ရန်ကုန်၊ စက်တင်ဘာ ၉
အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်) BGF တပ်ဖွဲ့ဝင်များဖြစ်သည့် သားနှစ်ဦးကို လက်နက်ချအလင်းဝင်ရန် ခေါ်ဆောင်မရ၍ ဖခင်ဖြစ်သူက သား၂ ဦး၏ လက်နက် ၃ လက်နှင့် ကျည်ဆံများများကို ယူဆောင်ကာ KNU တပ်မဟာ ၅ ထံ အပ်နှံလိုက်ကြောင်း မူတြော်သတင်းစဉ်၏ ကရင်ဘာသာဖြင့် သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
“သား ၂ ယောက်က BGF စစ်သားတွေ၊ သူခေါ်တာ မရလို့ သေနတ်တွေ ယူပြီး တပ်မဟာ ၅ ဆီ လာအပ်တယ်၊ သူက ခြေထောက်တစ်ဖက်မရှိဘူး။ နာမည်က ဖထီးစောမီးလေး” ဟု ကရင်သတင်းရင်းမြစ်တစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။
စောမီးလေးသည် G3 သေနတ် ၁ လက်၊ M16 သေနတ် ၁ လက်၊ ကာဘိုင် သေနတ် ၁ လက်၊ ကျည်ဆံများအပ်နှံလာကြောင်းနှင့် KNU တပ်မဟာ ၅ က သိန်း ၄၀ ကျပ် ဂုဏ်ပြုချီးမြှင့်ကြောင်း မူတြော်သတင်းစဉ်က ဓါတ်ပုံများနှင့်တကွ သတင်းထုတ်ပြန်ထားသည်။