32 C
Yangon

မိုးဗြဲတွင် စစ်ရှောင်ပြည်သူများ ရှိနေသည့် မွေတော်ဘုရားအတွင်းသို့ စစ်ကောင်စီတပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ကျရောက်ပြီး ၄ ဦးသေဆုံး၊ ၁၃ ဦးထက်မနည်း ဒဏ်ရာရ

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၆

ရှမ်း-ကရင်နီအစပ် မိုးဗြဲမြို့၊ ပွဲကုန်း ၂ ရပ်ကွက်၊ ဘီလူးချောင်းနံဘေးရှိ မွေတော်ဘုရားအတွင်းသို့ စက်တင်ဘာလ ၁၆ ရက် ယနေ့နံနက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်ခတ်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး စစ်ရှောင်ပြည်သူ ၄ ဦး သေဆုံးကာ ၁၃ ဦးထက်မနည်း ဒဏ်ရာရကြောင်း သတင်းရရှိသည်။

“ဒီမနက် အစောပိုင်း ၁ နာရီခွဲ ၂ နာရီလောက်မှာ ဘုရားဝန်းထဲကို လက်နက်ကြီးကျတာ။ ကလေး ၂ ဦး၊ လူကြီး ၂ ဦးသေတယ်၊ ၁၃ ဦးကျော် ဒဏ်ရာရတယ်” ဟု ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက် တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

မိုးဗြဲတွင်ဖြစ်ပွားခဲ့သော ၅ ရက်တာ တိုက်ပွဲအပြီး အကြမ်းဖက်စစ်တပ်က ဆုတ်ခွာသွားပြီးနောက် အနီးဝန်းကျင်သို့ လက်နက်ကြီးများ ရမ်းသန်း ပစ်ခတ်နေခြင်းဖြစ်သည်။

“မိုးဗြဲမှာ ၅ ရက် တိုက်ပွဲပြီးတော့ စစ်တပ်က ပြန်ဆုတ်သွားတယ်၊ ဒါပေမယ့် လက်နက်ကြီးတွေ တောက်လျှောက်ပစ်နေတာ။ ဒီမနက် လက်နက်ကြီး ကျတဲ့နေရာကလည်း စစ်တပ် တပ်စွဲသွားတဲ့ ကတ်သလစ်ဘုရားကျောင်း နားမှာပဲ။ အဲဒီ ဘုရားကျောင်းမှာ စစ်တပ်က တပ်စွဲတဲ့အချိန် ကရင်နီအဖွဲ့တွေက ဝင်တိုက်ခဲ့တော့ စစ်တပ်က အနီးဝန်းကျင်ကို လက်နက်ကြီးနဲ့ ဆက်ပစ်နေတဲ့ သဘောပဲ” ဟု ကရင်နီပူးပေါင်းတပ်ဖွဲ့၏ ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ရှင်းပြသည်။

စက်တင်ဘာလ ၈ ရက်နေ့မှ ၁၂ ရက်နေ့အထိ မိုးဗြဲမြို့တွင် အကြမ်းဖက်စစ်တပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများအပါအဝင် လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်မှုများကြောင့် ၈ နှစ်အရွယ်ကလေးငယ်တစ်ဦးသေဆုံးကာ ပြည်သူအချို့ ဒဏ်ရာရပြီး နေအိမ် ၁၀၀ ဝန်းကျင် ပျက်စီး ဆုံးရှုံးခဲ့သေးသည်။

၅ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အထိနာခဲ့ပြီး စစ်သား ၆၀ ဝန်းကျင်သေဆုံးကာ လက်နက်ခဲယမ်းအမြောက်အများကို ကရင်နီပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်းရရှိခဲ့သည်။

မိုးဗြဲမြို့သည် ရှမ်း-ကရင်နီအစပ် အဓိကကားလမ်းပေါ်တွင် တည်ရှိပြီး အချက်အချာ ကျသည့် နေရာလည်းဖြစ်ကာ မိုးဗြဲမြို့အနီးတွင် စစ်တပ်၏ တရင်း ၂ ခု၊ ဖယ်ခုံမြို့တွင် စကခ ၇ တို့ အခြေစိုက်ထားပြီး အဆိုပါ တပ်ရင်းများက လက်နက်ကြီး ပစ်ကူများ ပေးလျှက်ရှိသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article