25 C
Yangon

ကရင်နီပြည်နယ်တွင် စစ်ကောင်စီက ကျေးရွာများအတွင်း လက်နက်ကြီး ပစ်ခတ်၍ စက်တင်ဘာလအတွင်း၌ အပြစ်မဲ့ပြည်သူ ၈ ဦးသေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၉

အကြမ်းဖက်စစ်ကောင်စီက အများပြည်သူနေထိုင်ရာ ကျေးရွာများအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကလေးငယ်များအပါအဝင် ကရင်နီပြည်သူ ၈ ဦး သေဆုံးကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ ထံမှ သိရှိရသည်။

ကရင်နီတပ်ဖွဲ့များကို အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေသော စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အများပြည်သူနေထိုင်ရာ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ပြီး စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ဗညားခွန်အောင်က ပြောသည်။

“စက်တင်ဘာလထဲမှာ စစ်ကောင်စီပစ်တဲ့ လက်နက်ကြီး ထိမှန်ပြီး ပြည်သူလူထု ၈ ဦး သေဆုံးသွားပါတယ်။ အဲဒီမှာ ကလေးငယ် ၃ ဦး၊ ဆယ်ကျော်သက် တစ်ဦး ပါတယ်၊ ကျန်သူတွေကတော့ သက်ကြီးပိုင်းတွေပါ။ စစ်ကောင်စီက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်အများစုက တိုက်ပွဲဖြစ်နေတဲ့ နေရာတွေထက်စာရင် တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ အချိန်တွေ မနက်စောစောနဲ့ ညပိုင်းတွေမှာ ပစ်တာ ပိုများနေတယ်။ မိုးဗြဲ၊ မွေတော် ဘုန်းကြီးကျောင်းကိုဆိုရင် မနက်အစောကြီးကတည်းက ပစ်တယ်ပေါ့၊ တော်တော်ဆိုးပါတယ်။ ဒါက စစ်ကောင်စီက ပြည်သူလူထုတွေကို ရည်ရွယ်ချက်ရှိရှိ တမင်တကာ သတ်ဖြတ်နေတာလို့ ပြောလို့ရတယ်။ ဒီလုပ်ရပ်တွေဟာ စစ်ရာဇဝတ်မှုပဲ ကြည့်ကြည့် လူသာမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုပဲ ကြည့်ကြည့် ရှင်းရှင်းလင်းလင်းကို တွေ့မြင်နေရပါတယ်” ဟု KnHRG ဒါရိုက်တာ ဗညားခွန်အောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ယမန်နေ့ညက အကြမ်းဖက်စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး ထိမှန်ပြီး ဒီးမော့ဆိုမြို့အနောက်ခြမ်းရှိ နှစ်ခြင်းဘုရားကျောင်းတစ်ခုမှ စာသင်နေသော ကလေးငယ်တစ်ဦး ဒဏ်ရာရခဲ့သလို စက်တင်ဘာလ ၂၇ ရက် မွန်းလွဲပိုင်းတွင်လည်း လွိုင်ကော်၊ ကုန်းသာကျေးရွာရှိ အမျိုးသမီးတစ်ဦး စစ်ကောင်စီက ပစ်ခတ်သော လက်နက်ကြီး ထိမှန်ပြီး သေဆုံးခဲ့သည်။

တိုက်ပွဲများ ပြင်းထန်နေသော ကရင်နီပြည်နယ်တွင် အကြမ်းဖက်စစ်တပ်သည် ဒေသခံ ပြည်သူလူထုများ နေထိုင်သော ကျေးရွာများနှင့် စစ်ရှောင်စခန်းများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းမှတဆင့် ပစ်ခတ်တိုက်ခိုက်နေမှုများ ပြုလုပ်နေပြီး ပြည်သူများကို စိတ်ပိုင်းဆိုင်ရာ ကြောက်ရွံ့မှုများ ဖြစ်အောင် ဖန်တီးနေသည်ဟု ဗညားခွန်အောင်က သုံးသပ်ပြောဆိုသည်။

အရင်လမှာဆိုရင် IDP စခန်းတွေကို ပစ်ခတ်ခဲ့တဲ့အတွက် စစ်ရှောင် နှစ်ဦး သေဆုံးခဲ့တယ်၊ လူထုတွေရဲ့ အိုးအိမ်စည်းစိမ်တွေပျက်စီးတယ်၊ နောက်ပြီးတော့ စစ်ကောင်စီက လူထုတွေ စိတ်ပိုင်းဆိုင်ရာအရ ကြောက်ရွံ့မှုတွေနဲ့ နေထိုင်အောင်၊ ကျန်းမာရေး ပညာရေး ဝန်ဆောင်မှုတွေ မရအောင် ကျန်းမာရေးအဆောက်အဦးတွေကို ပစ်ခတ်တာတွေ၊ စာသင်ကျောင်းတွေကို ပစ်ခတ်တာတွေ ဆက်တိုက်ကျူးလွန်နေပါတယ်။ မနေ့ကဆို လုံးဝ တိုက်ပွဲမဖြစ်တဲ့ ဒေါတမကြီး ကျေးရွာအုပ်စုထဲကို လက်နက်ကြီး ပစ်ခတ်တာပေါ့နော်၊ ဒီဟာတွေက လုံးဝကို မဖြစ်သင့်တဲ့ လုပ်ရပ်တွေကို စစ်ကောင်စီက ပြောင်ပြောင်တင်းတင်းကျူးလွန်နေတာ ကျနော်တို့ တွေ့ရပါတယ်” ဟု ဒါရိုက်တာ ဗညားခွန်အောင်က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

၂၀၂၁ ခုနှစ်အတွင်း၌ စစ်ကောင်စီတပ်၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကရင်နီပြည်နယ်တွင် အပြစ်မဲ့ အရပ်သားပြည်သူ ၁၄၈ ဦး သေဆုံးခဲ့ကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့၏ နှစ်ချုပ်အစီရင်ခံစာတွင် ဖော်ပြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article