29 C
Yangon

စီးပွားရေးပိတ်ဆို့ခံရအပြီး စင်္ကာပူ၌ ခိုလှုံလာသည့် မြန်မာခရိုနီသူဌေးများ

Must read

By Chanyaporn Chanjaroen

“စစ်အစိုးရ၏ နံပါတ်တစ် ခရိုနီလုပ်ငန်းရှင်ကြီး”ဟု တစ်ခါက ခေါ်ဆိုခံခဲ့ရသည့် ဦးတေဇသည် စင်္ကာပူ၊ ဆန်တိုစာကျွန်းပေါ်၌ ဘဝကို သာသာယာယာ ဖြတ်သန်းနေထိုင်လျက်ရှိသည်။ သို့သော် အဆိုပါ သာယာလှပသော နေ့ရက်များမှာ ကုန်ဆုံးသွားဖွယ်ရာရှိနေသည်။

မြန်မာသူဌေးဦးတေဇ စင်္ကာပူသို့ လာရောက်သည့်အချိန်၌ ၎င်းနေထိုင်သော ဆန်တိုစာကျွန်းမှ သုံးထပ်တိုက်ကြီး၏အရှေ့တွင် တရုတ်စံကားပင်များနှင့် အုန်းပင်များ အစီအရီ စိုက်ပျိုးထားသည်။ အဆိုပါနေအိမ်သည် “လူကုံထံတို့၏ ကစားကွင်း” ဟု လူသိများသည့် တောင်တရုတ်ပင်လယ်သို့ မျက်နှာမူထားသော ဆန်တိုစာကျွန်းပေါ်မှ အိမ်ရာစီမံကိန်းတွင် ဦးတေဇ၏မိသားစု ပိုင်ဆိုင်သည့် အိမ်နှစ်လုံးအနက် တစ်လုံးဖြစ်သည်။

ကားဖြင့်မောင်းသွားလျှင် အချိန်တစ်ဒင်္ဂသာကြာမြင့်မည့် ခရီးအကွာအဝေး၌ မရီနာဘေးဆန်း (Marina Bay Sands) ကာစီနိုလောင်းကစားရုံတည်ရှိပြီး ၎င်းကာစီနို၌ ငွေသားအပြည့်ပါ ကျောပိုးအိတ်ကိုလွယ်လျက် ဦးတေဇကို မကြာခဏတွေ့မြင်ရတတ်သည်။ ဇွန်လ၏ နေသာသော နေ့တစ်နေ့တွင် အဝါရောင်ဖာရာရီ F8 စပိုက်ဒါ ပြိုင်ကားတစ်စီးနှင့် မာစီးဒီးကားတစ်စီး တို့ကို ဦးတေဇ၏ နေအိမ်တစ်လုံးအပြင်ဘက်တွင် ရပ်နားထားသည်ကိုလည်း တွေ့မြင်ရလေ့ရှိသည်။

စစ်တပ်အတွက် လက်နက်ပစ္စည်းများ ထောက်ပံ့နေသည်ဟု အမေရိကန်နှင့် အခြားနိုင်ငံများ၏ စွပ်စွဲမှုကို ခံထားရသည့် ဦးတေဇအပါအဝင် စီးပွားရေးပိတ်ဆို့ အရေးယူခံထားရသော မြန်မာသူဌေးကြီးများအတွက် စင်္ကာပူသည် ပုန်းခိုစရာနေရာတစ်ခု ဖြစ်နေသည်မှာ အချိန်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

၂၀၀၇ခုနှစ်က အမေရိကန်ပြည်ထောင်စု၏ အရေးယူခံရမှုများရှိခဲ့လင့်ကစား ဦးတေဇသည် စင်္ကာပူနိုင်ငံ၌နေထိုင်ပြီး ဆက်လက်လုပ်ငန်းလုပ်ကိုင်ခွင့် ရရှိထားပြီး စားအုန်းဆီ၊ ကျွန်းသစ်နှင့် လေကြောင်းပို့ဆောင်ရေးဆိုင်ရာ ကုမ္ပဏီ ၁၀ ခုခန့်ကို တည်ထောင်လည်ပတ်လျက်ရှိသည်။

မြန်မာနိုင်ငံ၌ ဒီမိုကရေစီရွေးကောက်ပွဲများ ကျင်းပအပြီး ၂၀၁၆ ခုနှစ်တွင် ဦးတေဇနှင့် အခြားစစ်အစိုးရထောက်ခံသူများအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးအယူမှုကို အမေရိကန်ပြည်ထောင်စုက ရုပ်သိမ်းပေးခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည် အစိုးရကို အင်အားသုံးဖယ်ရှားခဲ့သည့် ၂၀၂၁ခုနှစ် ၊ဖေဖော်ဝါရီလ အာဏာသိမ်းမှုအပြီး ယခုနှစ်အစောပိုင်းတွင် အဆိုပါ အရေးယူပိတ်ဆို့မှုများကို ပြန်လည်ချမှတ် ပြဋ္ဌာန်းခဲ့သည်။

စင်္ကာပူအပါအဝင် အာရှနိုင်ငံအများစုက အရေးယူပိတ်ဆို့မှုများကို မထောက်ခံကြပေ။ ထိုသို့ အရေးယူမှုများသည် မြန်မာပြည်သူများအပေါ်သာ ထိခိုက်နစ်နာစေမည်ဖြစ်ကာ မြန်မာနိုင်ငံကို တရုတ်နှင့် ပိုနီးစပ်သွားအောင် တွန်းပို့လိုက်သလို ဖြစ်လိမ့်မည်ဟု စင်္ကာပူဝန်ကြီးချုပ်လီရှန်လွန်း (Lee Hsien Loong)က ပြောကြားခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးအား ဦးတေဇ အကြောင်းအပြင် မြန်မာနိုင်ငံအပေါ် ထားရှိသည့် စင်္ကာပူ၏မူဝါဒကို မေးမြန်းသည့်အခါ မြန်မာ့အရေးကို “စိတ်မချမ်းမြေ့စရာတစ်ခု” ဟု ယခင်ကပြောဆိုခဲ့ဖူးသော နိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan၏ စကားကိုသာကိုးကားဖြေဆိုသည်။ ဝန်ကြီးက မြန်မာ့ပြည်တွင်းရေး ပဋိပက္ခများကို မြန်မာတို့ကိုယ်တိုင် ဖြေရှင်းရန်လိုအပ်ပြီး စင်္ကာပူနိုင်ငံ၏ ဩဇာလွှမ်းမိုးမှုကို လူအများက ပုံကြီးမချဲ့သင့်ဟု ပြောဆိုခဲ့သည်။

ယခုအခါစစ်ကောင်စီအပေါ် အမေရိကန်တို့၏ ဖိအားပေးမှု ပိုမိုများပြားလာသလို ကမ္ဘာ့ငွေကြေး အာဏာပိုင်များက မြန်မာနိုင်ငံကို အမည်ပျက်စာရင်းသွင်းရန် စဉ်းစားလာကြသည့်အချိန်တွင် စင်္ကာပူ၏ အဆိုပါ ရပ်တည်ချက်သဘောထားကို ဆက်လက်ထိန်းသိမ်းရန် တစ်စထက်တစ်စ ပိုမိုခက်ခဲလာသည်။ အိမ်နီးချင်းနိုင်ငံများ၏ ပြည်တွင်းရေးတွင် ဝင်ရောက် မစွက်ဖက်ရေး ၎င်း၏မူဝါဒမှ သွေဖီမည့်လက္ခဏာများကို စင်္ကာပူက ပြသနေပြီဖြစ်သည်။

၎င်းလက္ခဏာများတွင် စစ်ကောင်စီကို ပြစ်တင်ဝေဖန်ခြင်း၊ မြန်မာနိုင်ငံသို့ ငွေကြေးစီးဆင်းမှုအပေါ် စိစစ်မှုများ တိုးမြှင့်ပြုလုပ်ခြင်းနှင့် လက်နက်မဲ့ အရပ်သားများအပေါ် အကြမ်းဖက်ရာတွင် အသုံးပြုဖွယ်ရှိသည့် ပစ္စည်းများ လွှဲပြောင်းခွင့်ကို ရပ်ဆိုင်းခြင်း စသည်တို့ ပါဝင်သည်။ သို့သော် စွပ်စွဲချက်များကို ငြင်းဆိုထားသည့် ဦးတေဇအပါအဝင် အရေးယူခံထားရသော အခြားလက်နက် ရောင်းဝယ်သူများမှာမူ စင်္ကာပူနိုင်ငံ၌ စီးပွားရေးလုပ်ငန်းများ ပေါ်ပေါ်ထင်ထင် ဆက်လက်လုပ်ကိုင်လျက်ရှိသည်ကို တွေ့မြင်ရသည်။

“သူတို့ရဲ့ဘဏ္ဍာရေး လုပ်ငန်းကဏ္ဍကို ထိခိုက်မှာစိုးရိမ်တဲ့အတွက် ပထမတော့ စင်္ကာပူက စစ်ကောင်စီအပေါ် အရေးယူဖို့ အတော်ကြီးကို လိုလားမှုမရှိကြဘူး။ အခုတော့ စင်္ကာပူမှာ လုပ်ငန်းလည်ပတ်နေတဲ့ စစ်တပ်နဲ့ချိတ်ဆက်ထားတဲ့ ကုမ္ပဏီအချို့ကို စတင်နှိမ်နှင်းနေပြီ။

ဒါပေမဲ့ စစ်တပ်ရဲ့ ဘဏ္ဍာရေး အသက်သွေးကြောအဖြစ် ကူညီထောက်ပံ့နေသူတွေအပြင် လက်နက်ခဲယမ်း အပိုပစ္စည်းတွေ ပံ့ပိုးနေသူ အများအပြားကတော့ စင်္ကာပူမှာ ဆက်လက်လုပ်ငန်းလုပ်ကိုင်နေကြဆဲ ဖြစ်ပါတယ်”ဟု ဝါရှင်တန်ရှိ အမျိုးသားစစ်မက်ရေးရာကောလိပ် (National War College) မှ အရှေ့တောင်အာရှနိုင်ငံရေးကို အထူးပြုလေ့လာနေသော ပါမောက္ခ Zachary Abuza ကပြောဆိုသည်။

၂၀၀၇ ခုနှစ်ကပေါက်ကြားခဲ့သော အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကြေးနန်းစာများတွင် ရုရှား လေယာဉ်ထုတ်လုပ်သည့် ကုမ္ပဏီများနှင့် အဆက်အသွယ်ရှိသော ဦးတေဇကို “မြန်မာ့နံပါတ်တစ် ခရိုနီကြီး” ဟု ခေါ်ဝေါ်သုံးနှုန်းထားသည်။

ဝီကီလိခ်တွင် ဖွင့်ချခဲ့သော ရန်ကုန်မှ အမေရိကန်သံအရာရှိ တစ်ဦးရေးသားသည့် ကြေးနန်းစာတစ်စောင်တွင် ရုရှားသံအမတ်ကြီးတစ်ဦးနှင့် အဆက်အသွယ်ရှိမှုကို အသုံးချ၍ မြန်မာနိုင်ငံအတွက် လက်နက်၊ ခဲယမ်း၊ အမ်အိုင်-၁၇ ရဟတ်ယာဉ်နှင့် အမ်အိုင်ဂျီ-၂၉ တိုက်လေယာဉ်များ ရောင်းချနိုင်ရေး အရောင်းကိုယ်စားလှယ် ဖြစ်လာအောင် ဦးတေဇက မည်သို့ ကြိုးပမ်းခဲ့သည်ကို အသေးစိတ် ဖော်ပြထားသည်။

အရေးယူခံရမှု အချိန်ဇယားမှတ်တမ်း

မြန်မာစီးပွားရေးလုပ်ငန်းရှင် ဦးတေဇအပြင် ၎င်း၏မိသားစုနှင့် စီးပွားရေးလုပ်ငန်းများအပေါ် အီးယူ၊ အမေရိကန်ပြည်ထောင်စုနှင့် ယူကေနိုင်ငံတို့က အရေးယူပိတ်ဆို့မှုများချမှတ်ခဲ့သည်။

“စစ်အစိုးရအဆက်ဆက်နှင့် အကြီးအကျယ်ချိတ်ဆက်မှုများမှတစ်ဆင့် စစ်တပ်နှင့်ပူးပေါင်း ဆောင်ရွက်နေသည်” ဟုဆိုကာ ဦးတေဇကို ယူကေနိုင်ငံက ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတွင် ပိတ်ဆို့ အရေးယူခဲ့သည်။ အလားတူပင် စစ်တပ်အတွက် လက်နက်ပစ္စည်းများထောက်ပံ့ခဲ့သလို ၂၀၂၁ခုနှစ်၊ မေလက မြန်မာလေတပ်အကြီးအကဲနှင့်အတူ ရုရှားနိုင်ငံသို့ အလည်အပတ် သွားရောက်ခဲ့ကြောင်း ဖော်ပြလျက် အမေရိကန်ငွေတိုက် ဝန်ကြီးဌာနကလည်း ဦးတေဇကို ဇန်နဝါရီလက အရေးယူပိတ်ဆို့မှု စာရင်းထဲထည့်သွင်းခဲ့သည်။

စစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းများတွင် အဓိကအခန်း ကဏ္ဍမှပါဝင်နေသည်ဟု ယူဆရသော ဦးတေဇ၏ သားများဖြစ်သည့် ကိုပြည့်ဖြိုးနှင့် ကိုထူးထက်တို့အပြင် ဦးတေဇ၏ကုမ္ပဏီဖြစ်သော ထူးကုမ္ပဏီအုပ်စုကိုပါ အမေရိကန်ပြည်ထောင်စုက အရေးယူမှုများ ချမှတ်ခဲ့သည်။

၂၀၂၁ ခုနှစ်အထိ ၁၀နှစ်တာကာလအတွင်း မြန်မာနိုင်ငံသို့ လက်နက်ရောင်းချမှုတွင် တရုတ်ပြီးလျှင် ရုရှားသည် ဒုတိယအများဆုံး နိုင်ငံဖြစ်သည်ဟု ကမ္ဘာအရပ်ရပ်လက်နက်ရောင်းချမှုများကို စောင့်ကြည့် လေ့လာနေသည့် စတော့ဟုမ်းနိုင်ငံတကာ ငြိမ်းချမ်းရေးသုတေသနအဖွဲ့ (Sipri)၏ အချက်အလက်များက ဆိုသည်။

အဆိုပါ ဆယ်စုနှစ်၏ ဒုတိယ ၅ နှစ်အတွင်း ရုရှားမှတိုက်လေယာဉ် (၂၀) စီးနှင့် တရုတ်မှ (၁၀)စီး၊ စုစုပေါင်းတိုက်ခိုက်ရေး လေယာဉ်အစီး (၃၀) ကို မြန်မာနိုင်ငံသို့ ပေးပို့ခဲ့ကြောင်း Sipri ကဖော်ပြသည်။ နိုင်ငံအများစုက ကာကွယ်ရေးအတွက် လေယာဉ်များဝယ်ယူစုဆောင်းခြင်း ဖြစ်သော်လည်း မြန်မာစစ်တပ်ကမူ ၎င်း၏ပြည်သူများနှင့် လူနည်းစုရိုဟင်ဂျာများကို တိုက်ခိုက်ရန် အသုံးပြုခဲ့သည်ဟု Sipri ကဆိုသည်။

Sipri ၏ လက်နက်လွှဲပြောင်းမှုအစီအစဉ်မှ အကြီးတန်းသုတေသီဖြစ်သော Siemon Wezeman က မြန်မာနှင့် အခြားအလားတူနိုင်ငံများ၌ ဦးတေဇကဲ့သို့ ကြားပွဲစားများကို အများအားဖြင့် အသုံးပြုကြသည်ဟု ပြောကြားသည်။ “သူတို့ (ကြားပွဲစားတွေ) မှာ ဗဟုသုတနဲ့ အဆက်အသွယ်တွေရှိပြီး စက်ယန္ဒရား လည်ပတ်အောင် ချောဆီထည့်နိုင်ကြတယ်။ တရားမဝင်လုပ်ငန်းတစ်ခုခုကို သူတို့လုပ်နေတာမျိုးတော့ မဟုတ်ဘူး။ ဒါပေမဲ့ လက်နက်အတွက် ငွေကြေးထောက်ပံ့ဖို့နဲ့ သယ်ယူပို့ဆောင်ရေးတွေ သွက်လက်မြန်ဆန်အောင် သူတို့ကူညီနိုင်ကြတယ်” ဟု ၎င်းကရှင်းပြသည်။

ဦးတေဇ အပေါ်အရေးယူမှုများ အာဏာသက်ရောက်မှုမရှိသေးမီ ၂၀၁၈ခုနှစ်ခန့်က ၎င်း၏ ရန်ကုန်လေကြောင်း အင်ဂျင်နီယာ လုပ်ငန်းကုမ္ပဏီ ကိုယ်စားလှယ်များသည် မြန်မာ့လေတပ်အရာရှိများနှင့်တွေ့ဆုံ၍ အေတီအာရ် ၇၂ (ATR 72) လေယာဉ်များကို တစ်စီးလျှင်ဒေါ်လာ ၅၅၀,၀၀၀ ခန့်ဖြင့် စစ်တပ်အတွက် ကုန်ပစ္စည်းနှင့် သယ်ယူပို့ဆောင်ရေး လေယာဉ်များအဖြစ် မွမ်းမံပြောင်းလဲရေးကိစ္စကို ဆွေးနွေးခဲ့သည်ဟု စစ်တပ်ကို ထောက်ခံသည့် အဖွဲ့အစည်းများကို စုံစမ်းဖော်ထုတ်နေသော Justice for Myanmar က ထုတ်ဝေသည့် လျှို့ဝှက်အစည်းအဝေး မှတ်တမ်းပေါက်ကြားမှုတစ်ခုက ဆိုသည်။

၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလရက်စွဲဖြင့် နောက်ထပ်ပေါက်ကြားမှုတစ်ခုတွင် ဦးတေဇ၏ မြန်မာအေဗီယာ (Avia) ပို့ကုန်လုပ်ငန်းကုမ္ပဏီသည် JSC ရုရှားရဟတ်ယာဉ်ကုမ္ပဏီ၏ အကျိုးတူမိတ်ဖက်အဖွဲ့တစ်ခု ဖြစ်သည်ဟု ဖော်ပြထားသည်။ ဦးတေဇ၏ ထူးကုမ္ပဏီအုပ်စုကို “မြန်မာနိုင်ငံ၌ အကြီးဆုံးခရိုနီကုမ္ပဏီတစ်ခု” ဟု ၂၀၁၉ ခုနှစ် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစီရင်ခံစာတစ်ခု၌ ရေးသားထားသည်။

လူထောင်ပေါင်းများစွာ သေဆုံးခဲ့ပြီး လူဦးရေ ၈၇၀,၀၀၀ခန့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသော ရခိုင်ပြည်နယ်အနောက်ပိုင်းမှ မွတ်ဆလင်ရိုဟင်ဂျာ လူမျိုးများအပေါ် စစ်တပ်၏ မြေပြင်ရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်အပြီး ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ၌ စစ်တပ်ကို ထောက်ပံ့လှူတမ်းခဲ့သူများတွင် ထူးကုမ္ပဏီအုပ်စုလည်း ပါဝင်ခဲ့သည်ဟု အစီရင်ခံစာက ဖော်ပြသည်။

ဦးတေဇအကြောင်းအပြင် ၎င်း၏လက်နက်ရောင်းချမှုနှင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူမှုများကို မေးမြန်းသည့်အခါ စစ်ကောင်စီ၏ အဓိကပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပေ။ “ယင်းမေးခွန်းများကို ကျွန်တော်တို့ဖြေကြားနိုင်ခြင်း မရှိပါ”ဟု စစ်ကောင်စီ ပြန်ကြားရေးရုံးက ပေးပို့သည့် အီးမေးလ်တွင် ရေးသားထားသည်။

၁,၀၀၀% လုံးဝ မလုပ်ဖူးဘူး

ဦးတေဇကမူ ၎င်းသည် လက်နက်ကုန်သည် မဟုတ်ကြောင်း ငြင်းဆိုသည်။ ဟိမဝန္တာတောင်ခြေ၌ ၎င်းပိုင်ဆိုင်သော အပန်းဖြေစခန်းတစ်ခုတည်ရှိရာ လှပသောပူတာအိုမြို့လေးတွင် မိနစ် ၉၀ ကြာ ပြုလုပ်သော အင်တာဗျူးတစ်ခု၌ အသက် ၅၈ နှစ်အရွယ်ဦးတေဇက မိမိအနေဖြင့် မြန်မာစစ်တပ်အတွက် ပို့ဆောင်ရေးစက်ပစ္စည်းများကိုသာ ပေးပို့ခဲ့ဖူးပြီး လက်နက်များပေးသွင်းခဲ့ခြင်း မရှိကြောင်း ပြောကြားသည်။

အာမခံထား၍ မရတော့သဖြင့် မိမိပိုင်လေကြောင်းလိုင်းကို ပိတ်ပစ်ခဲ့ရခြင်း အပါအဝင် စီးပွားရေး အရေးယူပိတ်ဆို့မှုများကြောင့် ၎င်း၏ငွေကြေး အခြေအနေကို ထိခိုက်ခဲ့ကြောင်း၊ ယခုအခါ ကျန်းမာရေး မကောင်းတော့သဖြင့် တစ်စိတ်တစ်ပိုင်း အနားယူနေရပြီဖြစ်ကြောင်း ဦးတေဇက ဆက်လက်ပြောဆိုသည်။

ကွန်ပျူတာစခရင်ပေါ်၌ ဦးတေဇ၏ ခပ်ဝိုင်းဝိုင်းမျက်နှာသည် အမူအရာများ လှုပ်ရှားသက်ဝင်လာပြီး “ကျွန်တော် လက်နက်အရောင်းအဝယ် မလုပ်ပါဘူးဗျာ။ ဘယ်တုန်းကမှ မလုပ်ခဲ့ဘူးဆိုတာ ၁,၀၀၀% အသေအချာ ပြောလိုပါတယ်” ဟု ပြန်လည်ဖြေကြားသည်။

ဦးတေဇ၏သားနှစ်ဦးလည်း အဆိုပါတွေ့ဆုံမှုတွင် ပါဝင်တက်ရောက်ခဲ့သည်။ ဦးတေဇအမွေကို ဆက်ခံမည့်အသက် ၃၅ နှစ်အရွယ်ကိုပြည့်ဖြိုးက မြန်မာနိုင်ငံ ရန်ကုန်မြို့မှတစ်ဆင့် ဖုန်းဖြင့်ဆက်သွယ်ပါဝင်ကာ မိသားစုဘဏ်လုပ်ငန်းကို ဦးစီးနေသော အသက် ၂၉ နှစ်အရွယ် ကိုထူးထက်က ဆန်တိုစာရှိ W Hotel မှတစ်ဆင့် တက်ရောက်ဖြေကြားခဲ့သည်။ သားနှစ်ဦးစလုံးသည် စင်္ကာပူရှိ အပြည်ပြည်ဆိုင်ရာကျောင်း၌ ပညာသင်ကြားခဲ့သူများဖြစ်ပြီး အင်္ဂလိပ်စကားပြော အထူးကျွမ်းကျင်ကောင်းမွန်ကာ ၎င်းတို့၏ ဖခင်အတွက် မကြာခဏ ကြားဖြတ်၍ ဘာသာပြန်ပေးနေကြသည်။

၂၀၁၁ ခုနှစ်အထိ စစ်တပ်နှင့် အစေးကပ်သဖြင့် ဆက်ဆံရေး အထူးကောင်းမွန်ခဲ့သော်လည်း ထိုအချိန်က အစိုးရနှင့် မိမိ၏နီးစပ်မှုကိုမူ အလွန်အမင်း ချဲ့ကားပြောဆိုကြခြင်းဖြစ်ကြောင်း ရှင်းပြလျက် “စစ်တပ်နဲ့ ကျွန်တော့်အကြား ဆက်ဆံရေးကို မီဒီယာတွေက ပုံဖျက်ထားတာ ဖြစ်ပါတယ်” ဟု ဦးတေဇက တုံ့ပြန်သည်။

ယမန်နှစ် ကိုဗစ်ကပ်ရောဂါကာလအတွင်း ခရီးသွားလာမှု ကန့်သတ်ချက်များရှိနေသဖြင့် မော်စကိုသို့ ၎င်းသွားရောက်ခဲ့ခြင်း မရှိကြောင်းလည်း အမေရိကန်ငွေတိုက်ဝန်ကြီးဌာန၏ စွပ်စွဲချက်နှင့် အဝေးရောက် မြန်မာသတင်းထောက်များဖြင့် ထုတ်ဝေနေသည့် ဧရာဝတီသတင်းစာ၌ ၂၀၂၁ ခုနှစ်၊ မေလ အတွင်းက ဖော်ပြခဲ့သော သတင်းတစ်ပုဒ်ပါ အကြောင်းအရာတို့ကို ဦးတေဇကငြင်းဆိုသည်။

ဦးတေဇသည် လေတပ်ဦးစီးချုပ်နှင့်အတူ မော်စကိုတွင်ကျင်းပမည့် စစ်ရေးပြပွဲတစ်ခုကို မတက်ရောက်မီ ထိပ်တန်းစစ်အစိုးရ အရာရှိများနှင့်တွေ့ဆုံရန် စင်္ကာပူမှ မြန်မာနိုင်ငံမြို့တော် နေပြည်တော်သို့ ပုဂ္ဂလိက ဂျက်လေယာဉ်တစ်စီးဖြင့် သွားရောက်ခဲ့သည်ဟု အမည်မဖော်ပြသော သတင်းရင်းမြစ်ကို ကိုးကားလျက် အဆိုပါ သတင်း၌ရေးသားထားသည်။ “ဒီစွပ်စွဲချက်တွေက လုံးဝကိုမှားယွင်းပါတယ်” ဟု ဦးတေဇက ပြောသည်။

Bloomberg သတင်းဌာနက တွေ့မြင်ခဲ့ရသော ဦးတေဇ၏ မြန်မာနိုင်ငံကူးလက်မှတ်မိတ္တူတွင် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလနောက်ပိုင်း ခရီးသွားလာမှု တံဆိပ်တုံးများ ထုရိုက်ထားသည်ကို မတွေ့ရှိခဲ့ရပေ။ သို့သော် ဦးတေဇကဲ့သို့ စင်္ကာပူအလုပ်အကိုင် လက်မှတ်ရရှိထားသူ တစ်ဦးအနေဖြင့် နိုင်ငံကူးလက်မှတ်တွင် စည်းတံဆိပ်မနှိပ်ဘဲ အီလက်ထရောနစ်နည်းဖြင့် စကင်ဖတ်၍လည်း ခရီးသွားလာနိုင်ကြောင်း ပြည်တွင်းဆိုက်ရောက်နှင့် ပြည်ပထွက်ခွာမှုဆိုင်ရာ လုပ်ငန်းများကို စီစဉ်ဆောင်ရွက်သော စင်္ကာပူ လူဝင်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဂိတ် အာဏာပိုင်အဖွဲ့ (ICA)၏ ဝဘ်ဆိုဒ်ဖော်ပြချက်များအရ သိရှိရသည်။

မိမိတို့ဌာနအနေဖြင့် လူတစ်ဦးချင်းစီ၏ ခရီးသွားလာမှုအကြောင်း မှတ်ချက်မပေးနိုင်ဘဲ ၂၀၂၁ ခုနှစ်၊ မေလအတွင်းက ဦးတေဇသည် စင်္ကာပူနိုင်ငံမှထွက်ခွာသွားခြင်း ရှိ/မရှိ မဖြေဆိုနိုင်ကြောင်း ICA ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဖြေကြားသည်။

ဦးတေဇ၏ကိုယ်စားလှယ်တစ်ဦးကပေးပို့သည့် အခြားအထောက် အထားများတွင်မူ ဆန်တိုစာရှိ ၎င်း၏ နေအိမ်မှဝင်ထွက်သွားလာမှု မှတ်တမ်းများကို ဖော်ပြထားပြီး ဦးတေဇသည် ၂၀၂၁ ခုနှစ်၊ မေ ၁၇ ရက်၊ နံနက် ၁နာရီတွင်နေအိမ်မှ ထွက်ခွာသွားပြီး မေ ၂၁ ရက်၊ ညနေ ၄နာရီတွင် ပြန်လည်ရောက်ရှိလာကြောင်း တွေ့ရှိရသည်။ ၎င်းအဝင်အထွက် အချိန်မှတ်တမ်းအရ မေ ၂၀ မှ ၂၂ ရက်အထိ ကျင်းပသော စစ်ရေးပြပွဲသို့ တက်ရောက်ရန် အချိန်လုံလောက်နိုင်မည် ဖြစ်သော်လည်း ထိုစဉ်က စင်္ကာပူနိုင်ငံ၏ ကမ္ဘာ့ကပ်ရောဂါ ကန့်သတ်ချက်များအရ သတ်မှတ်ထားသောနေရာ၌ ၂၁ ရက်ကြာကွာရန်တင်း ဝင်ရောက်ရန်အတွက်မူ အချိန်လုံလောက်ခြင်း မရှိကြောင်း သုံးသပ်ရရှိသည်။

ဧရာဝတီသတင်းဌာန အယ်ဒီတာချုပ် ဦးအောင်ဇော်က မိမိသတင်းစာပါ သတင်းဘက်မှ ရပ်တည်ပြောဆိုသည်။ အမေရိကန်ငွေတိုက်ဝန်ကြီးဌာနကမူ မှတ်ချက် မပေးနိုင်ကြောင်း ငြင်းပယ်ခဲ့သည်။ စင်္ကာပူ၌တွေ့ဆုံ၍ နောက်ထပ်မေးခွန်းများကို ဖြေကြားပေးမည်ဟု ဦးတေဇကပြောဆိုသော်လည်း နောက်ပိုင်း ယင်းကမ်းလှမ်းချက်ကို ပြန်လည်ရုပ်သိမ်းသွားသည်။

ဦးတေဇကုမ္ပဏီမှ ကိုယ်စားလှယ် တစ်ဦးက အီးမေးလ်ပေးပို့ရာတွင် ၂၀၁၈ ခုနှစ်က လေယာဉ်များမွမ်းမံ ပြင်ဆင်မည့် စီမံကိန်းသည် “အရပ်ဖက်လုပ်ငန်း သဘာဝ” သာဖြစ်ပြီး ၎င်းစီမံကိန်းကို ဆက်လက်ဆောင်ရွက်ခဲ့ခြင်း မရှိကြောင်း ရေးသားထားသည်။ ထို့အပြင် မြန်မာအေဗီယာ(Avia) ပို့ကုန်လုပ်ငန်းသည် နိုင်ငံတကာကုမ္ပဏီတစ်ခုနှင့် အကျိုးတူပူးပေါင်းထားသည် ဟူသောအချက်ကိုလည်း ၎င်းကငြင်းဆိုသည်။

နောက်ဆုံးချမှတ်ခဲ့သည့် အရေးယူပိတ်ဆို့မှုများက စစ်ကောင်စီအား မူဝါဒများ အတင်းအကြပ် ပြောင်းလဲစေအောင် ဖိအားမပေးနိုင်ခဲ့သော်လည်း ဦးတေဇအပေါ်တွင်မူ ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်စေခဲ့သည်။ ယူကေနိုင်ငံက ၎င်း၏နယ်မြေများသို့ ခရီးသွားလာခွင့်မပြုကြောင်း ဦးတေဇကို ပိတ်ပင်ထားသည်။ မြန်မာနိုင်ငံရှိ ဟိုတယ် ၁၇ လုံးကို စီမံခန့်ခွဲနေသော စင်္ကာပူအခြေစိုက် Banyan Tree ကုမ္ပဏီအုပ်စုသည် ၎င်းဆောင်ရွက်နေသည့် ဖက်စပ်လုပ်ငန်းများကို “လက်ရှိ အခြေအနေများကြောင့်” ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း အဆိုပါ Banyan Tree ကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုသည်။

ထို့အပြင် ယခုနှစ်အစောပိုင်းကလည်း အမေရိကန်အခြေစိုက် Las Vegas Sands Corp. ကုမ္ပဏီက ပိုင်ဆိုင်သော မရီနာဘေးဆန်း (Marina Bay Sands) ကာစီနိုကလည်း ဦးတေဇကို ၎င်းတို့၏ လောင်းကစားရုံ၌ ဆက်လက်ကစားခွင့်မပြုတော့ကြောင်း အကြောင်းကြားခဲ့သည်။ (ကာစီနို ကိုးမီး ဖဲဝိုင်း၌ ဒေါ်လာသန်း ၇၀ ခန့်ရှုံးနိမ့်ဖူးသော ဦးတေဇအတွက် အဆိုပါပိတ်ပင်မှုမှာ ပိုကောင်းဖွယ်ရှိသည် ဟု ၎င်းကိစ္စကို သိရှိထားသူတစ်ဦးက ဆိုသည်)။ ကာစီနိုကုမ္ပဏီက မှတ်ချက်ပေးရန်ငြင်းဆိုသည်။

သို့တိုင်အောင်လည်း ဦးတေဇသည် မိမိစိတ်တိုင်းကျ လွတ်လပ်စွာ သွားလာနေနိုင်ဆဲဖြစ်သည်။ “စင်္ကာပူ နိုင်ငံဟာ အဆင့်အတန်းအမြင့်ဆုံး ကုမ္ပဏီဝန်ဆောင်မှုတွေနဲ့ ဒေသတွင်းစီးပွားရေးနဲ့ ဘဏ္ဍာရေး အချက်အခြာဗဟိုဌာန တစ်ခု ဖြစ်နေဆဲပါ။ စင်္ကာပူလူနေမှုစတိုင်၊ အစားအသောက်နဲ့ ပတ်ဝန်းကျင်ကို သူ (ဦးတေဇ)က သဘောကျနှစ်သက်ပြီး ဒီကာလတွေအတွင်း စင်္ကာပူကမိတ်ဆွေတွေနဲ့ ခိုင်မာတဲ့ ဆက်ဆံရေးကို တည်ဆောက်ထားပြီးလည်း ဖြစ်ပါတယ်” ဟု ဦးတေဇ၏ ကိုယ်စားလှယ်တစ်ဦးက ပြောသည်။ သို့သော် ဦးတေဇ၏ ချမ်းသာကြွယ်ဝမှု သို့မဟုတ် လောင်းကစားအလေ့အထများ အကြောင်းကိုမူ ၎င်းကမှတ်ချက်ပေးရန် ငြင်းဆိုသည်။

မိသားစုအဆက်အသွယ်များ

စစ်ဖက်နှင့် စီးပွားရေးလောကနှစ်ခုလုံးထဲသို့ ဦးတေဇ အောင်မြင်စွာ ထိုးဖောက်ဝင်ရောက်နိုင်ရန် ၎င်း၏ မိသားစုအဆက်အသွယ်များက လမ်းဖောက်ပေးခဲ့ကြသည်။ ဦးတေဇ၏ ဖခင်ဖြစ်သူ ဦးမြင့်ဆွေသည် ဂျော်ဂျီယာပြည်နယ် ရှိ Fort Benning တပ်စခန်းတွင် သင်တန်းပြီးဆုံးအောင် တက်ရောက်ပြီးနောက် အမေရိကန်ဗဟို ထောက်လှမ်းရေးဌာန(စီအိုင်အေ)နှင့် အလားသဏ္ဍာန်တူသော တပ်မတော် စစ်မဟာဗျူဟာ လေ့လာရေးဌာန၏ အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်ဟု ဦးမြင့်ဆွေ ကွယ်လွန်ပြီး ၂၀၀၈ ခုနှစ်အတွင်း မိသားစုက ထုတ်ဝေသည့်စာအုပ်တွင် ဖော်ပြထားသည်။

ဦးမြင့်ဆွေသည် ၁၉၆၂ ခုနှစ်က အာဏာသိမ်းယူခဲ့သော ဗိုလ်ချုပ်ကြီးနေဝင်းနှင့် ခင်မင်ရင်းနှီးကာ အဆိုပါအဆက်အသွယ်ကြောင့် ၎င်း၏အငယ်ဆုံးသားဖြစ်သူ ဦးတေဇအပေါ် စစ်တပ်၏ယုံကြည် ကိုးစားမှုကိုရရှိစေနိုင်ခဲ့သည်။

ဦးတေဇသည် စစ်တက္ကသိုလ်မှ ကျောင်းထွက်လာရအပြီး ၁၉၈၀ ပြည့်လွန်အစောပိုင်းနှစ်များတွင် ဒေါ်သီတာဇော်နှင့် လက်ထပ်ခဲ့သည်။ ဒေါ်သီတာဇော်၏ မိသားစုသည် ထိုစဉ်က ဆန်စက်လုပ်ငန်း လုပ်ကိုင်သော ထူးကုမ္ပဏီအုပ်စုကို ပိုင်ဆိုင်သည်။

ဦးတေဇသည် နိုင်ငံအကြီးအကဲဖြစ်သူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအပါအဝင် ထိပ်တန်းအရာရှိများနှင့် ၂၀၁၁ခုနှစ်အထိ ဆယ်စုနှစ် ၂ ခုတာကာလအတွင်း ခင်မင်ရင်းနှီးအောင်မိတ်ဆွေဖွဲ့ရင်း ထူးကုမ္ပဏီလုပ်ငန်းများကို ကျွန်းသစ်ရောင်းဝယ်ရေး၊ လေကြောင်း ပို့ဆောင်ရေး၊ ဆောက်လုပ်ရေး၊ ဟိုတယ်နှင့် ဘဏ်လုပ်ငန်းကဏ္ဍများအထိ တိုးချဲ့လုပ်ကိုင်လာခဲ့သည်။

ဦးတေဇသည် အာဏာရစစ်အစိုးရခေါင်းဆောင်များ၏သားသမီးများကို ၎င်းတို့တွင် အတွေ့အကြုံ မရှိစေကာမူ မိမိလုပ်ငန်းများ၌ ထိပ်တန်းရာထူးနေရာများတွင် ခန့်ထားခဲ့ကြောင်း လျှို့ဝှက်ချက် ပေါက်ကြားသည့် အမေရိကန်ကြေးနန်းစာတစ်စောင်တွင် တွေ့ရှိရသည်။

အပြန်အလှန်အနေဖြင့် အစိုးရက နေပြည်တော်မြို့တော်သစ် တည်ဆောက်ရေးကာလအတွင်း အရေအတွက် အနည်းငယ်သာ ချပေးခဲ့သော ဘိလပ်မြေတင်သွင်းခွင့်လိုင်စင် အပါအဝင် အကျိုးအမြတ်များသော လုပ်ပိုင်ခွင့် အများအပြားကို ဦးတေဇအား ခွင့်ပြုခဲ့သည်ဟု အဆိုပါကြေးနန်းစာတွင် ဆက်လက်ဖော်ပြသည်။

ဤသို့ဖြင့် အထူးသီးသန့် အရက်တင်သွင်းခွင့်ပါမစ် တစ်ခုရရှိသည့်အခါတွင် ဦးတေဇသည် ယခင်လေတပ် ဦးစီးချုပ်ဟောင်း၏ အသက် ၂၀ အရွယ်သားဖြစ်သူကို လက်လီဆိုင်များဖွင့်ရန် ဒေါ်လာ ၂ သိန်း ပေးခဲ့သည်ဟု ၎င်းကြေးနန်းစာအရ သိရှိရသည်။

သမ္မတ ဘီလ်ကလင်တန်က မြန်မာနိုင်ငံကို ၁၉၉၇ ခုနှစ်က ပထမဦးစွာ အမည်ပျက်စာရင်းသွင်းခဲ့ပြီး ၂ နှစ် အကြာတွင် ဦးတေဇသည် ၎င်း၏ပထမဆုံး ကုမ္ပဏီနှစ်ခုဖြစ်သော Pavo International Pte နှင့် Pavo Trading Pteကုမ္ပဏီများကို စင်္ကာပူနိုင်ငံ၌ မှတ်ပုံတင်ခဲ့သည်။ ကုမ္ပဏီစာရွက် စာတမ်းများတွင် “သစ်လုံး၊ သစ်ခွဲသား၊ အထပ်သားနှင့် အခြားထုတ်ကုန်များ လက်ကား ရောင်းချခြင်းလုပ်ငန်း” ဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံမှ ထုတ်ကုန်များတင်သွင်းမှုကို သမ္မတဂျော့ချ် ဒဗလျူ ဘွတ်ချ်က ပိတ်ပင်လိုက်ပြီး တစ်နှစ်အကြာ ၂၀၀၄ ခုနှစ်တွင် ဦးတေဇသည် ပုဂံလေကြောင်း ဦးပိုင်ပီတီအီးကုမ္ပဏီကို မှတ်ပုံတင်ခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်အရေးယူမှုများကို သမ္မတဘွတ်ချ်က တိုးမြှင့်ချမှတ်ခဲ့သော ၂၀၀၇ ခုနှစ်တွင် ဦးတေဇသည် နောက်ထပ်စင်္ကာပူ အခြေစိုက် Terrestrial Pte ကုမ္ပဏီကို တည်ထောင် ဖွဲ့စည်းခဲ့သည်။
(ဆက်လက် ဖော်ပြပါမည်)

(Bloomberg မဂ္ဂဇင်းပါ Chanyaporn Chanjaroen ၏ “Sanctioned Myanmar Tycoons Find Shelter in Singapore” ဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်)။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article