29.6 C
Yangon

တောင်ဒဂုံတွင် လင်မယားရန်ဖြစ်မှုဖြင့် သားသမီး ၂ ဦး၏ ဖခင် ကိုငြိမ်းချမ်းဝင်းကို ရပ်ကွက်ရုံးသို့ ခေါ်ကာ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများက ၀ိုင်းဝန်း ရိုက်နှက် သတ်ဖြတ် ၊ သတ်ဖြတ်သူ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များကို စစ်တပ်နှင့်ရဲက အရေးမယူ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၅

ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်၊ ကျူးကျော်ရပ်ကွက်တွင် နေထိုင်သူ ကိုငြိမ်းချမ်းဝင်းနှင့် ဇနီးဖြစ်သူတို့ အောက် တိုဘာ ၇ ရက်နေ့ ည ၁၁ နာရီဝန်းကျင်တွင် ရန်ဖြစ်သည်ဟုဆိုပြီး ကိုချမ်းချမ်းဝင်းကို ရပ်ကွက်ရုံးချုပ်သို့ ခေါ်ဆောင်ကာ ရာအိမ်မှူး/ ဆယ်အိမ်မှူးများက ဝါယာကြိုးဖြင့် ရိုက်နှက် သတ်ဖြတ်လိုက်ကြောင်း ဒေသခံများက ပြောသည်။

လင်မယားရန်ဖြစ်မှုဖြင့် ကိုငြိမ်းချမ်းဝင်းကို ရပ်ကွက်ရုံးမှ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ ခေါ်ဆောင်သွားခဲ့ပြီး မတရားရိုက်နှက်မှုကြောင့် နောက်တစ်နေ့ နံနက်ပိုင်းတွင် ကိုငြိမ်းချမ်းဝင်း သေဆုံးသွားကြောင်းနှင့် အဆိုပါ သေဆုံးမှုအတွက် ရိုက်နှက်ခဲ့သူများကို စစ်တပ်နှင့်ရဲက အရေးမယူဘဲ လူသတ်ဖြတ်ခွင့်ပေးထားကြောင်း ရပ်ကွက်အတွင်း‌ နေထိုင်သူများက ပြောကြားသည်။

“လင်မယားရန်ဖြစ်ရာမှ ဘေးအိမ်က ဆူတယ်ဆိုပြီးတိုင်ရာမှာ ရပ်ကွက်ရုံးက ခေါ်ပြီး တစ်ညလုံး ဝါယာကြိုးနဲ့ရိုက်တာ ။ ဘေးနားကလူတွေပါ ကြားပါတယ်။ အော်လို့ဆိုပြီး ပါးစပ်ထဲကို အဝတ်ရေစွတ်ပြီး ဝါယာကြိုးနဲ့ ထပ်ရိုက်၊ ထပ်နှိပ်စက်တာ ။ ကိုငြိမ်းချမ်းဝင်းရဲ့ အဖေ ဦးဌေးဝကိုလည်း ခေါ်ပြီး ထိပ်တုံးခတ်ပြီး အဖေကိုပါ ထုထောင်းရိုက်တယ်။ ကိုငြိမ်းချမ်းဝင်းရဲ့ အဖေက ခါးဆစ်ရိုးအက်သွားတယ်။ နောက်တစ်နေ့ အောက်တိုဘာလ ၈ ရက်နေ့ မနက်မိုးလင်းမှ ကိုငြိမ်းချမ်းဝင်းရဲ့ ဇနီးကို ခေါ်ပြီး ကိုငြိမ်းချမ်းဝင်းရဲ့ အလောင်းလာယူဖို့ ပြောတယ်” ဟုရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးက ပြောကြားသည်။

ကိုငြိမ်းချမ်းဝင်း၏ ဇနီးဖြစ်သူကို အလောင်းလာယူချိန်တွင် ကိုငြိမ်းချမ်းဝင်းသည် ဖမ်းဆီးထားစဉ် လေဖြတ်၍ သေဆုံးသည်ဟု ရပ်ကွက်ရုံးက ပြောကြားကြောင်း၊ ကိုငြိမ်းချမ်းဝင်းတွင် ၆ နှစ်အရွယ် သမီး၊ ၁ နှစ်ခွဲ အရွယ် သားနှင့် ဇနီးဖြစ်သူမှာ ကိုယ်ဝန် ၃ လ ကျန်ရစ်ခဲ့ကြောင်း၊ ကိုငြိမ်းချမ်းဝင်းကို ရိုက်နှက်ခဲ့သူများမှာ ရာအိမ်မှူး ဘိုကေ၊ ငရဲနှင့် အိုစမာနှင့် နောက်နှစ်ဦးတို့ ဖြစ်ကြကြောင်း၊ စစ်တပ်နှင့်ရဲက အရေးယူခြင်းမရှိဘဲ လွှတ်ပေးထားကြောင်း ရပ်ကွက်အတွင်း နေထိုင်သူများ ထံမှ သိရှိရသည်။

“ဖခင်က မကျေနပ်တော့ သူသားသေတာကို သိတော့ အမှုဖွင့်တာ။ ခုချိန်အထိ ဘာမှ မဆောင်ရွက်ပေးဘူး။ အခုချိန်ထိ အမှုကိစ္စ မဆောင်ရွက်ပေးသေးဘူး‌” ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

ဓာတ်ပုံ- ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များက ၀ိုင်းဝန်း ရိုက်နှက်သတ်ဖြတ်ခံလိုက်ရသော ကိုငြိမ်းချမ်းဝင်း၏ ရုပ်အလောင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article