33 C
Yangon

တန့်ဆည်တွင် စိတ်ဝေဒနာရှင်ကို စစ်တပ်က ပစ်ခတ် မီးရှို့သတ်ဖြတ်၊ လှည်ကူး၊ မုံရွာ၊ ကျောက်ကြီးမြို့များတွင်လည်း စစ် တပ်၏ သတ်ဖြတ်မှုကြောင့် ပြည်သူ ၃ ဦးသေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၈

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ အောင်ချမ်းသာကျေးရွာတွင် စိတ်ဝေဒနာရှင်တစ်ဦးကို စစ်တပ်က ပစ် ခတ် မီးရှို့သတ်ဖြတ်လိုက်ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

စက်တင်ဘာလ ၁၇ ရက်နေ့တွင် စစ်ကောင်စီ၏ တပ်မ ၃၃ တပ်က စစ်ကိုင်း တိုင်း၊ တန့်ဆည်မြို့နယ် အောင်ချမ်းသာ ကျေးရွာကို စစ်ကြောင်းထိုးခဲ့ကြောင်း၊ ယင်းသို့ စစ်ကြောင်းထိုးစဉ် ကျေးရွာတွင် စိတ်မနှံ့၍ မပြေးဘဲ ပြေးလွှားကခုန်နေသူ စိတ်ဝေဒနာရှင်တစ်ဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ် မီးရှို့လိုက်ကြောင်း ၊ ယင်းနောက် အောင်ချမ်းသာ ကျေးရွာမှ နေအိမ်များကိုလည်း စစ်တပ်က မီးတင်ရှို့သွားကြောင်း သိရှိရသည်။

“စိတ်ကျန်းမာရေးမကောင်းသူကို စစ်တပ်က နားထင်တေ့ပစ်သတ်တာ။ မနေ့က အောင်ချမ်းသာမှာရှိတဲ့ ပြည်သူပိုင် နေအိမ်၁၂လုံး မီးရှို့သွားတယ်။ အရင်တစ်ခါကလည်း စစ်တပ်က အိမ်ခြေ ၁၀၃ လုံးကို မီးရှို့ပြီးသားပါ။ ဘာမှ ကျန်တော့ဘူး” ဟု တန့်ဆည်ဒေသခံတစ်ဦးက ပြောဆိုသည်။

အလားတူ စက်တင်ဘာလ ၁၆ ရက်နေ့ ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ဒါးပိန်တွင် ဘေးတွဲဆိုင်ကယ် တစ်စီးကို စစ်ကားဖြင့် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်သတ် ဖြတ်မှု ဖြစ်ပွားခဲ့ပြီး ဘေးတွဲဆိုင်ကယ်မှ ဆိုင်ကယ်မောင်းသူ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

“ဆားတလင်း-ဒါးပိန်ကားလမ်းပေါ်မှာ စစ်ကားက ဘေးတွဲဆိုင်ကယ်ကို တမင်ဝင်တိုက်ပစ်တာ။ တစ်ယောက် ပွဲချင်းပြီးသေတယ်။ တစ်ယောက် ဆေးရုံရောက်တာ။ စစ်ခွေးကားက ဘေးတွဲဆိုင်ကယ်ပိုင်ရှင်မိသားစုဆီက အလျော်ထပ်တောင်းတယ်။ ဒါးပိန်မှာ ခွေးတွေ လူပါးဝနေတယ်။ သူတို့ခွေးကားနဲ့တိုက်မိတာလို့ သတင်းထွက်ရင် ဒါးပိန်မြို့ခံတွေ မလွယ်ဘူးလို့လည်း ကြိမ်းဝါးပါသေးတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ၊ သပြေတောကျေးရွာတွင် စက်တင်ဘာလ ၁၄ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်အချိန် စစ်တပ်က ပစ်ခတ်ဝင်ရောက်စီးနင်းခဲ့ပြီး အမျိုးသားတစ်ဦးကို ဖမ်းဆီးသွားခဲ့ကြောင်း၊ ပြည်သူပိုင်ပစ္စည်းများကို လု ယက်ယူဆောင်သွားခဲ့ကြောင်း၊ ယင်းနောက် ညပိုင်း စစ်တပ်က ဖမ်းဆီးသွားခဲ့သော ပြည်သူ ၁ ဦး၏ အလောင်းကို စက်တင်ဘာလ ၁၅ ရက်နေ့ သပြေတော ရွာထိပ် ၊သပြေတောရွာဘုန်းကြီးကျောင်း၏ တောင်ဘက်ပြောင်းခင်းဘေးတွင်နှိပ်စက်သတ်ဖြတ်ဒဏ်ရာနှင့်သေဆုံးနေသည်ကို တွေ့ရကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အလားတူ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ရွာကြီးအင်းအုပ်စု၊ အနောက် တောင် စုရွာမှ အသက် ၄၀ နှစ်အရွယ် ဒေါ်နော်သူးလေဖောသည် စက်တင်ဘာ ၁၇ ရက်နေ့ စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ ပွဲချင်းပြီး သေဆုံးသွားကြောင်း ကျေးရွာဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“စစ်တပ်က ရွာထဲမှာ ဘယ်သူမှ မနေရဘူးဆိုပြီး ပြောင်းခိုင်းတယ်။ ရွာမှာ ကျွဲနွား ဝက်တွေ များတော့ မပြောင်းဘဲ ရွာနားက တောထဲမှာပဲနေပြီး အိမ်ကကျွဲနွားဝက်တွေကိုစောင့်ရှောက်ကြတာပေါ့။ မနေ့က ဝက်စာကျွေးဖို့ပြန်လာလာပြီး စားစရာ ဆန်အနည်းငယ်ယူပြီးပြန်တဲ့အချိန်မှာ စစ်တပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျဉ်ထိမှန်တာ။ သူ့သားက အရှေ့က သွားတာ။ နော်သူးလေဖောက နောက်ကနေ လိုက်တာ။ နော်သူးလေဖောရဲ့ ဇက်နဲ့ကျောကုန်းကို လက် နက် ကြီးမှန်ပြီး ပွဲချင်းပြီး ဆုံးတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- တန့်ဆည်၊ အောင်ချမ်းသာကျေးရွာမှ စိတ်ဝေဒနာရှင်ကို စစ်တပ်က ပစ်ခတ် မီးရှို့သတ်ဖြတ်ထားစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article