30.5 C
Yangon

စသုံးလုံး၊ ရဲတပ်ဖွဲ့နှင့်ထွေ/အုပ် ဝန်ထမ်းများ ပစ်မှတ်ထား တိုက်ခိုက်ခံရခြင်းများကြောင့် မလိုအပ်လျှင် အပြင် မထွက်ရန်နှင့် တာဝန်မှအပ နံနက် ၆ နာရီမှ ညနေ ၆ နာရီသာ အပြင်ထွက်ရန် ညွှန်ကြား

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၈

ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ စသုံးလုံး၊ ရဲတပ်ဖွဲ့နှင့်ထွေ/အုပ် ဝန်ထမ်းများ ပစ်မှတ်ထား တိုက်ခိုက်ခံနေရခြင်းများကြောင့် မလိုအပ်လျှင် အပြင် မထွက်ရန်နှင့် တာဝန်မှအပ နံနက် ၆ နာရီမှ ညနေ ၆ နာရီသာ အပြင်ထွက်ကြရန် ဌာနဆိုင်ရာညွှန်ကြားမှုများရှိနေကြောင်း သိရှိရသည်။

အောက်တိုဘာလ ၁၄ ရက်နေ့ ကချင်ပြည်နယ်၊ ဖားကန့် မြို့နယ်အခွန်ဦးစီးဌာနက ဒုဦးစီးမှူး ဦးအောင်ကို နှင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန အရာရှိ ဦးထင်လင်းကျော်တို့ ပစ်ခတ်ခံရပြီး မြို့နယ်ဒုဦးစီးမှူး ဦးအောင်ကို သေဆုံးကြောင်း၊ ဦးထင်လင်းကျော်မှာမူ ဒဏ်ရာရရှိကြောင် သိရှိရသည်။

အောက်တိုဘာလနှင့်စက်တင်ဘာလအတွင်းတွင် ကယားပြည်နယ်မှ စသုံးလုံး အရာရှိ ဒုတိယစုံစမ်းစစ်ဆေးရေးမှူး မင်းသီဟဇော်သည် မိဘနေအိမ်သို့ ခွင့်ပြန်စဉ် PDF ၏ဖမ်းဆီးမှု ခံလိုက်ရကြောင်း၊ အလားတူ မန္တလေးတိုင်း စသုံးလုံးအရာရှိတစ်ဦးသည် အရပ်ဝတ်ဖြင့် အပြင်ထွက်စဉ် ဖမ်းဆီးခံရကြောင်း သိရှိရသည်။

အလားတူ အောက်တိုဘာလ ၁၆ ရက်နေ့ မွန်းလွှဲ ၃ နာရီဝန်းကျင်ခန့်တွင် ဖားကန့်မြို့မရဲစခန်းမှ အရပ်ဝတ်ဖြင့် ရဲ ၃ ဦးကို ဖားကန့် ပြည်သူ့ကာကွယ်ရေးတပ်တပ်ဖွဲ့ က ဥရုချောင်းတံတားပေါ်တွင် ဖမ်းဆီးခဲ့ပြီး အဆိုပါ ဖမ်းဆီးခံရသည့် ၃ဦးအနက် တစ်ဦးမှာ ရေထဲခုန်ချ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း၊ ရဲ ၂ ဦးကို PDF တပ်များက ဖမ်းဆီးသွား ကြောင်း သိရှိရသည်။

အောက်တိုဘာလ ၁၄ ရက်နေ့ ည ၈ နာရီ ၂၀ မိနစ်အချိန် မကွေးတိုင်းယာဉ် ထိန်းရုံးမှ ရဲတပ်ဖွဲ့မှူး ရဲမှူး စိန်ဝင်းသည် ကားကြီးဝင်းအတွင်း ကွမ်းယာဝယ်ထွက်စဉ် သေနတ်ဖြင့် ၅ ချက်တိတိပစ် ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။

အလားတူ အောက်တိုဘာလ ၁၇ ရက်နေ့ နံနက်ပိုင်း ပဲခူးမြိုနယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၈၃ ရှိ စစ်ကောင်စီ လက်အောက်ခံ ရဲကင်းစခန်း ပစ်ခတ်တိုက်ခိုက်ခံရကြောင်း သိရှိရသည်။

အောက်တိုဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် ဝမ်းတွင်းမြို့နယ် အုပ်ချုပ်ရေးမှူး ကျော်မိုးဦးသည် ထမင်းဆိုင်တွင် ထမင်းစားနေစဉ် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

“အခုက စိုးရိမ်စိတ်တွေ များလာတော့ ဝန်ထမ်းတွေကို မလိုအပ်ဘဲအပြင်မထွက်ဖို့နဲ့ တာဝန်မှအပ နံက် ၆ နာရီ ညနေ ၆ နာရီ သာထွက်ဖို့ အမိန့်တွေ ထွက်လာပြီ။ ဒါ့အပြင် အရပ်ဘက်ဝန်ကြီးဌာနရုံးတွေကိုလည်း ဘန်ကာတွေ အကာအရံတွေ ကာခိုင်းနေပြီ။ အချို့ ၁ ဧကမပြည့်တဲ့ ရုံးတွေဆိုရင် အုတ်တံတိုင်းတွေ ထပ်မြှင့်ကြတယ်။ သံဆူးဘလိတ်ပြားနှင့် အစိမ်းစတွေ ထပ်ကာကြတယ်။ ရုံးသေးသေးလေးတွေတောင်မှ CCTV အလုံး ရာကျော်နဲ့ ဒရုန်း ကြောက်ပြီး CCTV တွေကို မိုးပေါ်ထောင်ထားကြတယ်” ဟု ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းရင်းမြစ်က ရန်ကု်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

NUG က တော်လှန်ရေးကာလ ၁ နှစ်သတ်မှတ်လိုက်ခြင်းကြောင့် အကြမ်းဖက်စစ်ကောင်စီက အောက်တိုဘာလ ၁၃ ရက်နေ့မှစတင်ပြီး

၁-စစ်ကောင်စီလက်အောက်ရှိ ဝန်ထမ်းများအားလုံး တာဝန်ဖြင့် မဖြစ်မနေ ခရီးသွားရမည်ဆိုပါက ယူနီဖောင်းဖြင့် တရားဝင် သွားသော ခရီးများတွင် စစ်တပ်၊ ရဲ အစောင့်အရှောက်များကို မဖြစ်မနေ တောင်းခံပြီးမှသာ ခရီးသွားလာရန်၊

၂-လူမှုရေးဆိုင်ရာ ကိစ္စရပ်များကြောင့် မဖြစ်မနေ သွားရမည့် ခရီးများတွင် ပြင်ပ အဝတ်အစား ဝတ် ဆင်ရန်၊ ဝန်ထမ်းကတ်များ၊ ဝန်ထမ်းဖြစ်ကြောင်း သိရှိနိုင်သည့် မည်သည့်အထောက်အထားမှ ယူ ဆောင်ခြင်းမပြုရန်၊ ဖုန်းများအတွင်းတွင် ဝန်ထမ်းဖြစ်ကြောင်း သက်သေခံနိုင်သည့် ဓာတ်ပုံနှင့် မှတ် တမ်းမှတ်ရာများ ထည့်သွင်းထားခြင်းမပြုရန် ညွှန်ကြားချက်များ ထုတ်ပြန်ထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article