27 C
Yangon

မြန်မာနိုင်ငံတစ်ဝန်းမှ ရဲတပ်ဖွဲ့ဝင်များကို ရွေးချယ်၍ အထူးတိုက်ခိုက်ရေးသင်တန်းပေးကာ ရဲကွန်မန်ဒိုစစ်ကြောင်းများ ဖွဲ့စည်းပြီး ရှေ့တန်းစစ်မြေပြင်များသို့ ဆက်တိုက် စေလွှတ်နေ

Must read

ရန်ကုန်၊ ဇူလိုင် ၅

မြန်မာနိုင်ငံတစ်ဝန်းရှိ ရဲတပ်ဖွဲ့ဝင်များကို အလှည့်ကျစနစ်ဖြင့် ရွေးချယ်ကာ တိုက်ခိုက်ရေးအထူးသင်တန်းများ ပေးပြီးနောက် ရဲကွန်မန်ဒိုစစ်ကြောင်းများအဖြစ် ဖွဲ့စည်း၍ ရှေ့တန်းစစ်မြေပြင်များသို့ ဆက်တိုက် စေလွှတ်လျက်ရှိကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ ရဲတပ်ဖွဲ့ဝင်များကို အလှည့်ကျစနစ်ဖြင့် ဆက်တိုက် ရွေးချယ်ခေါ်ယူပြီး တိုက်ခိုက်ရေးအထူးသင်တန်းများကို ၂ လမှ ၃ လအထိ လေ့ကျင့်ပေးကြောင်း၊ သင်တန်းပြီးဆုံးပါက ရဲကွန်မန်ဒို ရှေ့တန်းစစ်ကြောင်းများအဖြစ် ဖွဲ့စည်းကာ စစ်ဆင်ရေးနယ်မြေများသို့ တာဝန်ချထားကြောင်း သိရသည်။

“မြန်မာနိုင်ငံတစ်ဝန်းက ရဲတွေကို အလှည့်ကျစနစ်နဲ့ ရွေးချယ်ပြီး တိုက်ခိုက်ရေးအထူးသင်တန်းတွေကို ၂ လကနေ ၃ လအထိ ပေးတယ်။ သင်တန်းပြီးရင် ရဲကွန်မန်ဒို ရှေ့တန်းစစ်ကြောင်းတွေ ဖွဲ့ပြီး ရှေ့တန်းစစ်မြေပြင်တွေကို စေလွှတ်နေတယ်” ဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောသည်။

လက်ရှိတွင် အဆိုပါ ရဲကွန်မန်ဒိုတပ်ဖွဲ့များကို စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ကရင် ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့ရှိ ရှေ့တန်းစစ်မြေပြင်များသို့ အဓိကထား စေလွှတ်နေကြောင်း သိရသည်။

“စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကရင်၊ ပဲခူးဘက် ရှေ့တန်းစစ်မြေပြင်တွေကို အဓိကလွှတ်နေတာ။ ယာဉ်ထိန်းရဲတွေ၊ စခန်းရဲတွေ၊ ရဲဌာနပေါင်းစုံက ရဲတွေကို ရွေးချယ်ပြီး စေလွှတ်နေတယ်” ဟု သတင်းရင်းမြစ်က ဆိုသည်။

ထို့ပြင် ဇူလိုင် ၃ ရက်နေ့ကလည်း ရန်ကုန်ရှိ ရဲတပ်ရင်းများမှ တိုက်ခိုက်ရေးအထူးသင်တန်း ပြီးဆုံးထားသည့် ရဲကွန်မန်ဒိုများကို စစ်ကား ၁၀ စီးခန့်ဖြင့် ကရင်ပြည်နယ် မြဝတီမြို့ဘက်သို့ အင်အားဖြည့်တင်း စေလွှတ်ခဲ့ကြောင်း သိရသည်။

မြ၀တီမြို့သို့ စေလွှတ်ခံရသော ရဲကွန်မန်ဒိုစစ်ကြောင်းတွင် မွန်ပြည်နယ် မော်လမြိုင်ခရိုင် ဘီလူးကျွန်းဒေသမှ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များလည်း ပါဝင်ပြီး၊ ၎င်းတို့ကို မူလတာဝန်များမှ ပြန်လည်ခေါ်ယူကာ ရဲတပ်ရင်းတွင် တိုက်ခိုက်ရေးအထူးသင်တန်းပေးပြီးနောက် ရှေ့တန်းသို့ စေလွှတ်ခဲ့ကြောင်း သိရသည်။

“ဇူလိုင် ၃ ရက်နေ့က ရန်ကုန်က ရဲတပ်ရင်းမှာ တိုက်ခိုက်ရေးအထူးသင်တန်းဆင်းတဲ့ ရဲအင်အားကို ကား ၉ စီး၊ ၁၀ စီးလောက်နဲ့ မြဝတီဘက်ကို အင်အားဖြည့် စေလွှတ်တယ်။ အဲဒီအထဲမှာ မော်လမြိုင် ဘီလူးကျွန်းဘက်က ယာဉ်ထိန်းရဲတွေကို ရဲတပ်ရင်း ပြန်ခေါ်ပြီး တိုက်ခိုက်ရေးအထူးသင်တန်းပေးကာ စေလွှတ်လိုက်တဲ့ ရဲတွေလည်း ပါတယ်” ဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောကြားသည်။

ရှေ့တန်းသို့ မသွားလိုသော စခန်းရဲများနှင့် ယာဉ်ထိန်းရဲများက အထက်အရာရှိများကို ငွေကြေးကန်တော့ လာဘ်ထိုးကာ ရဲကွန်မန်ဒိုစစ်ကြောင်းများတွင် မပါဝင်ရေး လုပ်ဆောင်နေကြကြောင်း သိရှိရသည်။

ဓာတ်ပုံ- AFP ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article