28 C
Yangon

ငွေကျပ် သိန်းရာချီရှိနေသည့် K -pay နှင့် Wave Money အကောင့်အများအပြား အပိတ်ခံရ ၊ ဗဟိုဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သော်လည်း K-Payနှင့် Wave Money မှ ငွေများ ပြန်မရဘဲ ဆုံးရှုံးမည့် အခြေအနေဖြစ်နေ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၁

အကြမ်းဖက်စစ်ကောင်စီက K-pay နှင့် Wave Money အများအပြားကို စက်တင်ဘာလ ၁၉ ရက်နေ့မှ စတင်ပိတ်ပင်လျက်ရှိပြီး ဗဟိုဘဏ်၏ ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်သော်လည်း သိန်းရာချီရှိနေသည့် အကောင့်အများအပြားပါ အပိတ်ခံနေရကြောင်း ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ဆက်သွယ်ပြောဆိုလားသည်။

“သူတို့ပြောတဲ့အတိုင်း Sim Card ကလည်း ကျနော့်မှတ်ပုံတင်နဲ့ပဲ။ K-pay ကိုလည်း Level 2 မြှင့်တယ်။ ငွေ အဝင် အထွက်ကလည်း တစ်လမှ ၂ ခါ ၃ ခါပဲရှိနေတာ။ အဲဒါကို အပိတ်ခံရတယ်။ ဒီနေ့ဘဏ်သွားတော့ ဗဟိုဘဏ်ကို ဆက်သွယ်ပါပြောတယ်။ ဗဟိုဘဏ်ဆက်သွယ်တော့လည်း ဘယ်ဖုန်းမှ မကိုင်ဘူး။ ဘဏ်ထဲမှာ ငွေက သိန်း ၁၀၀ လောက်ပဲ ရှိတာပါ။ ကိုယ့်ငွေက ဆုံးသလိုဖြစ်နေတယ်။ကျနော်တို့ပိုက်ဆံတွေကို ဘလိုင်းကြီး သိမ်းတာထင်ပါတယ်။ ငွေပြန်ရ အောင် လွယ်ကူအောင် ဘာမှ လုပ်မထားပေးဘူး” ဟု ရန်ကုန်မြို့မှ K-Pay အပိတ်ခံရသူတစ်ဦးက ပြောသည်။

မိုဘိုင်းငွေလွှဲအကောင့်များ Level-2 အဆင့်မရှိပါက ဖျက်သိမ်းမည်ဖြစ်ကြောင်း၊ မသမာသူများက အချက်အလက်များ မှန်ကန်စွာဖြည့်စွက်ခြင်းမရှိဘဲ မိုဘိုင်းငွေပေး ချေမှုအချို့ကို အသုံးချ၍ မသမာသည့် နည်းလမ်းဖြင့်တရားမဝင် ငွေလွှဲပြောင်းမှုများနှင့် ငွေကြေးလိမ်လည်မှုများ လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ ယင်းအပြင် ငွေကြေး လိမ်လည်မှုများကြောင့် အများပြည်သူ၏ နစ်နာဆုံးရှုံးမှုများကို ဖြေရှင်းဆောင်ရွက်ရာတွင်လည်း ဆောင်ရွက်သူများအနေဖြင့် ၎င်းတို့၏ ကိုယ်ရေးအချက်အလက်များကို မှန်ကန်ပြည့်စုံစွာ ဖြည့်သွင်းဆောင်ရွက်ထားမှသာလျှင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဗဟိုဘဏ်က စက်တင်ဘာလ ၁၆ ရက်နေ့တွင် ကြေညာခဲ့သည်။

ဗဟိုဘဏ်၏ ကြေညာချက်အရ နယ်စပ်ဖြတ်ကျော် ငွေပေးချေမှုများ ဆောင်ရွက်ရာတွင်လည်း ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကို လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မိုဘိုင်း ငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများတွင် ဆောင်ရွက်ရသည့် အီလက်ထရွန်နစ်စနစ်ဖြင့် ဆက်သွယ်ဆောင်ရွက်သူများအား ကောင်းစွာသိရှိခြင်းလုပ်ငန်းစဉ်ကို နိုင်ငံတကာစံနှုန်းများနှင့်အညီ မိုဘိုင်းငွေကြေးစာရင်းများတွင် ဖြည့်စွက်ထားသည့်အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်နှင့် ဆင်းမ်ကတ်နံပါတ်တို့ကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက အီလက်ထရွန်နစ် မှတ်ပုံတင်ခြင်းဒေတာဘေ့စ်နှင့် ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန၏ ဆင်းမ်ကတ်မှတ်ပုံတင်ခြင်း ဒေတာဘေ့စ်ရှိ အချက်အလက်များဖြင့် တိုက်ဆိုင်စစ်ဆေးခြင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဗဟိုဘဏ်က ထိုသို့ ကြေညာပြီးနောက် တောက်လျှောက်ဆိုသလို စက်တင်ဘာလ ၁၇ ရက်နေ့မှ စတင်ပြီး K-Pay နှင့် Wave Money အကောင့်များ အပိတ်ခံရခြင်းဖြစ်သည်ဟု ရန်ကုန်စီးပွားရေးသမားတချို့ကဆိုသည်။

“Wave Money က မှတ်ပုံတင်ပါမှ ငွေလွှဲ ငွေထုတ်လုပ်ရမယ်။ Wave Money လွှဲသူကို ဓာတ်ပုံရိုက်ထားရမယ်ဆိုကတည်းက သိပ်မသုံးကြတော့ဘူး။ အခု K-Pay ကတော့ အကောင့်တွေ အပိတ်ခံရတဲ့အပြင် ဆိုင်တွေမှာ K-pay လက်မခံပါဆိုတဲ့ ဆိုင်းဘုတ်တွေတောင် တင်ကုန်ကြပြီ။ ကျနော့်မိတ်ဆွေဆိုရင် သိန်း ၅၀ လောက် ပါသွားတယ်။ K-pay ရော Wave ရော ။ အဲဒါ ဗဟိုဘဏ်ကို အသနားခံစာတင်ရမယ်ပြောတယ်။ အဲဒါတောင် ဟိုက ခွင့်ပြုမှ ပြန်ရမယ် ။ ခွင့်မပြုရင် မရဘူး။ ကိုယ့်ငွေကိုယ် အဆုံးခံရတာပါပဲ”ဟု ရန်ကုန်စီးပွားရေးသမားက ဆိုသည်။

ထိုင်းနှင့်ရန်ကုန်ငွေလဲလုပ်သူတစ်ဦးကမူ K-pay နှင့် Wave Money အကောင့်များ အသုံးပြုမှုကို ငွေလဲစျေးကွက်နှင့် ဟွန်ဒီစျေးကွက်တွင် ရပ်ဆိုင်လိုက်ပြီး CB-Pay နှင့် UAB pay ဘက်သို့ ပြောင်းလဲ အသုံးပြုလာကြောင်း၊ စစ်တပ်က တိုက်ရိုက်ပါဝင်ပတ်သက်နေသော ဘဏ်များအသုံးပြုစေရေး စစ်ကောင်စီဘက်က ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ပုံရသည်ဟု သုံးသပ်ပြောဆိုသည်။

“UAB ဆိုရင် အကောင့်ဟောင်းက ပိုက်ဆံတွေတောင် မြန်မြန်ဆန်ဆန်ထုတ်ပေးနေတာ။ K-pay နဲ့ KBZ ပြဿနာတက်နေချိန်မှာ UAB ငွေသွင်းငွေထုတ်အရမ်းလွယ်နေတယ်။ UAB စစ်တပ်နဲ့ တိုက်ရိုက်ပတ်သက်တဲ့ဘဏ်ဆိုတော့ အဲဒါကို သုံးစေချင်လို့ထင်ပါတယ်” ဟု ထိုင်း-မြန်မာ ငွေလဲလုပ်ကိုင်သူတစ်ဦးက ရှင်းပြသည်။

အကြမ်းဖက်စစ်ကောင်စီကမူ Kpay နှင့် Wave များကို တင်းကျပ်ရခြင်းမှာ အကြမ်းဖက်မှုများ တားဆီးရေးဟု ယမန်နေ့ သတင်းစာရှင်းလင်းပွဲတွင် ဇော်မင်းထွန်းက ထုတ်ဖော်ပြောဆိုထားသည်။

ဓာတ်ပုံ- K-pay မိတ်ဆက်ပွဲတစ်ခု။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article