32 C
Yangon

စစ်အာဏာရှင် တော်လှန်ရေးကို နှိပ်ကွပ်ရန် လူသတ်မှု ၊ မုဒိမ်းမှုနှင့် မူးယစ်ဆေးဝါးမှုဆိုင်ရာ ရာဇဝတ်သား လူမိုက်များကို စီမံချက်ဖြင့် လွှတ်ပေးခဲ့၊ လောင်းကစား၊ မူးယစ်ဆေးဝါးနှင့်ပြည့်တန်ဆာလုပ်ငန်း အဖမ်းအဆီးမရှိ ခွင့်ပြု

Must read

By ရန်ကုန်ခေတ်သစ်

မြန်မာနိုင်ငံတစ်ဝန်း စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှုများ နှိပ်ကွပ်ရန် လူသတ်မှု ၊ မုဒိမ်းမှုနှင့် မူးယစ်ဆေးဝါးမှုများ ကျူးလွန်ပြီး ထောင်ဒဏ်ကျခံနေရသူ လူမိုက်များ၊ ဇိုးများကို စီမံချက်ဖြင့် လွှတ်ပေးခဲ့ပြီး လောင်းကစား၊ မူးယစ်ဆေးဝါးနှင့်ပြည့်တန်ဆာလုပ်ငန်း အဖမ်းအဆီးမရှိ ခွင့်ပြုမှုများရှိနေကြောင်း စစ်ဘက်သတင်းရပ်ကွက်နှင့် ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက ထောင်ဒဏ် နှစ် ၇၀ ကျော် ချမှတ်ခံထားရသော အင်းစိန်မှ လူမိုက်ကျော်ဝင်းစိန်နှင့် အဖွဲ့ကို ပြန်လည်လွှတ်ပေးမှု သတင်းကို ဖော်ပြပြီးနောက် တပ်သတင်းရပ်ကွက်တချို့နှင့် ပြည်သူများက ယင်းကဲ့သို့ လူမိုက်များကို ပြန်လည်လွှတ်ပေးမှုများသည် နိုင်ငံတစ်ဝန်းတွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း၊ အများစုသော လူမိုက်များမှာ စစ်တပ်လက်ကိုင်တုတ်များ ဖြစ် လာ ပြီး နိုင်ငံရေးလှုပ်ရှားမှုများကို နှိပ်ကွပ်ရာတွင် ပါဝင်ခြင်း၊ စစ်ကြောရေးတွင် ဖမ်းဆီးခံရသူများကို နှိပ်စက်ညှဉ်ပန်းသတ်ဖြတ်ရာတွင် ပါဝင်ခြင်း၊ ပြည်သူ လူထုအပေါ် ခိုးမှုနှင့်မုဒိမ်းမှု၊ လူသတ်မှုများ ကျူးလွန်ကြကြောင်း ပြောဆိုကြသည်။

လွတ်ငြိမ်းသက်သာခွင့် ၆ ကြိမ်ဖြင့် အကျဉ်းသား ၅၇၀၀၀ နီးပါး လွှတ်ပေးမှုတွင် ရာဇဝတ်သားများအားလုံးကို စစ်တပ်က ပြန်လွှတ်ပေးခဲ့
=========================================‌

အကြမ်းဖက်စစ်ကောင်စီက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ တွင် အကျဉ်းထောင်၊ အချုပ်ထောင်စခန်း အသီးသီးတွင် အကျဉ်းကျခံနေကြရသော အကျဉ်းသား၊ အကျဉ်းသူ ၂၃၃၁၄ ဦး ကို ပထမဆုံးအကြိမ် လွတ်ငြိမ်းသက် သာခွင့်ပြုခဲ့သည်။

၂ဝ၂၁ ခုနှစ် နှစ်ဆန်းတစ်ရက်နေ့တွင် အကျဉ်းသား ၂၃၀၀၀ ကျော် ၊ ၂၀၂၁ ခုနှစ် ဇွန်လတွင် အကျဉ်းသား ၂၂၀၀ ကျော်၊ ၂၀၂၁ ခုနှစ်အောက်တိုဘာလတွင် အကျဉ်းသား ၅၆၀၀ ကျော်၊ ၂၀၂၂ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ အကျဉ်းသား ၈၀၀ ကျော် ၊ ၂၀၂၂ ခုနှစ် နှစ်ဆန်းတစ်ရက်နေ့တွင် အကျဉ်းသား ၁၆၀၀ ကျော် စုစုပေါင်း လွတ်ငြိမ်းသက်သာခွင့် ၆ ကြိမ်ဖြင့် အကျဉ်းသား ၅၇၀၀၀ နီးပါးကို ပြန်လွှတ်ပေးခဲ့ပြီး ယင်းတို့အထဲတွင် မုဒိမ်းမှု၊ လူသတ်မှု၊ မူးယစ်ဆေးဝါးမှု ကျူးလွန်သူ အားလုံးနီးပါးကို ပြန်လွှတ်ပေးခဲ့သည်။

“လူသတ်မှု၊ မုဒိမ်းမှု၊ မူးယစ်ဆေးဝါး အမှုတွေအားလုံး ပြန်လွတ်တယ်။ ရာဇ ဝတ်မှုနဲ့ သေဒဏ်ချထားတဲ့သူတွေကိုပါ ပြန်လွှတ်လိုက်တာ။ ဒါကလည်း တစ်ဖက်မှာ ထောင်ခါတယ်လို့ ပြောလို့ရသလို အပြင်မှာဖြစ်နေတဲ့ စစ်အာဏာ ရှင် တော်လှန်ရေး လှုပ်ရှားမှုကို ဟန့်တားဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်တယ်လို့ ပြောလို့ရပါတယ်။ ဥပမာပြောရမယ်ဆိုရင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ လွတ်ငြိမ်းသက်သာခွင့် အကျဉ်းသား ၂၃၀၀၀ ကျော်လွှတ်တာမှာ အားလုံးက ရာဇဝတ်သားတွေအကုန်ပါတာ။ အဲဒီအထဲလူအများစု ပျူစောထီး၊ ပြည်သူ့ စစ်နဲ့ စစ်တပ်သတင်းပေးတွေ အဖြစ် ပြန်အသုံးပြုခံရပါတယ်” ဟု တပ်ဘက်သတင်းရင်းမြစ်က ပြောသည်။

ထင်သာမြင်သာ ရာဇဝတ်သား လွတ်မြောက်သူတချို့

၂၀၂၁ ခုနှစ်အတွင်း အကြမ်းဖက်စစ်ကောင်စီ၏ လွတ်ငြိမ်းသက်သာခွင့်တွင် လူသတ်မှုဖြင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်းချမှတ်ခံထားရသည့် သရုပ် ဆောင်မင်းအုပ်စိုး ပြန်လည်လွတ်မြောက်မှု ၊ သက်ငယ်မုဒိမ်းမှုဖြင့် ထောင်ကျနေသည့် မင်းရာဇာ လင်မယား၊ အိမ်အကူကို နှိပ်စက်၍ ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံထားရသည့် အင်း၀ အပ်ချုပ်ဆိုင်ပိုင်ရှင် စသည့်ဖြင့် ရက်စက်သော ရာဇဝတ်မှုကျူးလွန်သူများကိုပါ ပြန်လွှတ်ပေးခြင်းလည်းဖြစ်သည်။

အဆိုပါ လွှတ်ပေးမှုသည် ပြည်သူများ မှတ်မိလွယ် ထင်သာမြင်သာရှိသည့် ပြန်လည်လွှတ်ပေးမှုများကို ဖော်ပြခြင်းဖြစ်ပြီး မူးယစ်ရာဇာ၊ လူသတ်မှုများစွာ ကျူးလွန်သူနှင့် မုဒိမ်းကျူးလွန်သူအားလုံးနီးပါးမှာလည်း စစ်ကောင်စီ၏ လွတ်ငြိမ်း သက်သာခွင့်ဖြင့် လွတ်မြောက်ခဲ့သည်ဟု သိရှိရသည်။

ထောင်ဒဏ်နှစ် ၇၀ ကျော် ချမှတ်ခံခဲ့ရသည့် အင်းစိန်လူမိုက်ကျော်ဝင်းစိန်နှင့်နောက်ဆက်တွဲ

အင်းစိန်လူမိုက်ကျော်ဝင်းစိန်နှင့်အဖွဲ့သည် ရဲတပ်ဖွဲ့ဝင်များကို ပြန်လည် ရန်ပြုမှု၊ ပြန်ပေးဆွဲမှု၊ လူသတ်မှု၊ မူးယစ်ဆေးဝါးမှု၊ လက်နက်မှု၊ လိုင်စင်မဲ့ ယာဉ်များသုံးစွဲမှု စသည်ဖြင့် ရာဇဝတ်မှုပေါင်းမြောက်မြားစွာဖြင့် ထောင်ဒဏ်နှစ် ၇၀ ကျော် ချမှတ်ခံခဲ့ရသော်လည်း ၂၀၂၁ ခုနှစ် အတွင်း လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွတ်မြောက်လာခြင်းဖြစ်သည်။

လူမိုက်ကျော်ဝင်းစိန်နှင့်အဖွဲ့က ထောင်မှ လွတ်မြောက်သည်နှင့် စစ်တပ်ထံချည်း ကပ်ကာ လက်ကိုင်တုတ်များဖြစ်လာပြီး အင်းစိတ်ပေါက်တောဝ၊ကမ်းနား ရပ်ကွက်တွင် ဖြစ်ပေါ်နေသော စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုများကို ဖိနှိပ်ရာတွင် ထဲထဲဝင်ဝင်ပါဝင်ပတ်သက်ကြသည်။

တချို့သော နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လူငယ်များမှာ လူမိုက်ကျော်ဝင်းစိန်အဖွဲ့၏ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသည်။ လူမိုက်ကျော်ဝင်းစိန်နှင့်အဖွဲ့၏ ဖမ်းဆီးမှုကြောင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူအများအပြားလည်း အဖမ်းခံခဲ့ရသည်။

အင်းစိန်အောင်ဇေယျာတံတား (အင်းစိန်ဘက်ခြမ်း) လုံခြုံရေး၊ လျှပ်စစ်မီတာရုံးလုံခြုံရေး၊ ရပ်ကွက်များတွင် PDF များ မရှိစေရေး၊ ဧည့်စာရင်းစစ်ခြင်း အပါ အဝင် စစ်တပ်ကို ကူညီသော လုပ်ငန်းများကို လူမိုက်ကျော်ဝင်းစိန်နှင့်အဖွဲ့က လုပ်ဆောင်ပေးခဲ့ကြသည်။

ယင်းအတွက် လူမိုက်ကျော်ဝင်းစိန်နှင့်အဖွဲ့သည် မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်း ဝယ်ရေးလုပ်ငန်းများကို တရားဝင် လုပ်ခွင့်ရရှိပြီး ပေါ်ပေါ်တင်တင် ရောင်းဝယ်လျက်လည်းရှိနေကြသည်။

“သူတို့က ထောင်က လွတ်ပြီးတာနဲ့ စစ်တပ်နဲ့ပေါင်းလိုက်တော့ မူးယစ်ဆေးဝါးကတော တရားဝင်လိုကို ရောင်းခွင့်ရတယ်။ မျိုးဆက်တွေ မူးယစ်နွံ့ထဲမှာ အကုန်ဘဝပျက်အောင် ရဲတွေ စစ်သားတွေနဲ့ပေါင်းပြီး လုပ်နေတဲ့ခွေးမသားတွေ။ ပတ္တမြားလမ်း ရပ်ကွက်မှာ မူးယစ်ဆေးဝါး ပေါ်တင်ရောင်းနေတာပါ။အဲဒီ ပတ္တမြား ရပ်ကွက်မှာ ပပတို့ ဘိဆိုအကုန်သိတယ်။ သူတို့ တရားဝင်ရောင်းနေတာ။ အေးဆေးပဲ အရောင်းမပြတ်ဘူး။ အရင်က ဘိန်းဖြူ ပင်နယ်စလင် တစ်ပုလင်းကို ဟိုးအရင်က ၅သောင်းလောက်မှရတာ အခုလက်ရှိ ၁၂၀၀၀ ဆိုရပြီ ။ ဘိန်း၊ အသီး၊ ဆေးခြောက်၊ ICE ရေခဲ အကုန်ရတယ် ။ကျော်ဝင်းစိန် အိမ်ရှေ့က လမ်းကြားမှာ လည်း ပေါ်တင်ပဲ ။ လူတိုင်းသိနေကြတယ်။ ကျော်ဝင်းစိန်နဲ့ကျင်ဟုတ်တို့က သမိုင်းဘုရင့်နောင်ကုန်းတံတားနားကအလောင်းဘုရားလမ်း မရောက်ခင် မင်္ဂလာစားသောက် ဆိုင်ဘေးမှာဂိမ်းဆိုင်ဖွင့်ထားတယ်။ ဆိုင်ကမမြင်ရဘူး။ မှန်အမည်းတံခါးတွေနဲ့။ အဲဒီဂိမ်းဆိုင်ကလည်း မူးယစ်ဆေးဝါး တွေ ရောင်းပေးနေတာပဲ” ဟု ပြည်သူတစ်ဦးက ပြောသည်။

မူးယစ်ဆေးဝါး ရောင်းချမှု တရားဝင်ရသည့်အတွက် ထောင်မှ လွတ်ချိန် ငွေတစ်ပြားမှ မရှိသော်လည်း ၁ နှစ်ကျော်ကာလအတွင်း ကားတစ်ဝီဝီနှင့် အလွန်ချမ်းသာသွားခဲ့ပြီး လက်နက်များပါ ကိုင်ဆောင်ခွင့်ရလာသည်။

သို့သော် သူတို့သည် စစ်တပ်၏ လက်အောက်ခံ သဘောမျိုးဖြင့် စစ်အာဏာရှင် ဒေါက်တိုင်ကို ဆက်လက် အကျိုးပြုနေကြသည်။ တရားဝင် အလုပ်အကိုင်အနေဖြင့် ဆိုင်ကယ်အရောင်းအဝယ်နှင့် ဆိုင်တချို့ ဖွင့်ပြထားကြသည်။

ရန်ကုန်မြို့မှ ဇိုးများ ပြန်လွတ်ခြင်း

လှိုင်သာယာမှ မူးယစ်ဆေးဝါး ရောင်းဝယ်သူ လူမိုက် စိုးညီ၊ ကြည့်မြင်တိုင်တစ်ဖက်ကမ်းဘက်မှ လူမိုက်ကျော်ကျော် အပါအဝင် ရန်ကုန်မြို့မှ နာမည်ကြီး လူမိုက်များမှာ စစ်တပ်၏ လွတ်ငြိမ်းခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာကြပြီး စစ်တပ်၏ လက်ကိုင်တုတ်များဖြစ်လာကြသည်။

ထိုအထဲတွင် ကြည့်မြင်တိုင် တစ်ဖက်ကမ်းမှ လူမိုက်ကျော်ကျော်သည် စစ်တပ်အတွက် အလုပ်လုပ်ပေးပြီး တော်လှန်ရေးလူငယ်များကို လိုက်လံ ဖမ်းဆီးနေသည်။

“ကြည့်မြင်တိုင်တဖက်ကမ်း ဘလုပ်ညွန့်ရပ်ကွက်က လူမိုက်ကျော်ကျော်ဆိုတာလည်း သေနတ်နဲ့ကျည်တွေအများကြီးမိတယ်။ လူသတ်မှု လုယက်မှု ဓားပြမှုတွေနဲ့ဖမ်းသွားပြီး လပိုင်းလောက်နဲ့ပြန်လွှတ်ပေးလိုက်တယ်။ သူခိုး ဖာခေါင်း လုယက် ဓားပြ တွေကိုတပည့်အဖြစ်မွေးထားပြီး ကြည့်မြင်တိုင်တဖက်ကမ်းတခုလုံးကိုအုပ်စိုး ခြယ်လှယ်နေတာ။ သူ့တပည့်တပန်းတွေကိုပဲ ရာဂဏန်းလောက် ဖြစ်နေပြီ။ ကြည့်မြင်တိုင်တဖက်ကမ်းမှာ လောင်းကစားဝိုင်းတွေထောင်၊ ဆက်ကြေးကောက်ပြီးလုပ်စားနေတာ။ ကြက်ဝိုင်း ဖဲဝိုင်း ဂျင်ဝိုင်း ဂလုံးလုံး ဆေးပြား သူတို့ဆီမှာအကုန်ရတယ်။ ကြည့်မြင်တိုင်တဖက်ကမ်းက ရဲကင်းစခန်းမှူးလောက်က သူတို့ခါးပိုက်ထဲကဖားပဲ။ စစ်တပ်အတွက် အဓိက သူတို့ပြန်လုပ်ပေးရတာက PDF လူငယ်နဲ့ ဆန္ဒပြလူငယ်တွေကို ရှာဖွေဖမ်းဆီးပေးရတာပါ” ဟု ကြည့်မြင်တိုင်ဒေသခံတစ်ဦးက ဆိုသည်။

လောင်းကစား၊ ကြက်ဝိုင်း၊ မူးယစ်ဆေးဝါးနှင့် ပြည့်တန်ဆာခန်းများ ဖွင့်ခွင့်ပြုခြင်း

ရန်ကုန်မြို့တော်တွင် မူးယစ်ဆေးဝါးနှင့် ပြည့်တန်ဆာလုပ်ငန်းများ၊ လောင်း ကစားလုပ်ငန်းများကို ဖမ်းဆီးခြင်းမပြုတော့ဘဲ စစ်တပ်နှင့်ရဲများက PDF နှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကိုသာ အဓိက နှိမ်နင်းရန် ကြိုးစားနေကြသည်။

မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ယင်းသို့ သော အခြေအနေများ ဖြစ်ပေါ်လျက်ရှိပြီး အထူးသဖြင့် မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်း စစ်ကိုင်းတိုင်း အပါ အဝင် နိုင်ငံတစ်ဝန်းလုံးရှိ ကျေးရွာများတွင် ရဲနှင့်စစ်တပ်က ဦးစီးသော လောင်း ကစားဝိုင်းများ ထူထောင်လာခြင်းဖြစ်သည်။

ရန်ကုန်ခေတ်သစ်အနေဖြင့်လည်း ရဲနှင့်စစ်တပ်က မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ လောင်းကစားဝိုင်းများတွင် ထမင်းပင်ကျွေးသည့် ဝန်ဆောင်မှု များ လုပ်ဆောင်နေကြောင်း သတင်းများ မကြာ ခဏ ဖော်ပြခဲ့ပြီးဖြစ်သည်။

မွန်ပြည်နယ် ကျိုက်မရောမြို့စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများက မြို့နယ်တွင် လောင်းကစားဝိုင်းများကို အပတ်စဉ် ငွေကြေးယူကာ ဖွင့်ခွင့်ပေးထားလျက် ရှိကြောင်း ဒေသခံများက ဆိုကြသည်။

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် မြို့နယ် စစ်ကောင်စီအဖွဲ့နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများက လောင်းကစား ဝိုင်းတွေကို အပတ်စဉ် ၃ သိန်းကနေ ၅ သိန်းကြားယူပြီး ဖွင့်ခွင့်ပေးထားကြောင်း၊ ကျေးရွာများအနေဖြင့် ကရင်တောကျေးရွာ၊ ရှမ်းကုန်းကျေးရွာ၊ ကဒါကျေးရွာ၊ အံကရဲကျေးရွာ၊ ဝါးပျံကုန်း ကျေး ရွာ အုပ်ချုပ်ရေးမှူးအပါဝင် ကျေးရွာအုပ်ချုပ်ရေးမှူးများက လက်နက်ကိုင်အဖွဲ့၊ လောင်းကစားဒိုင်များ ပေါင်းပြီးတရားဝင် လောင်းကစား၀ိုင်းများ ဖွင့်လှစ်ကြပြီး လာရောက်ကစားကြရန်လည်း ဖိတ်စာဖြင့် ဖိတ်ကြသည်။

“ လောင်းကစားဝိုင်းတွေလုပ်ခိုင်းတာ။ အဲ့ဝိုင်း တွေကိုလည်း ပိုက်ဆံ တအားတောင်းတာ။ ရပ်ကွက်တွေထဲထိလည်း ရဲတွေနဲ့ BGFတွေခေါ်လာပြီး ပါဝါက ပြသေးတယ်”ဟု ကဒါကျေးရွာမှ ပြည်သူတစ်ဦးက ပြောသည်။

လောင်းကစားဝိုင်းများပြားလာမှုနှင့်အတူ ဒေသပြည်သူများတွင် ပစ္စည်းများ ပျောက်ဆုံးခြင်း၊ လုယက်ခံရခြင်း အပါအဝင် ရာဇဝတ်မှုများ များပြားလာကြောင်း၊ ဒေသပြည်သူများ မလုံမခြုံ ဖြစ်လာကြကြောင်း သိရှိရသည်။

မွန်ပြည်နယ်၊ မြို့နယ်များတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း လူငယ်များကို ထိန်းချုပ်နိုင်ရေး ပျော်ပွဲရွှင်ပွဲများ၊ လောင်းကစား၀ိုင်းများ စီမံချက်ဖြင့် ဖွင့်လှစ်ခွင့်ပြုနေခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်များက ဆိုကြသည်။

စစ်ကြောရေးများတွင် လူမိုက်များကို အသုံးပြုခြင်း

ရန်ကုန်အင်းစိန်ထောင်မှ တန်းစီဖြစ်နေကြသည့် ထောင်ဒဏ်နှစ်ရှည်ချခံထားရသည့် လူမိုက်တချို့ကို စစ်တပ်နှင့်ရဲက စစ်ကြောရေးများတွင် အသုံးပြုရန် ညှိ နှိုင်းပြီး ထောင်မှ ထုတ်ကာ လွတ်လပ်ခွင့်ပေးထားကာ စစ်ကြောရေးတွင် အသုံး ပြုနေကြောင်း ပြည်ထဲရေး သတင်းရပ်ကွက်က အတည်ပြုသည်။

“တချို့လူမိုက်တွေ လက်မရွံ့တဲ့ကောင်တွေကို ထောင်ထဲမှာ စရဖက သွားတွေ့ပြီး သူတို့အတွက် အလုပ်လုပ်ပေးရင် အပြင်မှာ လွတ်လွတ်လပ်လပ်နေရမယ်။ နေစရာအိမ်၊ စီးစရာကား၊ လစာပေးမယ်ဆိုပြီး ညှိတာရှိတယ်။ ပြီးတော့ အဲဒီလူမိုက်တွေ ထုတ်လာပြီးတော့ အဲဒီလူတွေက စစ်ကြောရေးမှာ စစ်တပ်က ခိုင်းတဲ့အတိုင်းလုပ်ရတာ။ ခင်ဗျားတို့ပြောနေတဲ့ စစ်ကြောရေးမှာ မုဒိမ်းမှုကျူးလွန်တာတို့ ၊ ရက်ရက် စက်စက် သတ်ဖြတ်တာတွေမှာ စစ်တပ်ဘက်ကတင်မဟုတ်ဘူး။ အဲဒီလို လူမိုက် တွေနဲ့ပါ လုပ်တာပါ။ တချို့စစ်အရာရှိတွေက အဲဒီလူမိုက်တွေကို သတ်ခိုင်း နှိပ်စက်ခိုင်းတာ” ဟု ပြည်ထဲရေးသတင်းရင်းမြစ်က ဆိုသည်။

စစ်ကြောရေးတွင် အမှုစစ်ရန် လူမလုံလောက်ခြင်း၊ ရန်ကုန်မြို့လုံခြုံရေးအတွက် ဗျာများနေရသည့်အတွက် တချို့သော စစ်ကြောရေးများတွင် စစ်အရာရှိများက သူတို့ လိုချင်သည့်အကြောင်းအရာများကို စစ်ဆေးမည့် လူမိုက်အဖွဲ့ကို ရှင်းလင်းပြောဆိုပြီး ဖမ်းဆီးထားသည့် ပြည်သူများကို စိတ်ကြိုက် စစ်ဆေးရန် လူမိုက်အဖွဲ့လက်ထဲ အပ်နှံမှုများ လည်းရှိသည်ဟု သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article