37 C
Yangon

နိုင်ငံတစ်ဝန်း စစ်တပ်၊ တပ်ရင်းတပ်ဖွဲ့တွေထဲမှာ ပဋ္ဌာန်းပွဲတွေလုပ်ဖို့ ညွှန်ကြား ၊ ကရင်ပြည်နယ် ဌာနဆိုင်ရာရုံးတွေနဲ့ ဝန်ကြီးအိမ်ရာတွေမှာ လိမ္မောရောင် ယတြာအစများ ချည်နှောင်ထားဖို့ ဝေငှ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၄

အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတစ်ဝန်းရှိ တိုင်းစစ်ဌာနချုပ်များ၊ တပ်ရင်း၊ တပ်ဖွဲ့များမှာ အသံမစဲ မဟာပဋ္ဌာန်းတွေပွဲ၊ မေတ္တာပို့ဆုတောင်းပွဲတွေ လုပ်ဖို့ ညွှန်ကြားတယ်လို့ တပ်သတင်းရင်းမြစ်တချို့ထံမှ သိရှိရပါတယ်။

အဓိကအားဖြင့် တပ်ရင်းတပ်ဖွဲ့တွေမှာ အန္တရာယ်ကင်း ဘေးရှင်းရေးအတွက် ပဋ္ဌာန်းပွဲတွေလုပ်ဖို့ ညွှန်ကြားလာတာဖြစ်ပြီး ယတြာဖြစ်ကြောင်း၊ သီတင်းကျွတ်လကွယ်နေ့ အောက်တိုဘာလ ၂၃ ရက်နေ့ တစ်နိုင်ငံလုံး တပ်တွေ၊ ဌာနဆိုင်ရာတွေမှာ ပဋ္ဌာန်းပွဲတွေ လုပ်ဆောင်ခိုင်းတာဖြစ်ကြောင်း တပ်သတင်းရင်းမြစ်ကပြောပါတယ်။

“ပဋ္ဌာန်းပွဲတွေက ခဏခဏ လုပ်ခိုင်းနေတာ။ တပ်မိသားစု အမျိုးသမီးတွေ ရွတ်ခိုင်းတယ်။ မေတ္တာပို့ဆုတောင်းပွဲတွေ လည်း လုပ်ရတယ်။ အန္တရာယ်ကင်း ဘေးရှင်း ယတြာသဘောလုပ်ခိုင်းတာ။ တပ်မိသားစုတွေမှာလည်း အများစုက ရှေ့တန်းတွေ လုံခြုံရေးကင်းတွေ ကျနေကြတော့ လုပ်ကြတယ်။ တချို့တပ်တွေက မညွှန်ကြားဘဲ လုပ်တာရှိတယ်။ ညွှန်ကြားတဲ့အခါလည်း ထပ်လုပ်ရတယ်။ ခဏခဏ လုပ်နေရတာ” ဟု တပ်သတင်းရင်းမြစ်က ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတစ်ဝန်း တိုက်ပွဲတွေ ပြင်းထန်လာပြီး စစ်သားသေဆုံးမှု များနေချိန်မှာ ယတြာချေ တာတွေ မကြာခဏ လုပ်ခိုင်းနေတယ်လို့ တပ်သတင်းရင်းမြစ်က ဆိုပါတယ်။

ဒါ့အပြင် ကရင်ပြည်နယ် စစ်ကောင်စီရဲ့ လုံခြုံရေးအစည်းအဝေးအပြီးမှာ ဌာနဆိုင်ရာတွေနဲ့ ဝန်ကြီး အိမ်ရာတွေမှာ အပ်ချိတ်နဲ့ ချိတ်ဆွဲဖို့ လိမ္မော်ရောင်အစတွေ ဝေငှပေးပြီး မဖြစ်မနေ ချိတ်ဆွဲရမယ်လို့ ညွှန်ကြားတယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၁၇ ရက်နေ့မှာ အဲဒီ ယတြာ လိမ္မော်ရောင်အစတွေကို စတင် ချိတ်ဆွဲခိုင်းတာလို့လည်း သိရပါတယ်။

“လုံခြုံရေးအစည်းအဝေးမှာ ဘယ်ဗေဒင်ဆရာပေးလိုက်တဲ့ ယတြာလဲမသိဘူး။ ဌာနဆိုင်ရာရုံးအဆောက်အဦးနှင့်ဝန်ကြီးများအိမ်ရာအဝတွေမှာ လိမ္မော်ရောင် အစတွေကို အပ်ချိပ်နှင့်ချိတ်ဆွဲထားရမယ်ဆိုပြီး ဝေပေးတယ်။
အရောင်က အဝါမဟုတ်၊ အနီရောင်သန်းတယ်၊ အုတ်ကျိုးရောင် ခေါ်မလား လိမ္မော်ခေါ်ရမလားပဲ။ အဲဒါ ချိတ်ရတယ်” ဟု ကရင်ပြည်နယ် သတင်းရင်းမြစ်က ပြောပါတယ်။

လက်ရှိ ကရင်ပြည်နယ်မှာ နေရာအများစု KNU ၊ PDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေချိန် ကရင်ပြည်နယ် စစ်ကောင်စီက ယတြာတွေ ချေနေတာလည်းဖြစ်ပါတယ်။

ဓာတ်ပုံ- ပုသိမ် အနောက်တောင်တိုင်းစစ်ဌာနချုပ်မှာ အောက်တိုဘာလ ၂၃ ရက်နေ့ လုပ်တဲ့ ပဋ္ဌာန်းပွဲနဲ့ ကရင်ပြည်နယ်အစိုးရအဖွဲ့က ဌာနဆိုင်ရာရုံးနဲ့ ဝန်ကြီးအိမ်တွေမှာ ချိတ်ခိုင်းတဲ့ လိမ္မော်ရောင် ယတြာအစ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article