34 C
Yangon

ကရင်နီပြည်နယ်တွင် မှတ်ပုံတင်အမှတ် ၂/ သာ သွားလာခွင့်ရှိမည်ဟု ထုတ်ပြန်ချက်ကို ပြင်ဆင်ပြီး ဖြတ်သန်းသွားလာသူတိုင်း စစ်ဆေးမှုများကို ကြည်ဖြူစွာလက်ခံရန် KNDF တပ်ရင်း ၂ ထုတ်ပြန်

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၆

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း ၂ က စက်တင်ဘာလ ၁၅ ရက် ယမန်နေ့က ထုတ်ပြန်ခဲ့သော ‘ကရင်နီပြည်အတွင်း ၂/ မှတ်ပုံတင်ကိုင်ဆောင်သူများသာ ဖြတ်သန်းသွားလာခွင့် ရှိမည်’ ဟုပါရှိသော ကြေညာချက်ကို ပြင်ဆင်ပြီး လူတိုင်းဖြတ်သန်းသွားလာခွင့်ရှိမည်ဖြစ်ကာ စစ်ဆေးမှုများကို ကြည်ဖြူစွာလက်ခံရမည်ဟု KNDF က ပြင်ဆင်ချက် ထုတ်ပြန်သည်။

နေရာအနှံ့ တိုက်ပွဲများ ပြင်းထန်နေသော ကရင်နီပြည်နယ်တွင် အကြမ်းဖက်စစ်ကောင်စီသည် ၎င်းတို့၏ သူလျှို၊ ကင်းထောက်များကို အရပ်ဝတ်ဖြင့် စေလွှတ်ကာ ထောက်လှမ်းမှုများ ရှိနေသဖြင့် ကရင်နီပြည်နယ်တွင် မှတ်ပုံတင်အမှတ် ၂/ ကိုင်ဆောင်သူများကိုသာ မြို့နယ်များကို ဖြတ်သန်းသွားလာခွင့်ပြုမည်ဟု ယမန်နေ့က ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် ကရင်နီပြည်နယ်အတွင်း၌ နီးစပ်ရာဒေသများတင်မက အခြားဝေးလံသော ဒေသများမှ ပြည်သူများပါ နေ့စဉ် ရာနှင့်ချီ ဖြတ်သန်းသွားလာနေသည်ကို တွေ့ရှိကြောင်း၊ ကရင်နီပြည် ဒေသမခံများ မဟုတ်သည့် ရပ်ဝေးမှ ပြည်သူများအနေဖြင့် လမ်းခရီးတွင် စစ်ဆေးမှုကို ကြည်ဖြူစွာလက်ခံရမည်ဖြစ်ကြောင်း သိရှိရသည်။

အိုးအိမ်စွန့်ခွာ စစ်ရှောင်နေသော အများပြည်သူနေအိမ်များမှ ပစ္စည်းများကို မသမာသူများက ဖောက်ထွင်းခိုးယူကာ ကားများဖြင့် ပြည်နယ်ပြင်ပသို့ တင်ဆောင်နေသော ဖြစ်ရပ်များကို မကြာခဏ စစ်ဆေးတွေ့ရှိရသဖြင့် အမှတ်ပုံတင်အမှတ် ၂/ ကိုင်ဆောင်သူများသာ ဖြတ်သန်းခွင့်ရှိမည်ဟု သုံးနှုံးခဲ့သည့်အတွက် တောင်းပန်ကြောင်း KNDF က ဆိုသည်။

ကရင်နီပြည်နယ်အတွင်း အရပ်ဝတ်ဖြင့် ဖြတ်သန်းသွားလာသူများထဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များလည်း ပါဝင်ပြီး ထောက်လှမ်းလျှက်ရှိကြောင်း KNDF ဗဟို ပြန်ကြားရေးက ရန်ကုန်ခေတ်သစ်သို့ ပြောသည်။

“စစ်ကောင်စီတပ်တွေက အဲဒီလမ်းကြောင်းကို အသုံးပြုပြီး အရပ်ဝတ်နဲ့သွားလာ တပ်ချိန်းပြောင်းလုပ်တာတွေ၊ ရိက္ခာတွေအရပ်သားကားနဲ့သယ်တာတွေ လုပ်ပါတယ်။ အဲဒီလမ်းကြောင်းသလျောက်မှာ စကစ က သူလျိုတွေ သွားလာပြီး သတင်းတွေပေးနေတာတွေရှိလို့ KNDF က ကန့်သတ်ရတာဖြစ်ပါတယ်” ဟု KNDF ဗဟို ပြန်ကြားရေးက ရန်ကုန်ခေတ်သစ်သို့ ပြောသည်။

အကြမ်းဖက်စစ်တပ်သည် ကရင်နီပြည်နယ်ကို ထိုးစစ်ဆင်နေရာတွင် လက်နက်ခဲယမ်းများကို လေကြောင်းမှတဆင့် ပို့ဆောင်ပြီး စစ်သားများကို အရပ်သားအသွင်ဖြင့် ပို့ဆောင်နေသည်ဟု ယူဆကြောင်း KNDF တပ်ရင်း ၂ က ထုတ်ပြန်ထားသည်။

ရှမ်း-ကရင်နီအစပ် မိုးဗြဲနှင့် ကရင်နီပြည်အနှံ့အပြားတွင် စစ်တပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲများ ပြင်းထန်လျှက်ရှိပြီး စက်တင်ဘာလ ဒုတိယတစ်ပတ်အတွင်း တိုက်ပွဲများတွင် အကြမ်းဖက်စစ်သားပေါင်း ၈၀ ကျော် သေဆုံးခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article