37 C
Yangon

မြန်မာစစ်တပ်အပေါ် ဆင်နွှဲရမည့် NUG ၏ စီးပွားရေးစစ်ပွဲ (အပိုင်း ၂)

Must read

By Zachary Abuza

နွေဦးတော်လှန်ရေး၏ နောက်တစ်ဆင့် – စီးပွားရေး စစ်ပွဲ

ဇွန်လအတွင်း စစ်ကောင်စီသည် ဒုတိယဗိုလ်မှူးကြီးခြောက်ဦးကို ဗဟိုဘဏ်၌ အကြီးတန်းအရာရှိများအဖြစ် ပြောင်းရွှေ့ခန့်ထားခဲ့သော်လည်း၊ ၎င်းမှာယုံကြည်မှုကို ဆောင်ကြဉ်းပေးနိုင်မည့် ခန့်အပ်မှုမျိုးမဟုတ်ပေ။ ပိုမိုကျယ်ပြောသော စီးပွားရေးလောကတစ်ခုလုံးရှိ မည်သူတစ်ဦးတစ်ယောက်မျှ အဆိုပါပုဂ္ဂိုလ်များကို စီးပွားရေးပဲ့ကိုင်ရှင်များအဖြစ် ယုံကြည်စိတ်ချနိုင်ခြင်း မရှိကြပေ။

စစ်ရေးအရ ပြတ်ပြတ်သားသား အောင်ပွဲမခံရသော်ငြား NUG သည် စစ်တပ်အတွင်းသားကို လှိုက်စားဖြိုဖျက်ကာ ၎င်း၏တိုက်ခိုက်ရေးအင်အားကို ထိရောက်အစွမ်းထက်မှု မရှိအောင် ဆောင်ရွက်နိုင်လိမ့်မည် ဖြစ်သည်။

လက်ရှိမြန်မာ့နွေဦးတော်လှန်ရေးတွင် စစ်ကောင်စီအတွက် အောင်ပွဲခံရန် လမ်းကြောင်းမရှိပါ။ တစ်ချိန်ချိန်တွင် စစ်တပ်၏အထူးလုပ်ပိုင် ခွင့်များ၊ နိုင်ငံရေးအခွင့်အရေးများနှင့် ရရှိထားသည့် စီးပွားရေးအကျိုးစီးပွားများကို ကာကွယ်ရန် မဖြစ်မနေ ကြိုးပမ်းသည့်အနေဖြင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စိုးဝင်းတို့ကို စစ်အရာရှိအုပ်စုတစ်ခုက လက်ပြနှုတ်ဆက်ကာ ဖယ်ရှားပစ်ပေလိမ့်မည်။

သိ့သော် ထိုသို့ဖယ်ရှားမှုမှာ မြန်မြန်ဆန်ဆန်ဖြစ်ပေါ်လာမည်မဟုတ်ဘဲ ဖြစ်လာသည့်အခါလည်း အလွန်ပြင်းထန်သည့် ပဋိပက္ခအခြေအနေမျိုး ဖြစ်သည်။ ရေရှည်စစ်ပွဲသည် NUG အတွက်မကောင်းပါ။ ထို့ကြောင့် NUGသည် စစ်ကောင်စီ မြန်မြန်ဆန်ဆန် ပြုတ်ကျအောင် ကြိုးပမ်းရမည် ဖြစ်သည်။ ထိုသို့ အမြန်ဆုံးပြုတ်ကျရေး အတွက် အဓိကသော့ချက်သည် စစ်ရေးမျက်နှာစာတွင် သာမကဘဲ စီးပွားရေးကဏ္ဍတွင်ပါ တည်ရှိနေသည်။

NUG ဘာလုပ်သင့်သလဲ။ ပထမဦးစွာ “သင့်ရန်သူက အမှားလုပ်နေလျှင် သူ့ကိုလုပ်ခွင့်ပေးလိုက်ပါ” ဟူသော နပိုလီယံ၏စကားကို ကိုးကားလိုသည်။

စစ်ကောင်စီသည် မေခရိုစီးပွားရေးအစွမ်းအစများ တိုးတက်ရေးအတွက် ရုတ်ချည်းလိုလားလာခြင်း မရှိနိုင်သလို ပညာရှင်များကိုလည်း အကျဉ်းထောင်မှ ချက်ချင်းလွှတ်ပေးဦးမည် မဟုတ်ပေ။ ရှောင်တန်နယ်သည် ထောင်ထဲ၌ ဆက်နေရဦးမည်။ သို့သော် စစ်ကောင်စီအတွက် စီးပွားရေးအကြပ်ရိုက်မှုများ ပိုမိုဖြစ်ပေါ်လာအောင် ကျပ်ငွေအပေါ် ယုံကြည်မှု လျော့ကျရေးအတွက် NUG က ဆက်လက်ဆောင်ရွက်နိုင်သည့်ကိစ္စရပ်များ ရှိသည်။

စစ်ကောင်စီ၏ စီးပွားရေးတလွဲစီမံမှုများကို ထိုင်ကြည့်နေရန် လိုအပ်သော်လည်း ထိုသို့ ထိုင်ကြည့်နေရုံ သက်သက်နှင့်ကား လုံလောက်မှုမရှိပေ။ NUG သည် ကျေးလက်ဒေသ၌ ဆင်နွှဲနေသော ပျောက်ကျားစစ်နှင့်အတူ စီးပွားရေးစစ်ပွဲကိုလည်း အပြိုင်ဆင်နွှဲရလိမ့်မည်။

ရန်ပုံငွေကောက်ခံခြင်းအပြင် အခွန်မပေးဆောင်ခြင်း၊ ပိတ်ဆို့ အရေးယူရန် ဆော်ဩခြင်း၊ ပိုက်လိုင်းများကိုပစ်မှတ်ထားခြင်း၊ စစ်တပ်၏ ထောက်ပို့ဗဟိုချက်များကို တိုက်ခိုက်ခြင်း၊ ပစ်မှတ်ထားအကြမ်းဖက်ခြင်းနှင့် အဓမ္မလုယက်မှုကို လက်ဦးမှုရယူ တိုက်ဖျက်ရေးဥပဒေပြဋ္ဌာန်းခြင်း ဟူသော ကဏ္ဍခြောက်ခုကိုလည်း ဆောင်ရွက်ရမည် ဖြစ်သည်။

ရန်ပုံငွေကောက်ခံခြင်း

NUG ဘဏ္ဍာရေး၊ စီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန (MoPFI)၏ အဓိကတာဝန်မှာ တော်လှန်ရေးအတွက် ရန်ပုံငွေရှာဖွေရန်ဖြစ်သည်။ ထိုတာဝန်အတွက် ချက်သမ္မတနိုင်ငံ၌ထုတ်ဝေသော ပြန်လည်စီးဝင်ငွေ သုည (zero-yield) ခရစ်ပတိုငွေတိုက်စာချုပ်များရောင်းချ၍ ဒေါ်လာ သန်း ၄၀ ရရှိခြင်းအပါအဝင် NUG သည် တီထွင်ဖန်တီးမှု၊ နည်းပညာကျွမ်းကျင်မှုများဖြင့် ကောင်းစွာ ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်သည်။

ထို့အပြင် NUG သည် ဒစ်ဂျစ်တယ်ထီလက်မှတ်ရောင်းချခြင်း၊ မိမိဆန္ဒအလျောက် အခွန်ထမ်းဆောင်စေခြင်း၊ ပြည်တွင်းပြည်ပ ပေါင်းစပ်ညှိနှိုင်းလှူတမ်းခြင်းနှင့် မကြာသေးမီက မြေကွက် ၄၀၀ ကို ဒေါ်လာ ၁၂,၈၀၀ ၊ ဒေါ်လာ ၃၂,၀၀၀ ဈေးနှုန်းဖြင့် လေလံပစ်ခြင်း အပါအဝင် ပိုင်ဆိုင်ပစ္စည်းလေလံပစ်ခြင်းများကို ဆောင်ရွက်ခဲ့သည်။

တစ်ရက်အတွင်း မြေကွက် ၄၀၀ လုံးကိုရောင်းချနိုင်ခဲ့ပြီး မကြာမီ နောက်ထပ်မြေကွက် ၃၀၀ ကို လေလံတင်ရောင်းချမည်ဖြစ်သည်။ NUG သည် တရားမဝင်စီးပွားရေးလုပ်ငန်းများကိုရှောင်ရှားကာ ၎င်းတို့မျှော်မှန်းထားသည့် နိုင်ငံတော်အဖြစ် ရန်ပုံငွေစုဆောင်းနေခြင်းဖြစ်သည်။

လက်တွေ့တွင်မူ NUG ၏အခက်အခဲသည် ငွေကြေးရှာဖွေခြင်းမဟုတ်ဘဲ ၎င်းငွေကို မည်သို့ပို့ဆောင်၍ မည်သို့သုံးစွဲမည်ဟူသော ပြဿနာဖြစ်သည်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် MoPFI အနေဖြင့် ဘလော့ချိန်း ခရစ်ပတိုစတေဘယ်ကွိုင် ငွေကြေးတစ်ခုဖြစ်သည့် တီသာ (Tether)ကို ၎င်း၏တရားဝင်ငွေကြေးအဖြစ် သုံးစွဲမည်ဟုကြေညာခဲ့သည်။

တီသာ (Tether)ကို သုံးစွဲမည့် ဆုံးဖြတ်ချက်သည် ခရစ်ပတိုငွေကြေးများကို ဗဟိုဘဏ်က ၂၀၂၁ ခုနှစ်အတွင်း ပိတ်ပင်ခဲ့မှုကိုအာခံခြင်းလည်းဖြစ်သည်။ ထို့နောက် ၂၀၂၂ ခုနှစ် ဇွန်တွင် ဒစ်ဂျစ်တယ် မြန်မာကျပ်ငွေ (DMMK)ကို သုံးစွဲထားကာ ဒစ်ဂျစ်တယ်တစ်ဦးချင်း တိုက်ရိုက်ငွေပေး ပလက်ဖောင်းဖြစ်သော NUGPayကို အသုံးပြုမည်ဖြစ်ကြောင်း MoPFI ကထုတ်ပြန်သည်။ ၎င်းသည် အရှေ့တောင်အာရှဒေသတွင် ပထမဦးဆုံး ဗဟိုဘဏ်ဒစ်ဂျစ်တယ်ငွေကြေး ဖြစ်လာသည်။

NUGPay တွင် Apple Pay ကဲ့သို့ ဒစ်ဂျစ်တယ် wallet နှင့် ဆင်တူသော ကိုယ်ပိုင်မိုဘိုင်းအပ်ပလီကေးရှင်းလည်း ပါရှိပြီး၊ ငွေကြေးကစားမှုကိုတားဆီးကာ တည်ငြိမ်မှုကိုထိန်းသိမ်းရန် DMMK ကို အမေရိကန်ဒေါ်လာဖြင့် စာရင်းသွင်းသတ်မှတ်မည် ဖြစ်သဖြင့် ကျပ်ငွေမတည်ငြိမ်မှုကို ရှောင်ရှားနိုင်မည် ဖြစ်သည်။ ၎င်းသည် ဘလော့ချိန်းနည်းပညာအသုံးပြုသည့် ဖြန့်ကျက်လယ်ဂျာစနစ်တစ်ခု ဖြစ်သော ကြောင့် စစ်တပ်က ထိန်းချုပ်ထားသော တရားဝင် ဘဏ်လုပ်ငန်း ကဏ္ဍဝန်းကျင်တွင် လုပ်ငန်းလည်ပတ်နေမည့် ဤအပ်ပလီကေးရှင်းကို နစကအစိုးရဟက်ကာများက ဖျက်ဆီးနိုင်မည်မဟုတ်ပေ။

သို့သော် အားလုံးအခြေအနေကောင်းနေသည့် သဘောမျိုးကားမဟုတ်ပေ။ PDF အများအပြားသည် ကိုယ်ပိုင် ရန်ပုံငွေသို့မဟုတ် ဒေသခံ လှူတမ်းမှုများအပေါ် ဆက်လက်၍ အကြီးအကျယ်အားကိုးနေကြရပြီး စီးပွားရေးကျုံ့ဝင်မှု ကြာရှည်လာသည်နှင့်အမျှ အဆိုပါရန်ပုံငွေများ ကုန်ခမ်းလာသည်ကို တွေ့မြင်နေရသည်။

NUG ကလည်း အမေရိကန်ပြည်ထောင်စုက ထိန်းချုပ်ထားသော ဒေါ်လာ ၁.၁ ဘီလီယံကို လက်ဝယ်ရယူနိုင်ခြင်းမရှိသေးပေ။ အဆိုပါငွေများကို ၎င်းတို့အား လွှဲပြောင်းပေးရန် သို့မဟုတ် လွှဲပြောင်းမပေးပါကလည်း အတိုက်အခံအစိုးရ၏ ဗဟိုဘဏ်အတွက် ထို ၁.၁ ဘီလီယံကို အာမခံ၍ ငွေထုတ်ချေးရန်၊ သီးသန့်ငွေကြေးအဖြစ် သုံးစွဲခွင့်ပြုရန် NUG က မေတ္တာရပ်ခံထားသည်။ စစ်ပွဲမှာ ဆက်လက်ရှည်ကြာနေဖွယ်ရှိပြီး တည်ငြိမ်သောဝင်ငွေရလမ်းတစ်ခုကို လက်ဝယ်ပိုင်ဆိုင်နိုင်ရေးမှာ အလွန်ပင်အရေးကြီးလာပြီ ဖြစ်သည်။

အခွန်မဆောင်ရန် ငြင်းပယ်ခြင်း

စစ်ကောင်စီကို အခွန်မပေးဆောင်ရေးအတွက် MoPFI တွင်တာဝန်ရှိပြီး ယခုအခါ အဆိုပါတာဝန်ကို အရေး တကြီးထမ်းဆောင်ရန် ပိုမိုလိုအပ်လာသည်။ အနိမ့်ဆုံးအားဖြင့် ဘီယာအပါအဝင် စစ်တပ်ကထုတ်လုပ်သော ကုန်ပစ္စည်းများအပေါ် သပိတ်မှောက်မှုများ နိုင်ငံအနှံ့ဖြစ်ပွားခဲ့သည်။ စစ်တပ်နှင့် စစ်တပ်ခေါင်းဆောင်များက ပိုင်ဆိုင်သည်ဖြစ်စေ၊ ၎င်းတို့၏ မိသားစုဝင်များက ထိန်းချုပ်ထားသည်ဖြစ်စေ၊ သပိတ်မှောက်ရမည့် ကုမ္ပဏီစာရင်းကို MPFI က ပြုစုထိန်းသိမ်းထားသည်။ လူ့အခွင့်အရေး အဖွဲ့အစည်းများကလည်း ၎င်းတို့၏ကိုယ်ပိုင်စာရင်းကို သီးခြားပြုစုထားသည်။

ဦးပိုင်လီမိတက်နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC)တို့၏ ငွေကြေးဆုံးရှုံးမှုကို လူသိရှင်ကြား ထုတ်ပြန်မှုမရှိသော်လည်း ထိုသို့ဆုံးရှုံးမှုရှိကြောင်း ညွှန်ပြနေသည့်အချက်မှာ ၎င်းတို့၏လစာအချို့ကို အတင်းအကျပ် ရင်းနှီးမြှုပ်နှံခဲ့ရသော စစ်သားများအား ဦးပိုင်နှင့် MEC နှစ်ခုလုံးက နှစ်စဉ်အမြတ်ဝေစုများ ခွဲဝေပေးနိုင်မှု နောက်ကျခြင်းဖြစ်သည်။ သို့ရာတွင် စစ်တပ်ကုမ္ပဏီများနှင့် ၎င်းတို့၏ထုတ်ကုန်များကို မိမိသဘောဆန္ဒအလျောက် လူထုက သပိတ်မှောက်ရုံမျှပင် လုံလောက်မှု မရှိသေးပေ။

စစ်ကောင်စီနှင့် လက်မှတ်ရေးထိုးထားသော မည်သည့်အစုစပ်လုပ်ငန်းကိုမျှ NUG က အသိအမှတ်ပြုမည် မဟုတ်ကြောင်း MoPFI က ၂၀၂၁ ခုနှစ် ၊ဇွန်လတွင် ထုတ်ပြန်ကြေညာသည်။ ထိုကြေညာချက်တွင် “အကြမ်းဖက်စစ်ကောင်စီ ထိန်းချုပ်မှုအောက်ရှိ အဖွဲ့အစည်းတစ်ခုက ခွင့်ပြုခဲ့သော မည်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အသစ်ကိုမဆို NUG က အသိအမှတ် မပြုသလို လေးစားလိုက်နာမည်လည်း မဟုတ်ကြောင်း” ဖော်ပြပါရှိသည်။

၎င်းကြေညာချက်အထိ လုပ်ဆောင်မှုများအရ အာဏာသိမ်းပြီးကတည်းက တိုင်းပြည်အတွင်း ဝင်ရောက်လာသည့် အနည်းငယ်မျှသောပြည်ပရင်းနှီး မြှုပ်နှံမှုအပေါ် MoPFI က အထူးအနီးကပ် စောင့်ကြည့်လျက်ရှိသည်။ ထို့အပြင် ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီများကို သတိပေးနိုင်ရန်လည်းကြိုးပမ်းခဲ့ပြီး အခြားလုပ်ငန်းများကို ဟန့်တားသည့်အနေဖြင့် MoPFI သည် ၂၀၂၂ ခုနှစ်၊ ဩဂုတ်တွင် အဆိုပါ ပြည်ပရင်းနှီးမြှုပ်နှံမှု စီမံကိန်း ၈ ခု၏ အမည်စာရင်းကို ထုတ်ပြန်ခဲ့သည်။

အလားတူပင် “စစ်ကောင်စီက ရယူထားသည့် မည်သည့်ပြည်တွင်း ပြည်ပချေးငွေကိုမျှ NUG အစိုးရက အသိအမှတ် မပြုကြောင်း” MoPFI က ရင်းနှီးမြှုပ်နှံမှုဘဏ်များကို သတိပေးခဲ့သည်။ လက်ရှိအချိန်၌ စစ်ကောင်စီကို ငွေကြေးထုတ်ချေးနေသည့် အိန္ဒိယကဲ့သို့နိုင်ငံများအား NUGက ခြိမ်းခြောက်ရန် ကြိုးပမ်းခြင်း ရှိ/မရှိမှာ မသဲကွဲပေ။ ထိုသို့ကြိုးပမ်းခြင်းဖြစ်ပါက ဆန့်ကျင်ဘက်ရလဒ်များ ထွက်ပေါ်လာနိုင်သည်။ သို့တိုင်အောင်လည်းလည်း အနည်းဆုံးအားဖြင့် NUG သည် ပုဂ္ဂလိကကဏ္ဍ ငွေကြေးဈေးကွက် လက်လှမ်းမီမှုကိုပိတ်ဆို့ရန် ကြိုးပမ်းခဲ့သည်ဟု ဆိုနိုင်သည်။

NUG-MoPFI ၏ ပြည်တွင်းအခွန်ဌာနသည် မိမိဆန္ဒအလျောက် အခွန်ထမ်းစနစ်ကို တည်ဆောက်ရန် ကြိုးပမ်းနေစဉ်မှာပင် စစ်ကောင်စီထံသို့ အခွန်ငွေစီးဆင်းမှုများကို ပိတ်ဆို့ရန်လည်း တာဝန်ယူဆောင်ရွက်နေသည်။ “စစ်ကောင်စီအတွက် အားသာချက်တစ်ခု ဖြစ်စေကာ တိုင်းပြည်ဖျက်စီးရေးအတွက် ဦးတည်သွားနိုင်သည့် ပြည်တွင်းပြည်ပမှ ရရှိသော မည်သည့်ဝင်ငွေနှင့် အခွန်ရရှိငွေကိုမဆို မစီးဆင်းအောင်တားဆီးရန် ကျွန်တော်တို့ရည်ရွယ်သည်” ဟု NUG ကဆိုသည်။ PDF များက စစ်ကောင်စီ၏ အခွန်ရုံးများကို ပစ်မှတ်ထား တိုက်ခိုက်နေစဉ်မှာပင် ပြည်တွင်းအခွန်ဌာနမှ ဝန်ထမ်း ၁,၀၀၀ ကျော် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)တွင် ပါဝင်လာသည့်အချက်က NUG အတွက် အကျိုးဖြစ်ထွန်းစေခဲ့သည်။

အခွန်သပိတ်များနှင့် ကျုံ့ဝင်သွားသည့် စီးပွားရေးကြောင့် ယမန်နှစ်က ဝင်ငွေ ၃၅ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း စစ်ကောင်စီ၏ ပြည်တွင်းအခွန်ဦးစီးဌာနက ဝန်ခံထားသည်။ ၂၀၂၀ပြည့်နှစ် ဘဏ္ဍာရေးနှစ်တွင် ပြည်တွင်းအခွန်ဦးစီးဌာန၏ အခွန်ကောက်ခံရရှိမှုသည် ကျပ်ငွေ ၄.၇၄၅ ထရီလီယံ (ဒေါ်လာ ၂.၆၅၇ ဘီလီယံ) သာရှိရာ ၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ကောက်ခံရရှိသော ကျပ်ငွေ ၇.၂၉၆ ထရီလီယံ (ဒေါ်လာ ၄.၀၈၆ ဘီလီယံ)ထက် လျော့နည်းသွားခဲ့သည်။

လျှပ်စစ်မီတာခများ မပေးဆောင်ခြင်းဟူသော အကြောင်းရင်း တစ်ခုတည်းကြောင့်ပင် ၂၀၂၁ ခုနှစ် စက်တင်ဘာလအထိ စစ်‌ကောင်စီအတွက် ဝင်ငွေစုစုပေါင်း ဒေါ်လာ ၁ ဘီလီယံခန့် နစ်နာခဲ့ပြီး မိမိတပ်ဖွဲ့ဝင်များကို အခွန်ကောက်ခံသူများအဖြစ်ပင် စစ်ကောင်စီက တာဝန်ပေးအပ်လာခဲ့ရသည်။ လျှပ်စစ်ဓာတ်အား ကဏ္ဍသည် တစ်လလျှင်ဒေါ်လာ ၆၂ သန်းကျော်ခန့် အရှုံးပေါ်နေသည်ဟု ခန့်မှန်းရရှိသည်။

ကျောက်မျက်ရတနာ ရောင်းချခြင်းသည် စစ်ကောင်စီအတွက် အရေးကြီးသည့် ဝင်ငွေ ရပေါက်ရလမ်းတစ်ခုဖြစ်ရာ NUG သည် တစ်ဖက်က ပြည်တွင်း၌ ပစ်မှတ်ထား အကြမ်းဖက်မှုများ ကျင့်သုံးနေစဉ်မှာပင် အခြားတစ်ဖက်ကလည်း ပြည်ပသို့ ကျောက်မျက်များတင်ပို့နေသည့် အစိုးရပိုင်ကုမ္ပဏီများအား ပိတ်ဆို့အရေးယူနိုင်ရေးကိုလည်း စည်းရုံးလုပ်ဆောင်နေသည်။ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတွင် စစ်ကောင်စီနှင့် ပူးပေါင်းလုပ်ကိုင်ခြင်းမပြုရန် သတိပေးသည့်အနေဖြင့် မန္တလေးရှိ နိုင်ငံပိုင်ကျောက်မျက်ရောင်းဝယ်ရေး ဌာနကို PDF များက ဗုံးနှစ်လုံးဖောက်ခွဲခဲ့သည်။

ယခုအခါ စစ်ကောင်စီ၏ ငွေကြေးအသက်သွေးကြောကို ပစ်မှတ်ထား တိုက်ခိုက်ရာတွင် PDF များမှာ ပိုမို ကောင်းမွန်စွာ စုစည်းလုပ်ကိုင် လာနိုင်လျက်ရှိသည်။ ဥပမာ စစ်ကိုင်းတိုင်းဒေသကြီးတွင် စစ်တပ်က ထိန်းချုပ်ထားပြီး တရုတ်က ရင်းနှီးမြှုပ်နှံထားသည့်သတ္တုတွင်းများမှ ကြေးနီရိုင်းများ သယ်ဆောင်လာသည့် ထရပ်ကားများကို ဒေသခံ PDFအဖွဲ့က လက်လုပ်မိုင်းတစ်လုံးဖြင့် ဖောက်ခွဲခဲ့သည်။

အဆိုပါ PDF အဖွဲ့သည် NUG ၏ ကွပ်ကဲမှုအောက်တွင် မရှိပေ။ သို့ဖြစ်၍ စစ်တပ်၏ ငွေကြေးအသက် သွေးကြောကို အဓိကပစ်မှတ်အဖြစ် တိုက်ခိုက်ရမည် ဟူသောအချက်ကို PDF အဖွဲ့အားလုံးက တစ်ပြေးညီ နားလည်လက်ခံထားကြပုံရသည်။

သို့သော် ဤ စီးပွားရေးမျက်နှာစာ၌ NUG တွင်လည်း ကိုယ်ပိုင်အားနည်းချက်များ ရှိနေသည်။ စစ်ကောင်စီသည် NUG ထောက်ခံသူများကို ပစ်မှတ်ထားနေပြီး PDF များကို ထောက်ပံ့နေသည်ဟု ယုံကြည်ရသော လုပ်ငန်းများကို စုံစမ်းဖော်ထုတ်နေသည်။

၂၀၂၂ ခုနှစ် ဩဂုတ်လတွင် NUG နှင့် PDF တို့က ရန်ပုံငွေ ကောက်ခံနေသည့် ရေနံတွင်းများကို စစ်တပ်ကတိုက်ခိုက်ခဲ့သည်။ ထိုလအတွင်းမှာပင် NUGကို ငွေကြေးထောက်ပံ့နေသည်ဟု သံသယရှိသော အဓိကကျောက်ကုန်သည်များကို စစ်တပ်က ဖမ်းဆီးကာ ဒေါ်လာသန်းပေါင်းများစွာတန်သည့် ကျောက်မျက်ပစ္စည်းများကို သိမ်းဆည်းခဲ့သည်။

နောက်ထပ် ပိတ်ဆို့အရေးယူရန် စည်းရုံးခြင်း

ပိတ်ဆို့အရေးယူမှုများချမှတ်အောင် နိုင်ငံခြားအစိုးရများကိုစည်းရုံးရေး NUG ၏ သံတမန်ရေး အားထုတ်မှုများမှာ စီးပွားရေးမဟာဗျူဟာ၏ အဓိက အစိတ်အပိုင်းတစ်ခုအဖြစ် လိုအပ်လာမည် ဖြစ်သည်။

မြန်မာကိုအရေးယူခဲ့သော နိုင်ငံအနည်းအကျဉ်းသာရှိသည်။ ဩစတြေးလျနှင့် ဂျပန်နိုင်ငံတို့က အရေးယူပိတ်ဆို့ရန် လိုလားမှုမရှိသလို ယူနိုက်တက်ကင်းဒမ်းမှာလည်း ၎င်းတို့၏ နိုင်ငံသားများကို ဓားစာခံအဖြစ် ထိန်းသိမ်းခံထားရသဖြင့် ပို၍ပင် သိုသိုသိပ်သိပ် ကိုင်တွယ်လိုကြဖွယ်ရှိသည်။

အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့က အဓိကအားဖြင့် စစ်တပ်ခေါင်းဆောင်များနှင့် ၎င်းတို့၏ မိသားစုများ၊ စစ်တပ်ပိုင် သို့မဟုတ် စစ်တပ်နှင့်ဆက်နွယ်နေသော ကုမ္ပဏီများအပေါ်တွင် အရေးယူပိတ်ဆို့မှုများကို ဦးဆောင်ချမှတ်ခဲ့သည်။ သို့သော် ဒုတိယအဆင့်အရေးယူမှုများ ပြုလုပ်ရန်ကိုမူ အမေရိကန်ကော ဥရောပသမဂ္ဂကပါ လိုလားခြင်းမရှိကြပေ။

အချို့ပိတ်ဆို့မှုများသည် စစ်တပ်ပိုင်ကုမ္ပဏီများကို ပစ်မှတ်ထားချမှတ်ကာ ၎င်းတို့၏ စစ်တိုက်နိုင်စွမ်းကို အကန့်အသတ်ဖြစ်စေရန် ကြိုးပမ်းခြင်း ဖြစ်သော်လည်း စစ်ကောင်စီ၏ ငွေရေးကြေးရေးနှင့် ဘဏ္ဍာရေးစနစ်ကို ပစ်မှတ်ထားတိုက်ခိုက်ရာတွင်မူ လုံလောက်သော အားထုတ်မှုများ မရှိသေးပေ။ ယနေ့အထိ စစ်တပ်က တိုက်ရိုက်ပိုင်ဆိုင်သော မြဝတီဘဏ်နှင့် အင်းဝဘဏ်နှစ်ခုကိုသာ အရေးယူထားသည်။ အခြားဘဏ်များအား အရေးယူရန် စဉ်းစားနေဆဲဖြစ်သည်။

နောက်ထပ်အရေးယူမှုအသစ်များပြုလုပ်ရန် အကြိတ်အနယ် တိုင်ပင်လျက်ရှိကာ အထူးသဖြင့် အမေရိကန်နှင့် အခြားအနောက် နိုင်ငံအစိုးရများအကြား ဆွေးနွေးနေသည်။ ၎င်းတို့ စိုးရိမ်နေသည်မှာ ယိုင်နဲ့နေပြီးသားငွေကြေးကဏ္ဍအပေါ် နောက်ထပ်အရေးယူပိတ်ဆို့မှုများ ချမှတ်လိုက်ပါက စီးပွားရေး လုံးဝပြိုလဲကာ လူထုအပေါ် လက်တွေ့ထိခိုက်လာမည့် အချက်ဖြစ်ကြောင်း ထင်ရှားသည်။

ထိုစိုးရိမ်မှုကြောင့်ပင် ပိုမိုပြင်းထန်သော ပိတ်ဆို့မှုများပြုလုပ်ရန် အများအားဖြင့် လက်တွန့်နေကြခြင်း ဖြစ်သည်။ သို့သော် ဘဏ်လုပ်ငန်းကဏ္ဍတွင် သီးခြားဘဏ် အမျိုးအစားသုံးခုရှိပြီး ၎င်းတို့မှာ အစိုးရပိုင် (ကူးသန်းရောင်းဝယ်ရေးမဟုတ်သော)ဘဏ်များ၊ စစ်ကောင်စီ (နှင့် ယခင်စစ်အစိုးရ) ခရိုနီများက ပိုင်ဆိုင်သောဘဏ်များနှင့် လွတ်လပ်စွာ ရပ်တည်နေသောဘဏ်များ ဖြစ်ကြသည်။

နောက်တစ်ကြိမ်အရေးယူမှုတွင်ထည့်သွင်းရန် စဉ်းစားနိုင်ကောင်းသည့် ခရိုနီနှင့် ပတ်သက်နေသော ဘဏ်အချို့ရှိသည်။ ၎င်းတို့တွင် ကမ္ဘောဇဘဏ်လီမိတက်၊ အာရှစိန်းလန်းမှုဖွံ့ဖြိုးရေးဘဏ်၊ ယူနိုက်တက် အမရာဘဏ်၊ စီဘီဘဏ် လီမိတက်၊ ကမ္ဘာ့ရတနာဘဏ်နှင့် နေပြည်တော်စည်ပင်ဘဏ်တို့ ပါဝင်သည်။

လူထုမှာ ထိခိုက်ခံစားနေရပြီးဖြစ်ကြောင်း၊ အဆိုပါဘဏ်များကိုအရေးမယူပါက မမျှတသည့် ထိခိုက်ခံစားမှုများကိုသာ ပိုမိုဖြစ်ပေါ်စေမည် ဖြစ်ကြောင်း၊ ဝါရှင်တန်၊ ဘရပ်ဆယ်၊ လန်ဒန်၊ တိုကျို၊ ကမ်ဘာရာနှင့် အခြားမြို့တော်များတွင် NUG က တက်ကြွစွာစည်းရုံး လှုံ့ဆော်ရမည်ဖြစ်သည်။

NUG သည် ကိုယ်တိုင်ဖြစ်စေ၊ အမေရိကန်ပြည်ထောင်စုကဲ့သို့ မိတ်ဖက်များနှင့် လက်တွဲ၍ဖြစ်စေ၊ စင်္ကာပူကဲ့သို့ စစ်တပ်၏ ပြည်ပလုပ်ငန်းနှင့် ငွေကြေးခဝါချမှု အချက်အချာဗဟိုဌာနများကို ပိတ်သိမ်းရန် ကြိုးပမ်းသင့်သည်။

Justice for Myanmar၏ မကြာသေးမီက ထုတ်ပြန်သော အစီရင်ခံစာအရ စင်္ကာပူတွင် စုစုပေါင်းမြန်မာကုမ္ပဏီ ၁၁၆ ခု ရှိသည့်အနက် စစ်တပ်နှင့် ပတ်သက်နေသည့် ကုမ္ပဏီ ၃၈ ခုသည် လုပ်ငန်းလုပ်ကိုင်နေဆဲဖြစ်သည်ကို တွေ့ရှိရကြောင်း ဖော်ပြထားသော်လည်း စင်္ကာပူငွေကြေး အာဏာပိုင်အဖွဲ့က စစ်ကောင်စီ၏ ငွေကြေးစီးဆင်းမှုအပေါ် တိတ်ဆိတ်စွာ စတင်ဖြိုခွင်းလျက်ရှိသည်။ ကုမ္ပဏီအများအပြားကို အာဏာသိမ်းမှုနောက်ပိုင်း တည်ထောင်ခဲ့ခြင်းဖြစ်ရာ အရေးယူပိတ်ဆို့မှုကို ရှောင်တိမ်းရန် ရည်ရွယ်ချက်ရှိနေခြင်းမှာ ထင်ရှားသည်။

အာဆီယံတူညီဆန္ဒငါးရပ်ကို အကောင်အထည်ဖော်ရန် စစ်ကောင်စီ၏ အတိအလင်းပျက်ကွက်မှုကို စင်္ကာပူက သံတမန်ရေးအရ စိတ်ပျက်လာသည်နှင့်အမျှ စစ်တပ်၏ မိမိကိုယ်ကို လက်နက် တပ်ဆင်နိုင်စွမ်းနှင့် စစ်ရေးရည်မှန်းချက်များ ပြည့်မီနိုင်စွမ်းအပေါ် စင်္ကာပူက ပိုမိုခက်ခဲလာစေလိမ့်မည်ဟု မျှော်လင့်ရသည်။

ပိုက်လိုင်းများကို ပစ်မှတ်ထားခြင်း

စစ်ကောင်စီ၏ အဓိကဝင်ငွေရလမ်းတစ်ခုမှာ နိုင်ငံတစ်ဝှမ်းရှိ ပိုက်လိုင်းကွန်ရက် ဖြစ်သည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ကွက် ငှားရမ်းခနှင့် တရုတ်နှင့် ထိုင်းနိုင်ငံများသို့ ချိတ်ဆက်ထားသည့် ပိုက်လိုင်းများမှနေ၍ စစ်အုပ်စုသည် ဒေါ်လာ ၁၄ ဘီလီယံခန့် ဝင်ငွေရရှိထားပြီး ၎င်းမှာ ဝင်ငွေအားလုံး၏ ၁၀ရာခိုင်နှုန်းအထိရှိသည်။ စစ်တွေဆိပ်ကမ်းမှ တရုတ်ယူနန်ပြည်နယ်၊ ကူမင်း မြို့တော်အထိ ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းနှစ်ခုကို အပြိုင်သွယ်တန်းထားသည်။ ဒုတိယ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတစ်ခုကို ရတနာသဘာဝဓာတ်ငွေ့မြေမှ ဘန်ကောက်သို့ ချိတ်ဆက်ထားသည်။

မက်လောက်စရာ ရေနံနှင့်သဘာဝဓာတ်ငွေ့ စီမံကိန်းများမှ နုတ်ထွက်ရေးအပြင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း (MOGE)အပေါ် အရေးယူပိတ်ဆို့မှုများချမှတ်ရေး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ များကို ဖိအားပေးရန် NUG က အလေးထားဆောင်ရွက်လျက် ရှိသည်။ Total နှင့် Chevron ကုမ္ပဏီများက (စိတ်မပါ လက်မပါ) နုတ်ထွက်သွားကြသော်လည်း ၎င်းတို့နေရာတွင် ထိုင်းနှင့် ကိုရီးယား ကုမ္ပဏီများက အစားထိုးဝင်ရောက်လာသည်။

အလားတူပင် ဥရောပသမဂ္ဂကသာ MOGE အပေါ်တွင် အရေးယူပိတ်ဆို့ထားသည်။ အမေရိကန်ပြည်ထောင်စုကမူ ထိုင်းနိုင်ငံ၏ စွမ်းအင်ဖူလုံရေး တောင်းဆိုမှုများကို လိုက်လျော၍ MOGE ကို ဆက်လက်ခွင့်ပြုထားသည်။

မည်သို့ပင်ဆိုစေ ၂၀၂၃ ခုနှစ် အမျိုးသားကာကွယ်ရေး ခွင့်ပြုမိန့်အက်ဥပဒေတွင် MOGE အပေါ် ပိတ်ဆို့မှုများ ချမှတ်ခြင်းအားဖြင့် အမေရိကန်အောက်လွှတ်တော်က ဘိုင်ဒင်အစိုးရအုပ်ချုပ်မှုယန္တရားအပေါ် ဖိအားပေးလာနိုင်ဖွယ် ရှိသည်။

အထက်ပါအနေအထားတွင် PDF များသည် ပိုက်လိုင်းကိစ္စရပ်များကို ၎င်းတို့ ကိုယ်တိုင်ကိုင်တွယ် ဆောင်ရွက်နေသည်ကို စတင်တွေ့ရှိလာရသည်။ ၂၀၂၂ ခုနှစ်၊ ဩဂုတ်တွင် PDF များက သဘာဝဓာတ်ငွေ့ပိုက်လိုင်းများကို ဗုံး ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုကြောင့် အနည်းငယ် နှောင့်နှေးမှုရှိခြင်းမှအပ ပိုက်လိုင်းကို ပိတ်လိုက်ရခြင်းမရှိသော်လည်း ၎င်းမှာ ဘန်ကောက်အတွက် အချက်ပြသတိပေးချက်တစ်ခု ဖြစ်သည်။

ဒေါ်လာ ၂ ဘီလီယံခန့် အကုန်အကျခံ တည်ဆောက်ထားသော တရုတ်ပိုင်ပိုက်လိုင်းများအရေးမှာမူ ပိုမိုသိမ်မွေ့သည်။ စစ်တပ်ထံသို့ တရုတ်ငှားရမ်းခငွေများ စီးဆင်းနေခြင်းကို NUG က မလိုလားသည့်နည်းတူ တစ်ဖက်တွင်လည်း တရုတ်ကို ၎င်းတို့က လိုအပ်နေဆဲဖြစ်ကာ အရေးကြီးသော ဩဇာအရှိန်အဝါ နိုင်ငံကြီးတစ်ခုအဖြစ် ယုံကြည်မျှော်လင့်ထားကြသည်။

ပို၍အရေးကြီးသည့်အချက်မှာ တရုတ်ပိုက်လိုင်းများကို တိုက်ခိုက်ခြင်းက NUG ၏ မဟာမိတ်ကချင်လွတ်လပ်ရေး တပ်မတော်နှင့် NUG ၏ မိတ်ဖက် ရခိုင်တပ်တော်တို့ အပေါ် ကြီးမားသည့်ဖိအားများ သက်ရောက်စေမည့် အချက်ဖြစ်သည်။

၎င်းအဖွဲ့များနှင့်ရင်းနှီးသော ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားရန်မှာ NUG အတွက် အလွန်အရေးကြီးနေသည်။ အထူးသဖြင့် ရခိုင်ပြည်နယ်၌ ရခိုင်တပ်မတော်အပေါ် စစ်တပ်၏ မအောင်မြင်သော တိုးမြှင့်စစ်ဆင်မှုများဖြင့် စစ်မျက်နှာစာအသစ်တစ်ခု ပေါ်ထွက်လာချိန်မျိုးတွင် ၎င်းဆက်ဆံရေးများကို ထိန်းသိမ်းထားရန် လိုအပ်သည်။

တရုတ်ပိုက်လိုင်းများ အတိုက်ခိုက်ခံရပါက တရုတ်တို့က လွန်လွန်ကဲကဲ တုံ့ပြန်မည်ကို စိုးရိမ်သည့်အချက်မှာလည်း ထင်ရှားသည်။ သို့သော် ပဋိပက္ခအချိန်ကြာလာလေလေ ပိုမိုများပြားသော PDF အဖွဲ့များ၏ သံခင်းတမန်ခင်း စောင့်ထိန်းနိုင်မှု ပိုမိုလျော့နည်းလာလေ ဖြစ်ပေလိမ့်မည်။

(Stimson မဂ္ဂဇင်းပါ Zachary Abuza ၏ “The NUG’s Economic War on Myanmar’s Military” ဆောင်းပါးကို အပိုင်း (၂) အနေနှင့် ဆီလျှော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article