36 C
Yangon

ဟားခါးတွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် သူငယ်တန်းကျောင်းသား ကလေးငယ် ၂ ဦးသေဆုံး၊ ယင်းမာပင်၊ ဝက်လက်နှင့်ငါန်းဇွန်းတွင်လည်း ပြည်သူ ၈ ဦးကို စစ်တပ်က ရက်ရက်စက်စက် သတ်ဖြတ်

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၂

ချင်းပြည်နယ်၊ ဟားခါးတွင် စစ်တပ်၏ ဒရုန်းဖြင့် ဗုံးကျဲပစ်ခတ်မှုကြောင့် သူငယ်တန်းကျောင်းသား ကလေးငယ် ၂ ဦးသေဆုံးခဲ့ကြောင်း ချင်းတိုင်းရင်းသား Senthang Council က ထုတ်ပြန်ကြေညာသည်။

အောက်တိုဘာလ ၁၉ ရက်နေ့ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဘွန်လုံးကျေးရွာတွင် စစ်ကောင်စီတပ်၏ ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ညနေပိုင်းကျောင်းဆင်းလာကြသော သူငယ်တန်းကျောင်းသား James Siang Za Uk နှင့် Henry Bawi Za Lian သေဆုံးခဲ့ကြောင်း၊အခြားသူငယ်တန်းကလေးငယ် Nancy Ca Len Par လည်း နောက်ကျောတွင် ပြင်းထန်စွာ ဒဏ်ရာရရှိပြီး ဆေးကုသနေရကြောင်း၊ သူငယ်တန်း ကလေးငယ် ၂ ဦး၏ အလောင်းများကို အောက်တိုဘာလ ၂၀ ရက်နေ့တွင် သဂြိုလ်လိုက်ကြောင်း ချင်းသတင်းဌာန The Chin Journal က ဖော်ပြသည်။

အလားတူ စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ဒွန်တဲကုန်းရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပြီး အမျိုးသမီး ၁ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။

အောက်တိုဘာလ ၂၁ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်တွင် လှတောရွာ၌ ရောက်ရှိနေသည့် အကြမ်းဖက် စစ်တပ်က ဒွန်တဲကုန်းရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပြီး အသက် ၂၀ အရွယ် မသဲဦး ပွဲချင်းပြီးသေဆုံးကာ မဖြိုးဇာဦးနှင့် ဦးဖိုးဆောင်းတို့ ခြေတောက်ကိုလည်း ထိမှန်ခဲ့ကြောင်း သိရသည်။

“ဝက်လက် လှတောရွာမှ စစ်ခွေးအုပ်စုပစ်ခတ်သော လက်နက်ကြီးထိမှန်ပြီး ဒွန်တဲကုန်းရွာမှ အသက် ၂၀ အရွယ် မသဲဦး ပွင့်ထွက် ဒဏ်ရာနဲ့ ပွဲချင်းပြီး သေဆုံးတယ်။ မဖြိုးဇာဦးနဲ့ ဦးဖိုးဆောင်းတို့ ခြေတောက်ကို ထိမှန်သွားပြီး အခု ဆေးရုံတင်ထားရတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

အလားတူ မန္တလေး ငါန်းဇွန်မြို့နယ် ကုလကျေးရွာတွင် အကြမ်းဖက် စစ်တပ်က သတ်ဖြတ်ပြီး ရုပ်အလောင်း ၅ လောင်း လာရောက် စွန့်ပစ်သွားကြောင်း ဒေသခံ ပြည်သူများ ထံမှ သိရသည်။

အောက်တိုဘာလ ၁၈ ရက်နေ့ နံနက် အစောပိုင်းတွင် ကုလကျေးရွာ အဝင်၌ အကြမ်းဖက် စစ်တပ်က သတ်ဖြတ်ထားသော အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၁ တစ်ဦး၏ ရုပ်အလောင်းများကို လာရောက် စွန့်ပစ်သွားကြောင်း သိရသည်။

စစ်တပ်က သတ်ဖြတ်ခဲ့သည့် ရုပ်အလောင်း ၅ လောင်း၏ မျက်နှာများတွင် အဝတ်အမည်းများ စည်းထားပြီး အကြမ်း ဖက် စစ်တပ်က မည်သူမှ အကြောင်းကြားခြင်းမရှိဘဲ ရောက်ရှိလာကာ အလောင်းများကို ယူဆောင်သွားကြောင်း၊ သတ်ဖြတ်ခံရသူများသည် မည်သူ မည်ဝါဖြစ်သည်ကို အတည်မပြုနိုင်ခဲ့ကြောင်း၊ သတ်ဖြတ်ခံရသူ ၅ ဦးသည် ကုလကျေးရွာတွင် နေထိုင်သူများ မဟုတ်ဘဲ အကြမ်းဖက် စစ်တပ်က မည်သည့်နေရာမှ ဖမ်းဆီးလာပြီး သတ်ဖြတ်ခဲ့သည်ကို အတည်မပြုနိုင်ကြောင်း သိရသည်။

” ငါန်းဇွန်မြို့နယ် ကုလကျေးရွာမှာ ပြည်သူ ၅ ဦးကိုသတ်ဖြတ်ပြီး စစ်တပ်က အလောင်းလာ ပစ်သွားတယ်။ အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၁ ဦးရဲ့ အလောင်းတွေ ကုလရွာ တောင်ဘက် ရေအိုးစဥ်နားမှာ ည ၉ နာရီလောက်က စစ်ကား ၂ စီးနဲ့ သတ်ဖြတ်ပြီး လာပစ်သွားတာ အသတ်ခံရတဲ့ လူတွေက ကုလရွာသားတွေ တော့မဟုတ်ဘူး။ ကျွန်းတည်းကလို့တော့ ပြောနေကြတယ်။ အသတ်ခံရတဲ့လူတွေက လက်ပြန်ကြိုးတုတ် ခံရပြီး ပစ်သတ်ခံထားရတာ ။ ဘကလည်း သေနတ်ပစ်သံတွေ ကြားရတယ်လို့ ပြောတယ်။ အသတ်ခံရတဲ့ လူတွေကိုတော့ စုံစမ်းတုန်းပဲ။ ၁၄ နှစ် ယောက်ျားလေး တစ်ယောက်ပါတယ်။ မိန်းကလေးက ၁၇ နှစ်လောက်ရှိမယ်” ဟုဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့်ပုလဲမြို့နယ်အစပ် ရင်ပေါင်တိုင်ကျေးရွာတွင် အောက်တိုဘာလ ၁၉ ရက်နေ့ နံ နက် ပိုင်း စစ်ရဟတ်ယာဉ် ၆ စီးဖြင့် ပစ်ခတ်ပြီးနောက် အမျိုး သား ၃၇ ဦးကို ဖမ်းဆီးကာ အမျိုး သမီး ၂ ဦးကို စစ်တပ်က ပစ်သတ်လိုက်ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီကျော်အချိန်တွင် စစ်တပ်က ရဟတ်ယာဉ် ၆ စီးဖြင့် ပစ်ခတ်ခြင်း၊ စစ်အင်အား ၂၀၀ ချထားပြီး ကျေးရွာမျာကို စီးနင်းခြင်းများ လုပ်ဆောင်လာခြင်းဖြစ်ကြောင်း ၊ ယင်းနောက် အမျိုးသမီး ၂ ဦးကို ပစ်သတ်ပြီး အမျိုးသား ၃၇ ဦးကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“သူတို့က ရင်ပေါင်တိုင်ရွာကို ပစ်မှတ်ထားမယ်လို့ ဒေသခံတွေက ထင်လို့ ပြားအိုရွာ ဘုန်းတော်ကြီးကျောင်းမှာ စစ်ဘေးရှောင်နေကြတာ။ အဲဒီနေရာကို စစ်ကောင်စီ လာရောက်ပြီး ‌ဒေသခံအမျိုးသား၃၇ယောက်ကို ဖမ်းဆီးခေါ်ဆောင် သွားကြတယ်။ နောက်ပြီး စစ်ဘေးရှောင်တွေဆီက ဖုန်းအလုံး၁၅၀လောက်ကိုလည်းသိမ်းသွားတယ်။ အခုလည်း ညနေ၃နာရီခွဲကျော်အချိန် စစ်တပ်က ပစ်သတ်ထားတဲ့ အမျိုးသမီး အလောင်းနှစ်လောင်း ထပ်တွေ့ထားတယ်။ အမည်က ဒေါ်ညွန့်ညွန့် အသက်၆၀ကျော်၊ နောက်ထပ်တစ်ယောက်က မစိုးစိုး အသက် ၃၀ ကျော်ပါ။ မစိုးစိုးက ကိုယ်ဝန်၆လနဲ့ အခုလိုစစ်ကောင်စီကပစ်သတ်ထားခဲ့ကြတယ်။ အလောင်းတွေ့တာက ပြားအိုရွာ ဘုန်းတော်ကြီးကျောင်းအနီးမှာတွေခဲ့ရတယ်။နောက်ထပ်လည်း ဒဏ်ရာရသူအမျိုး သားနှစ်ဦးလည်းရှိသေးတယ်။ တစ်ဦးက ကုတ်ကိုကျည်မှန်ထားတယ်။ နောက်တစ်ယောက်က ဘယ်ဘက်လက်မောင်းကျည်မှန်ထားတယ်”ဟု ဒေသခံကိုမိုးဝင်းကပြောဆိုသည်။

လတ်တလော စစ်ကောင်စီတပ်များက ပုလဲမြို့နယ်ပုထိုးသာတွင် စစ်ကြောင်းတစ်ခု၊ ယင်းမာပင်မြို့နယ်၊ ရင်ပေါင်တိုင်ကျေးရွာတွင် စစ်ကြောင်းတစ်ခု တပ်စွဲထားကြောင်း သိရှိရသည်။

စစ်တပ်က ဖမ်းဆီးသွားသူများကို မုန်တိုင်ပင်ကျေးရွာကဲ့သို့ အစုလိုက် အပြုံ လိုက် သတ်ဖြတ်မှုများ ဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်နေကြကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article