ကျပ် ဖြင့် လက်မှတ် ရောင်းချမည်ဖြစ်ကြောင်း ကြေညာသည်။

” မြန်မာ့လေကြောင်းဆိုတာ အစိုးရ လေကြောင်း။ ဒီလေကြောင်းကိုယ်တိုင်က တစ်ဒေါ်လာကို ၃၀၀၀ ကျပ် နဲ့ လက်မှတ်ရောင်းမှာဆိုတော့ ဗဟိုဘဏ်ရဲ့ စျေးနှုန်းက အလုပ်မဖြစ်တော့ဘူး။ ဒါကိုလည်း ဗဟိုဘဏ်က မသိဘဲ မနေဘူး။ စစ်ကောင်စီ လက်အောက်ခံ အချင်းချင်း အသိပေးပြီးမှ လုပ်မှာပဲလို့ ယူဆရတယ်။ နောက်တစ်ခုက KBZ က တစ်ဒေါ်လာကို ၃၀၅၀ ပြောင်းလိုက်တာ။ အဲဒီတော့ ပြောချင်တာက ဗဟိုဘဏ်ကို အသိမပေးဘဲ ဒီလိုတွေ စာထုတ်လို့မရဘူး။ ဗဟိုဘဏ်ကို အသိပေးပြီး ဗဟိုဘဏ်က လက်ခံလို့ ဒီလို စာထုတ်ရဲတာ။ တစ်နည်းအားဖြင့် ပြောရရင် ဗဟိုဘဏ်က ဒေါ်လာ ရည်ညွှန်းသတ်မှတ်စျေးကို တစ်ဒေါ်လာ ၃၀၀၀ ဆိုတာ လက်ခံလိုက်တဲ့သဘောပဲ” ဟု ဒေါ်လာ စျေးကွက်ကျွမ်းကျင်သူက ဆိုသည်။

ဗဟိုဘဏ်၏ ရည်ညွန်းသတ်မှတ်စျေးနှုန်း ပြောင်းလဲလျှင် စျေးကွက်ပြင်ပငွေလဲနှုန်းသည် တစ်ဒေါ်လာလျှင် ၄၀၀၀ မှ ၅၀၀၀ အကြား ကျိန်းသေရောက်ရှိမည်ဟုဆိုသည်။

“ရည်ညွှန်းစျေး ဘယ်လောက်ပဲ ပြောင်းပြောင်း ဒေါ်လာ လိုအပ်ချက် Demand ကို မဖြည့်ပေးနိုင်ရင် အဲဒီရည်ညွှန်း စျေးက အလကားပဲ။ သတ်မှတ် ရည်ညွှန်းစျေးနဲ့ ဒေါ်လာ လိုအပ်ချက်ကို ဖြည့်ဆည်းမယ့် Action ပါမှ ငွေလဲနှုန်းကို ဗဟိုဘဏ်က ထိန်းနိုင်မယ်။ အခု ဗဟိုဘဏ်က သူ့မှာ ဒေါ်လာရှိတာကို ထုတ်မရောင်းဘူး။ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားတယ်။ တစ်ဒေါ်လာ ၁၈၅၀ ကျပ်နဲ့ သိမ်းထားတဲ့ ပမာဏကိုပဲ ထုတ်ရောင်းတောင် ငွေလဲနှုန်းအပေါ် သက်ရောက်နိုင်မယ်” ဟု ရန်ကုန်စီးပွားရေးသမားက ဆိုသည်။

ဒေါ်လာ ပြတ်လပ်မှု လိုအပ်ချက် အလွန်ကြီးမားခြင်း

လက်ရှိတွင် စက်သုံးဆီ၊ ဆေးဝါး အပါအဝင် သွင်းကုန်သမားများအတွက် စစ်ကောင်စီ၏ ဗဟိုဘဏ်က ဒေါ်လာ မရောင်းပေးနိုင်တော့ကြောင်း၊ အထူးသဖြင့် စက်သုံးဆီသမားများအတွက် ဒေါ်လာလိုအပ် ချက်သည် အလွန်ကြီးမားကြောင်း စက်သုံးဆီသမားများထံမှ သိရှိရသည်။

မြန်မာနိုင်ငံ၏ စက်သုံးဆီသုံးစွဲမှု ပမာဏသည် ၂၀၂၁ ခုနှစ်တွင် တန်ချိန် ၄ ဒသမ ၁၂ သန်းကျော် ပြည်ပမှ တင်သွင်း ခဲ့ရပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂၄၉၆ ဒသမ ၆၅၂ သန်း(အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံနီးပါး) ရှိကြောင်း၊ ယခု ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံခန့် တင်သွင်းခဲ့ရပြီးဖြစ်ကြောင်း၊ လတ်တလော စစ်ကောင်စီတွင် အမေရိကန်ဒေါ်လာ နည်းပါးလာ၍ စက်သုံးဆီ တင်သွင်းရန် အလွန်ခက်ခဲနေကြောင်း ၎င်းကဆိုသည်။

“တစ်လ ကို ဒေါ်လာ သန်း ၂၀၀ ဖိုးကျော် စက်သုံးဆီက တင်သွင်းရတာ။ အဲဒီတော့ ဒေါ်လာ လိုအပ် ချက်က ကြီးတယ်။ ရှိတဲ့ဒေါ်လာတွေကလည်း စက်သုံးဆီ ဝယ်တာနဲ့ နောက်ပြီး စက်လက်နက်ပစ္စည်းတွေ လက် နက်ခဲယမ်းတွေကလည်း ဝယ်သေးတာကိုး။ အဲဒီတော့ စစ်ကောင်စီလက်ထဲမှာလည်း ဒေါ်လာက မရှိတော့ဘူး။ နောက်တစ်ခါ ပြည်ပ ဝင်ငွေကလည်း ရင်းနှီးမြှုပ်နှံမှုတွေက ထင်သလောက်မရှိဘူး။ ထွက်တောင် ထွက်နေကြတာ။ ပို့ကုန်ရငွေလည်း ဒီလောက်မရှိဘူး။ ပြင်းထန်တဲ့ စီးပွားရေးပိတ်ဆို့မှုတွေကလည်း လာဦးမယ်။ အဲဒါကြောင့် ဒေါ်လာ လိုအပ်ချက်ကြီးတယ်လို့ ပြောတာ။ ဒေါ်လာ စျေးတက် တယ်ဆိုတာ လေပတ်ကားလုပ်လို့၊ ခြောက်လှန့်လို့ တက်နေတာ မဟုတ်ဘူး။ အဲဒီအရှိတရားကို လက်ခံဖို့လိုတယ်။ Supply & Demand သဘောတရားအရ တက်တာ” ဟု ရန်ကုန်စီးပွားရေး သမားက ဆက်ပြောသည်။

ဩဂုတ်လဆန်းပိုင်းတွင် စက်သုံးဆီတင်သွင်းသူများက ဗဟိုဘဏ်ထံမှ အမေရိကန်ဒေါ်လာ မရောင်းပေး၍ ပြင်ပစျေးကွက်အတွင်းမှ ဒေါ်လာ သန်း ၅၀ မိမိအစီအစဉ်ဖြင့် ကိုယ်တိုင် ဝယ်ယူ တင်သွင်းခဲ့ရကြောင်း၊ ယခုတွင်လည်း ပြည် တွင်းတွင် ပို့ကုန်ရငွေဒေါ်လာ နှင့် ဒေါ်လာ ငွေစာရင်းများသည် သန်း ၅၀ အောက်တွင်သာရှိ၍ ဒေါ်လာ လိုအပ်ချက် အလွန်ကြီးမားကြောင်း၊ ဗဟိုဘဏ်က မရောင်းပေးလျှင် ဒေါ်လာ ပြတ်လပ်မှု ကြီးမားလာမည်ဖြစ်ကြောင်း စျေးကွက် ကျွမ်းကျင်သူများက ဆိုကြသည်။

အခြားတစ်ဖက်တွင်လည်း မြန်မာကျပ်ငွေကို ကိုင်မထားကြတော့ဘဲ ဒေါ်လာနှင့်ရွှေဝယ်ယူမှုများရှိနေကြောင်း၊ အများစုသော ငွေကြေးတတ်နိုင်သူများသည် ပြည်ပနိုင်ငံများသို့ ပြောင်းရွှေ့မှုများစွာရှိနေပြီး ပြောင်းရွှေ့ရန် ထပ်မံ ပြင်ဆင်နေသူများလည်း များပြားကြောင်း၊ ယင်းအခြေအနေများကလည်း‌ ဒေါ်လာ ဝယ်လိုအား တက်စေကြောင်း သိရှိရသည်။

“ဘန်ကောက်မှာ တိုက်ခန်း ကွန်ဒိုဝယ်တာတွေကလည်း တကယ်ကြီးကို များနေပါတယ်။ တချို့လည်း ဒေါ်လာကို အဝေးချိန်း ငွေပဲ ယူသွားပြီး ဘန်ကောက်မှာသွား ငှားနေကြတာလည်းရှိပါတယ်။ ဆိုလိုတာက ပြောင်းရွှေ့မှုတွေပေါ့ များနေတယ်။ ကိုယ့်မြေကိုယ့်ရေမှာကလည်း ပစ်တာ ခတ်တာ၊ မထင်ရင် မထင်သလို လုပ်နေတဲ့ ဥပဒေမဲ့ လုပ်ရပ်တွေကြောင့် လူတွေ နေမပျော်တော့ တတ်နိုင်တဲ့သူတွေကတော့ ရွှေ့ကြတယ်” ဟု ထိုင်းနှင့်မြန်မာ ခရီးသွား၊ ကုန်ပို့ဆောင်ရေးလုပ်ကိုင်သူတစ်ဦးက ဆိုသည်။

သုံးသပ်မှု

မြန်မာကျပ်ငွေသည် လက်ရှိတွင် ငွေကျပ် ဘီလီယံထောင်ချီ၍ ရိုက်ထုတ်ခဲ့ခြင်း၏ ဆိုးကျိုးရလဒ်များကို ယခုအချိန်တွင် ခံနေရပြီး စစ်တပ်က စစ်အသုံး စရိတ်နှင့် စစ်သည်များ၏ သက်စွန့်စရိတ်အဖြစ် စစ်သား ၁ ဦးလျှင် ငွေကျပ် ၃ သောင်း ထပ်မံ ပေးအပ်သည်ဆိုသော သတင်းများ ကျယ်ပြန့်စွာ ထွက်ပေါ်လျက်ရှိကြောင်း ၊ ထိုအခြေအနေများက စစ်တပ်အနေဖြင့် ငွေကြေး လို အပ်ချက်များအတွက် မဖြစ်မနေ ငွေကျပ် ဘီလီယံထောင်ချီ ထပ်မံ ရိုက်ထုတ်ရဦးမည်ဟု စီးပွားရေးကျွမ်းကျင်သူများက ဆိုသည်။

“စစ်သားတွေ ငွေ ၃ သောင်းထပ်ပြီး အပိုဆောင်းချီးမြှင့်တယ်ဆိုတာ သတင်းတွေ အတော်ကျယ်ကျယ်ပြန့်ထွက်တယ်။ နောက်တစ်ခါ ဘီလီယံ ၄၀၀ ကို အခမ်းအနားနဲ့ ပေးတဲ့ကိစ္စ။ ဒါတွေက စစ်တပ်အနေနဲ့ ဘယ်လောက် ငွေတွေ ရိုက်ထုတ်နေတယ်ဆိုတာ သက်သေပြနေတာပဲ။ ငွေတန်ဖိုးက ထိုးကျဦးမယ်။ ထိန်းနိုင်မယ့် လက္ခဏာမမြင်ဘူး” ဟု စီးပွားရေးကျွမ်းကျင်သူက ဆိုသည်။

ကမ္ဘာ့စီးပွားရေးစျေးကွက်တွင်လည်း အမေရိကန်ဗဟိုဘဏ်က အတိုးနှုန်း မြင့်မားစွာ မြှင့်တင်မည်ဟု ကြေညာမှုကြောင့် အမေရိကန်ဒေါ်လာတန်ဖိုး အညွှန်းကိန်းများ ထိုးတက်နေကြောင်း၊ ထို့ကြောင့် မခိုင်မာတော့သည့် ကျပ်ငွေတန်ဖိုးထိုးကျမှုကို ပိုမိုဆိုးဝါးစေမည်ဟုဆိုသည်။

ဩဂုတ်လ ၃၀ ရက်နေ့တွင် အခေါက်ရွှေ (အကယ်ဒမီ မီးလင်းရွှေ) သည် တစ်ကျပ်သားလျှင် ၃၂ သိန်းအထိရောက်ရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article