29 C
Yangon

လောက်ကိုင်တွင် ကြံ့ခိုင်ရေး အမတ်ဟောင်း ဦးခင်မောင်လွင်၊ ကိုးကန့်တရုတ်နှင့် ရဲတပ်ဖွဲ့ ပေါင်းကာ ပြည်သူများ နေအိမ်ကို အဓမ္မ အင်အား ဘူဒိုဇာနှင့် ထိုးကာ ဖျက်ဆီး၊ ပြည်သူ ၈၀ ကျော် နေစရာမဲ့ ဖြစ်

Must read

ရန်ကုန်၊ ဩဂုတ် ၃၁

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးခရိုင်၊လောက်ကိုင်မြို့တွင် ဩဂုတ်လ ၂၉ နှင့် ၃၀ ရက်နေ့များတွင် ကြံ့ဖွတ် အမတ်ဟောင်း ဦးခင်မောင်လွင်မှ ကိုးကန့်တရုတ်လူများနှင့် ပူးပေါင်းကာ ဈေးဟောင်းအနီးရှိ နေအိမ်များကို အင်အားသုံး ဘူဒိုဇာနှင့် ထိုး၍ ဖြိုခွင်းကာ မြေအပိုင်သိမ်းယူရန် ကြိုးပမ်းနေသည့်အတွက် လူဦးရေ ၈၀ ကျော် နေစရာမဲ့ ဖြစ်သွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

“သြဂုတ်လ ၂၉ နဲ့ ၃၀ ရက်တွေမှာ ကြံဖွတ်အမတ်ဟောင်း ဦးခင်မောင်လွင်နဲ့ ကိုးကန့်တရုတ်လူမျိုးတွေ ပေါင်းပြီး ပြည်သူတွေ နေထိုင်တဲ့ နေအိမ်တွေကို အင်အားသုံးဖြိုခွင်းပြီး အပိုင်သိမ်းယူဘို့ ကြိုးစားခဲ့တာပါ။ အိမ်ခြေကနည်းတယ်၊ ဒါပေမယ့် လက်ရှိအခြေအနေမှာ လူဦးရေ ၈၀ ကျော်နေစရာမဲ့ ဖြစ်ပါတယ်၊ အိမ်ကတော့ ၅ ထပ်အိမ် သုံးအိမ်ပါ” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

အဆိုပါ မြေကွက်များသည် ၂၀၁၈ /၂၀၁၉ ခုနှစ်ဝန်းကျင်ကတည်းက ကြံ့ခိုင်ရေးပါတီဝင် အမတ်ဟောင်း ဦးခင်မောင်လွင်နှင့် တရုတ်လူမျိုးများ ပူးပေါင်း သိမ်းယူရန်ကြိုးစားခဲ့ဖူးပြီး နေပြည်တော်ကောင်စီ သက်ဆိုင်ရာအဖွဲ့သို့ တင်ပြကာ ညှိနှိုင်း၍ ပြီးပြတ်ခဲ့ပြီး ဖြစ်ကြောင်း အဆိုပါနေရာ အငြင်းပွားမှုကိစ္စနှင့် ပတ်သက်ပြီး ကူညီဆောင်ရွက်နေသူတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ရှင်းပြသည်။

လက်ရှိအချိန်တွင်မူ ကြံ့ခိုင်ရေးအမတ်ဟောင်း ဦးခင်မောင်လွင်နှင့် ပူးပေါင်းအဖွဲ့က သက်ဆိုင်ရာ တရားရုံး၏ အမိန့် သို့မဟုတ် ဒီဂရီ ချမှတ်ခြင်း မရှိဘဲ တရားမဲ့ လုပ်ဆောင်ခြင်းဖြစ်ကာ ရဲတပ်ဖွဲ့ပါ လိုက်ပါ လုပ်ဆောင်သည်ကို မြင်တွေ့ရကြောင်း၊ မြန်မာနိုင်ငံတွင် တရုတ်လူမျိုးများနှင့် ပူးပေါင်းကာ တိုင်းရင်းသားများကို မတရား အနိုင်ကျင့်နေခြင်းဖြစ်ကြောင်း အဆိုပါ မြေနေရာနှင့် ပတ်သက်၍ ကူညီဆောင်ရွက်ပေးသူ တစ်ဦးက ဆက်ပြောသည်။

အဆိုပါ မြေကွက်များမှာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ လောက်ကိုင်မြို့၊ အမှတ် ၂ ရပ်ကွက် ဈေးဟောင်းအနီးရှိ အိမ်ခန်းများဖြစ်ပြီး အဆိုပါ ငါးထပ်အောက်အဦး ၃ လုံးတွင် လူပေါင်း ၈၀ ခန့် နေထိုင်သည်။

ယခုလို လာရောက်ကာ နေအိမ်များကို ဖျက်ဆီးနေခြင်းမှာ ဖျက်ဆီးခွင့် စာရွက်စာတမ်း တစ်စုံတစ်ရာ မပါဘဲ အတင်းအဓမ္မလာရောက် ဖျက်ဆီးခြင်းဖြစ်ပြီး အရပ်ဝတ် ပြည်သူစစ်တပ်ဖွဲ့ဝင်များကပါ လာရောက် ခြိမ်းခြောက်နေခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

ပုံစာ – ကြံ့ခိုင်ရေး အမတ်ဟောင်း ဦးခင်မောင်လွင်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article