30 C
Yangon

စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိခဲ့သည့် ၇ နှစ်အရွယ် မွတ်စလင်ကလေးငယ်သေဆုံး၊ မွတ်ဆလင် ၃၀၀ ခန့်တိမ်းရှောင်နေရ

Must read

ရန်ကုန်၊ စက်တင်ဘာ၊ ၂၄

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်ရှိ အလယ်ချောင်းကျေးရွာအနီး နခခ(၈) နယ်ခြားစောင်းရဲတပ်နှင် ပူးပေါင်းနေထိုင်သည့် စစ်ကောင်စီတပ်ရင်းမှ ယမန်နေ့ စက်တင်လာ ၂၃ ရက်နေ့တွင် ၎င်းအနီးနားရှိ သပိတ်တောင်အုပ်စုဖက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုပြုလုပ်ခဲ့သည်။

စစ်ကောင်စီတပ်မှ ထိုကဲ့သို့ လက်နက်ကြီး အကြောင်းမဲ့ပစ်ခတ်မှုကြောင့် ဘူးသီးတောင်မြို့နယ် အတွင်းငှက်သေ ကျေးရွာမှ ၇ နှစ်အရွယ် မွတ်ဆလင်ကလေးငယ်တစ်ဦးအပါအဝင် သပိတ်တောင် မြောက်ရွာမှ မွတ်ဆလင် ၂ ဦး ဒဏ်ရာရှိခဲ့သည်။

လက်ရှိတွင် ထိုအထဲမှ ပေါင်ရင်းတွင် လက်နက်ကြီးအပိုင်းစထိမှန်ခဲ့သည့် ၇ နှစ်အရွယ်မွတ်ဆလင်ကလေးငယ်မှာ သေဆုံးသွားပြီဖြစ်သည်ဟု အတွင်းငှက်သေကျေးရွာအနီးမှ မွတ်ဆလင်တစ်ဦးက Western News ကိုပြောသည်။

“ဒဏ်ရာရတော့ ဆေးရုံပို့လိုက်တယ်။ အခုတော့အလောင်းပြန်ရောက်နေပြီ။ ညနေ ၅ နာရီဝန်းကျင်ကရောက်တာပါ။ ရွာပြင်ဖက်မှာ ထားထားတယ်။ မသင်္ဂြိုဟ်ရသေးဘူး” ဟုပြောသည်။

လက်နက်ကြီးပစ်ခတ်မှုအပါအဝင် ကျေးရွာတွင်း စစ်ကောင်စီတပ်သားများဝင်ရောက်လာပြီး ဓားဖြင့်ထိုးမှုတို့ရှိရာ သပိတ်တောင် မြောက်ရွာမှ မွတ်ဆလင်တစ်ဦးတွင် ခေါင်းနှင့် လက်မောင်းနေရာများ၌ ဓားဒဏ်ရာများရရှိခဲ့သည်ဟု သပိတ်တောင် မြောက်ရွာမှ မွတ်ဆလင်တစ်ဦးကပြောသည်။


ကင်းချောင်းရဲကင်းကနေ လက်နက်ကြီးများ တရစပ်ပစ်ခတ်နေမှုကြောင့် သပိတ်တောင်မြောက်ရွာနှင့် တောင်ချေကျေးရွာတို့မှ လူဦးရေ ခန့်မှန်းခြေ ၃၀၀ ခန့်ထွက်ခွာလာကြပြီး နီးစပ်ရာကျေးရွာများတွင် ခိုလှုံလျှက်ရှိကြသည်ဟု ကျေးရွာသားများကဆိုသည်။

နခခ(၈) နယ်ခြားစောင်းရဲတပ်နှင် ပူးပေါင်းနေထိုင်သည့် သပိတ်တောင်ရွာဝင်ဖက်တွင် တပ်စွဲထားသည့် အဆိုပါစစ်ကောင်စီတပ်မှ သပိတ်တောင် (ရခိုင်ရွာ) ရှိ နေအိမ်အချို့ကိုလည်း ယမန်နေ့ ညပိုင်း ၉ နာရီဝန်းကျင်က ဖမ်းဆီးမှုရှိခဲ့ပြီး ယနေ့ စက်တင်ဘာ ၂၄ ရက် နံနက်ပိုင်းတွင်လည်း ကျေးရွာသား ၅ ဦးအား ၎င်းစစ်ကောင်စီတပ်ရင်းမှ ဖမ်းဆီးထားမှုရှိသည်။

ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ တကျော့ပြန်တိုက်ပွဲဖြစ်ပွားလျက်ရှိသည့် ရခိုင်တွင် စစ်ကောင်စီဖက်မှ အရပ်သားများအား ဦးတည်တိုက်ခိုက်မှု၊ ဖမ်းဆီးမှုတို့ကို မြို့နယ်အနှံ့ဆက်တိုက်လုပ်ဆောင်လာလျက်ရှိသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article