38 C
Yangon

ဗိုလ်ချုပ်ထိန်ဝင်း၊ ဗိုလ်မှူးကြီး မျိုးဆွေနှင့် ဒုဗိုလ်မှူးကြီး သန်းထွဋ်အောင် တို့က ခြေပြတ်လက်ပြတ်၊ မသန်စွမ်း၊ ဒုက္ခိတ စစ်သည် ပါမကျန် အလုပ် ခိုင်းစေပြီး မတရား စီးပွားရှာ၊ ရွှေနှင့်ဒေါ်လာ လက် ကြီး ဝယ်ရောင်းလုပ်

Must read

ရန်ကုန်၊ စက်တင်ဘာ ၆

ပဲခူးတိုင်း၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထိန်ဝင်း၊ ပျဉ်ပုံကြီးတပ်နယ်မှူး ဗိုလ်မှူးကြီးမျိုးဆွေ အမှတ် ၁ အင်အားဖြည့်တင်းရေး၊ ပြန်လည်နေရာချထားရေးတပ်မှ တပ်မှူး ဒုတိယဗိုလ်မှူး ကြီး သန်းထွဋ်အောင်တို့ ပူးပေါင်းပြီး ခြေပြတ်လက်ပြတ် မသန်စွမ်း ဒုက္ခတိ စစ်သည်များကို အဆမ တန် အလုပ်ခိုင်းစေကာ မတရားကိုယ်ကျိုးစီးပွားရှာခြင်းဖြင့် ချမ်းသာလာကြောင်း တပ်သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ပဲခူးတိုင်း၊ ပျဉ်ပုံကြီးရှိ အမှတ် ၁ အင်အားဖြည့်တင်းရေးနှင့် ပြန်လည်နေရာချထားရေးတပ်မှ တပ်မှူး ဒုတိယဗိုလ်မှူးကြီးသန်းထွဋ်အောင်သည် အလုပ်သင်ဗိုလ်လောင်းသင်တန်း အပတ်စဉ် ၂၅ ဆင်းဖြစ်ပြီး အောက်ခြေတွင် တိုင်းမှူးထံ ဂါ၀ရ ဆက်ကြေးပေးကာ အောက်ခြေတွင် မသန်စွမ်း၊ ဒုက္ခိတ၊ ခြေပြတ်လက်ပြတ် စစ်သည်များကို အဆမတန် ခိုင်းစေ ကိုယ်ကျိုးစီးပွားရှာလျက်ရှိကြောင်း သိရှိရသည်။

တိုက်ပွဲတွင် ဒဏ်ရာရပြီး ဆေးရုံမှ ပြန်လည် ဆင်းလာသော ခြေပြတ်၊ လက်ပြတ်၊ ဒုက္ခိတ၊များကို မင်းအောင်လှိုင်၏ ညွှန်ကြားချက်ဟုဆိုကာ တပ်အတွင်း အထည်ချုပ်စက်ရုံ၊ ဆပ်ပြာလုပ်ငန်း၊ ဒိန်ချဉ်လုပ်ငန်း၊ နွားမွေးမြူရေး၊ ဥစားကြက်၊ အသားတိုးကြက်၊ ဝက်မွေးမြူရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် မတရား အလုပ်ခိုင်းစေကြောင်း၊ ထိုက်သင့်သည့် လုပ်အားခများ မပေးသည့်အပြင် အကြီး အကျယ် ခေါင်းပုံဖြတ်မှုများစွာဖြင့် ၎င်းတို့သာ တစ်နေ့တစ်ခြားပို၍ ချမ်းသာသည်ထက် ချမ်းသာလာပြီး အောက်ခြေစစ်သည်များမှာ နင်းပြားဘဝ မသန်မစွမ်းဖြင့် ပင်ပန်းကြီးစွာ လုပ်ကိုင်နေရသည်ဟု သိရှိရသည်။

“တပ်မှူးက မှော်ဘီမြို့မှာ သိန်းသောင်းချီတန် အထပ်မြင့်တိုက်တွေ ပိုင်ဆိုင်ဆောက်လုပ်နေပါပြီ ။ ခေတ်ပျက်ကြီးထဲမှာ စီးပွားရှာပြီး သူဌေး ဖြစ်လာတယ်။ တပ်မှူးရဲ့ ဇနီးဆိုတာကလည်း တပ်ထဲမှာ ခဏ အယောင်ပြ လာနေတယ်။ ပြီးတော့ အပြင်မှာ ရွှေ ဒေါ်လာနဲ့ အခြား စီးပွားရေး အကြီးအကျယ် လုပ်တာပါ” ဟု တပ်တွင်းသတင်းရင်းမြစ်က ဆိုသည်။

ဒုတိယဗိုလ်မှူးကြီး သန်းထွဋ်အောင်က ပဲခူးတိုင်း စစ်တောင်းတံတားဂိတ်၏ လုံခြုံရေး အလုံးစုံနှင့်စစ်ဆေးရေးဂိတ် တာဝန်ခံ ဖြစ်ရာ တံတားမှ တရားမဝင်လိုင်စင်မဲ့ယာဉ်များ ဖြတ်သန်းခွင့်ပေးခြင်း၊ တရုတ်မှောင်ခိုဝင်ရောက်ခြင်းအား အခကြေးငွေ မြိုးမြိုးမြက်မြက်ယူ၍ ခွင့်ပြုပေးခြင်း၊ သစ်မှောင်ခိုနှင့် လက်နက်မှောင်ခိုများကို တရားမဝင် ခွင့်ပြုပေးခြင်းတို့ကို တပ်မှူး ဒုဗိုလ်မှူးကြီး သန်းထွဋ်အောင် ကိုယ်စား ဗိုလ်ကြီး မျိုးမြင့်အောင်ကို တာဝန်ပေး၍ လုပ်ကိုင်နေသည်ဟု သိရှိရသည်။

ဒုတိယဗိုလ်မှူးကြီး သန်းထွဋ်အောင်က ပျဉ်ပုံကြီးတပ်နယ်မှူး ဗိုလ်မှူးကြီး မျိုးဆွေနှင့် တောင်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ် ထိန်ဝင်း လာဘ်လာဘများစွာ ပေးထားသဖြင့် ၎င်းကို ကြိုက်သည့်နေရာသို့ တိုင်နိုင်ကြောင်း၊ ၎င်းကို တိုင်ကြားသူသာလျှင် ဘ၀ပျက်သွားလိမ့်မည်ဖြစ်ပြီး သူ့ကိုမူ ထူးထူးခြားခြား သက်ရောက်မှု မရှိနိုင်ကြောင်း လက်အောက်ငယ်သားများကို စိန်ခေါ် ဖိနှိပ်လေ့ရှိသည်ဟု သိရှိရသည်။

“ဒီနေရာကို သူ ရဖို့ သူ့မှာ အများကြီး ကြိုးစား လုပ်ကိုင်ခဲ့ရတယ်။ ဒီနေရာရဖို့က လွယ်တာမဟုတ်ဘူး။ အခု သူ့ကို ဘယ်သူ တိုင်ရဲလဲ။ ကြိုက်တဲ့သူတိုင်၊ တိုင်လည်း သူက မပြုတ်နိုင်ဘူး။ တပ်မမှူး၊ တိုင်းမှူးကို သူက‌ ငွေရှာပေးနေရတာကို ဂုဏ်ယူဝင့်ကြားစွာ ပြောလေ့ရှိတယ်” ဟု တပ်တွင်းသတင်းရင်းမြစ်က ဆိုသည်။

တပ်တွင်းသတင်းရင်းမြစ်ကမူ လက်ရှိ တပ်တွင်း အကျင့်ပျက်ခြစားမှု ပိုမို ဆိုးဝါးနေပြီး ထိပ်ပိုင်း ခေါင်းဆောင်များအနေ ဖြင့်လည်း တပ်တွင်း အကျင့်ပျက်ခြစားမှုများကို အရေးယူမှု မရှိသလောက် နည်းပါးလာကြောင်း၊ တပ်တွင်း အကျင့်ပျက်ခြစားမှုများကို မသိချင်ယောင် ဆောင်ထားပေးသည့် အခြေအနေဖြစ်လာနေသည်ဟု သုံးသပ်ပြောဆိုသည်။

ဓာတ်ပုံ- တိုင်းမှူး ဗိုလ်ချုပ်ထိန်ဝင်းနှင့် ဒုတိယဗိုလ်မှူးကြီးသန်းထွဋ်အောင်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article