30.5 C
Yangon

ကုလသမဂ္ဂတွင် မြန်မာစစ်ကောင်စီက ကိုယ်စားပြုခွင့်ရန် ကြိုးပမ်းနေမှုများကို ဒီမိုကရေစီနိုင်ငံများက တားဆီးရပ်ဆိုင်းရမည်

Must read

By Kelley Currie

လွန်ခဲ့သည့်လက ကျင်းပခဲ့သော ၇၇ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ အဆင့်မြင့်အစည်းအဝေးအတွင်း ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလက အာဏာသိမ်းယူခဲ့သော မြန်မာစစ်ကောင်စီအား ကုလသမဂ္ဂနှင့် ၎င်း၏ လက်အောက်ခံအဖွဲ့အစည်းများက တရားဝင်ဖြစ်အောင် လုပ်နေမှုကို ရပ်ဆိုင်းရန် ကမ္ဘာအရပ်ရပ်မှ အရပ်ဖက်အဖွဲ့အစည်း ၇၀၀ ခန့်က အပြင်းအထန် တောင်းဆိုထားသည့် စာတစ်စောင်ကို အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ် (Antonio Guterres)ထံသို့ ပေးပို့ခဲ့သည်။

ဤစာသည် ကုလသမဂ္ဂ၌ ကာလတာရှည် အငြင်းအခုန်ဖြစ်နေသော မြန်မာနိုင်ငံအား ကိုယ်စားပြုမှု လွန်ဆွဲပွဲ၏ လတ်တလော အကျဆုံးထိုးနှက်မှုဖြစ်သည်။ ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်ထားသော မြန်မာအစိုးရကို ဖြုတ်ချခဲ့သည့် အာဏာသိမ်းမှု ဖြစ်ပွားပြီးကတည်းက မြန်မာ့ကိုယ်စားပြုမှုဆိုင်ရာ သံခင်းတမန်ခင်း အန္တရာယ်စက်ကွင်းကို ထိန်းကျောင်းနိုင်ရေး ကမ္ဘာ့ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများမှာ ကြိုတင်ခန့်မှန်းထားသကဲ့သို့ပင် ရလဒ်ကောင်းများ ပေါ်ထွက်ခဲ့ခြင်းမရှိပေ။

ထိုသို့ အရေးမလှဖြစ်နေရခြင်း၏ အဓိကအကြောင်းရင်းမှာ ၎င်းတို့ လူသိရှင်ကြား ထောက်ခံထားသော အခြေခံမူများကိုလျစ်လျူရှုလျက် လူ့အခွင့်အရေးနှင့် စည်းမျည်းအခြေပြုစနစ်များကို ကာကွယ်စောင့်ရှောက်သူများအဖြစ် မိမိတို့ကိုမိမိ ခံယူထားကြသော ကုလသမဂ္ဂခေါင်းဆောင်များနှင့် အဖွဲ့ဝင်နိုင်ငံ အများအပြားကိုယ်တိုင်က အဂတိမကင်းသော အပေးအယူတစ်ခု ပြုလုပ်ခဲ့ခြင်းကြောင့် ဖြစ်သည်။

အာဏာသိမ်းပြီးလျှင်ပြီးချင်း နယူးယောက်ရှိ ကုလသမဂ္ဂ အထွေထွေညီလာခံ၏ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းသည် ယခုအမျိုးသားညီညွတ်ရေးအစိုးရ (NUG) အဖြစ် ဖွဲ့စည်းလိုက်ပြီဖြစ်သော ဒီမိုကရေစီအင်အားစုများဖက်မှ ရပ်တည်၍ သစ္စာခံသွားမည်ဟု အခိုင်အမာ ကတိပြုခဲ့သည်။

၂၀၂၁ခုနှစ် ဆောင်းဦးရာသီကတည်းက နယူးယောက်ရှိ မြန်မာကိုယ်စားလှယ်နေရာကို ၎င်းက တရားဝင်ဆက်လက် ရယူထားနိုင်လျက်ရှိသော်လည်း ကုလသမဂ္ဂတရားဝင် ခန့်အပ်မှု ကော်မတီဝင်ဖြစ်သော အင်အားကြီးနိုင်ငံအချို့၏ လက်သိပ်ထိုး ပူးပေါင်းကြံစည်မှုဖြင့် ဦးကျော်မိုးထွန်း ခံစားပိုင်ခွင့်ရှိသော ပုံမှန်အခွင့်အရေးနှင့် တာဝန်များကို ငြင်းပယ်ခံထားနေရဆဲ ဖြစ်သည်။

ကိုယ်တိုင်က အာဏာရှင်နိုင်ငံများဖြစ်သလို စစ်ကောင်စီ၏ မဟာမိတ်များဖြစ်နေသည့် ရုရှားနှင့် တရုတ်နိုင်ငံတို့က ဦးကျော်မိုးထွန်းကို ဟန့်တားပြီး မြန်မာ့ကိုယ်စားပြုမှုအရေး ရှုပ်ထွေးသွားစေလိုသည်မှာ အထူးအဆန်းမဟုတ်ပေ။ လက်နက်ရောင်းချပေးမှုများအပါအဝင် တရုတ်နှင့်ရုရှား နှစ်နိုင်ငံစလုံးက စစ်ကောင်စီအတွက် နိုင်ငံရေးနှင့် စီးပွားရေး အသက်ဆက်ရှင်သန်ရေးကို ထောက်ပံ့ကူညီနေသလို မြန်မာနိုင်ငံအပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အရေးယူမှုများကိုလည်း ဆယ်စုနှစ်များနှင့်ချီ၍ အရှက်ကင်းမဲ့စွာ ပိတ်ဆို့ဟန့်တားလျက် ရှိကြသည်။

သို့သော် နားမလည်နိုင်စရာ ကောင်းလှသည့်အချက်မှာ အမေရိကန်ပြည်ထောင်စုကဲ့သို့ ဒီမိုကရေစီနိုင်ငံများနှင့် အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်ကဲ့သို့ ကုလသမဂ္ဂခေါင်းဆောင်များက ဤလှည့်ကွက်ကြီးနှင့် အဆင်တပြေ ရပ်တည်နေနိုင်ကြသည့် အချက်ဖြစ်သည်။ ကုလသမဂ္ဂ အထွေထွေညီလာခံ ၇၇ ကြိမ် မြောက်အစည်းအဝေး၌ ယင်းကိစ္စကို အသိအမှတ်ပြုကော်မတီက စီရင်ဆုံးဖြတ်သည့်အခါ ကော်မတီဝင်နှင့် ကုလသမဂ္ဂအဖွဲ့ဝင် ဒီမိုကရေစီနိုင်ငံများအနေဖြင့် ပိုမိုကောင်းမွန်သည့် ဆုံးဖြတ်ချက် ချမှတ်နိုင်ရေးနှင့် မြန်မာပြည်သူများအား ၎င်းတို့နှင့်ထိုက်တန်သည့် ပြောရေးဆိုခွင့်နှင့် ကိုယ်စားပြုခွင့် ပေးအပ်နိုင်ရေး ပိုမိုကြိုးပမ်းရမည်ဖြစ်သည်။

တရားဝင် ခန့်အပ်မှုကော်မတီ၏ အဂတိမကင်းသော အပေးအယူ

ကုလသမဂ္ဂတရားဝင် ခန့်အပ်မှုကော်မတီတွင် အဖွဲ့ဝင်ကိုးနိုင်ငံပါဝင်ပြီး ၎င်းတို့မှာ တရုတ်၊ ရုရှား၊ အမေရိကန်ပြည်ထောင်စုဟူသော အစဉ်အလာအရ အမြဲတမ်းအဖွဲ့ဝင် (၃) နိုင်ငံနှင့် ဒေသအပေါ် အခြေခံ၍ အထွေထွေညီလာခံဥက္ကဋ္ဌက အချိုးညီခန့်ထားသည့် အခြားနိုင်ငံများ ဖြစ်ကြသည်။ စက်တင်ဘာလရောက်တိုင်း အထွေထွေညီလာခံ ကျင်းပသည့်အခါ ဤကော်မတီသည် တရားဝင်ခန့်အပ်ရန် တောင်းဆိုချက်များကို လက်ခံရယူသော်လည်း ဒီဇင်ဘာလမတိုင်မီအထိ ညီလာခံသို့ ကော်မတီ၏ အစီရင်ခံစာကို တင်ပြခြင်းမရှိသည့်အတွက် ကမ္ဘာ့ခေါင်းဆောင်များ၏ သဘောထားထုတ်ပြန်ချက်များကို အထူးအာရုံစိုက်နေကြသည့် ထိပ်တန်းအဆင့် ညီလာခံကာလအတွင်း ကိုယ်စားပြုမှုအရေးကိစ္စကို သောင်မတင်ရေမကျ အနေအထားမျိုး ဖြစ်ပေါ်စေလေ့ရှိသည်။

၂၀၂၁ ခုနှစ် အတွင်းက ကော်မတီသည် မြန်မာ့ကိုယ်စားပြုမှုအရေး ဆုံးဖြတ်ချက်ကို ဆိုင်းငံ့ခဲ့ပြီး အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံအကြား အလွတ်သဘော လူကြီးလူကောင်း နားလည်မှုဖြင့် ဦးကျော်မိုးထွန်းကို ခေတ္တအမြဲတမ်း ကိုယ်စားလှယ်ရာထူးနေရာ၌ ဆက်လက်ထားရှိရင်း အထွေထွေညီလာခံ၌ စကားပြောဆိုခွင့်ကို ကန့်သတ်ကာ ၎င်း၏တာဝန်နှင့် ခံစားခွင့်များကို အပြည့်အဝ ထမ်းဆောင်ခြင်း၊ ရယူခြင်းမရှိအောင် ပိတ်ပင်တားမြစ်ထားသည်။

တရားဝင်ခန့်အပ်မှုကို အဆုံးအဖြတ်ပေးခဲ့သည့် သမိုင်းကြောင်းဖြစ်ရပ်များအရ မြန်မာ့အာဏာသိမ်းမှုကိစ္စ၌ ကုလသမဂ္ဂက မည်သို့ဆောင်ရွက်သင့်သည် ဟူသောအချက်မှာ ရှင်းရှင်းလင်းလင်းမရှိပေ။ စစ်ကောင်စီကို တရားဝင်အသိအမှတ်ပြုခဲ့သည့် အစိုးရအရေအတွက်မှာ မရှိသလောက် နည်းပါးသည်။ မြန်မာနိုင်ငံက အဖွဲ့ဝင်အဖြစ်ပါဝင်ပြီး အာဏာရှင်များနှင့် ခင်မင်ရင်းနှီးသည်ဟု နာမည်ဆိုးဖြင့် ကျော်ကြားသော ဒေသဆိုင်ရာ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ)ကပင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်၍ အာဆီယံ အစည်းအဝေးများသို့ မြန်မာစစ်ကောင်စီ၏ နိုင်ငံရေးကိုယ်စားလှယ်များ အား တက်ရောက်ခွင့်မပြုခဲ့ပေ။

ထို့အပြင် အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်နေသော NUG၊ မဟာမိတ် လက်နက်ကိုင်အဖွဲ့များနှင့် အာဏာဖီဆန်ရေးအုပ်စုများ၏ တော်လှန်ရေးတွင် အောင်မြင်မှုများပိုမို ရရှိလာပြီး တိုင်းပြည်နယ်နိမိတ် အများစုမှာ အုပ်ချုပ်မှုကင်းမဲ့နေသည် သို့မဟုတ် အတိုက်အခံတို့၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိနေသည်။

NUGသည် ဦးကျော်မိုးထွန်း၏ မြန်မာနိုင်ငံကိုယ်စားပြုမှု အခွင့်အရေးများအပေါ် ကုလသမဂ္ဂ၏ ဆက်လက်ကန့်သတ်ထားမှုကို အထွေထွေညီလာခံ၌သာမက အခြားအစည်းအဝေးများတွင်ပါ အပြင်းအထန်ကန့်ကွက်နေသည်။ ထို့အပြင် လူသားချင်းစာနာမှု ကိစ္စရပ်များနှင့် အခြားနိုင်ငံတကာ အကူအညီပေးရေး ကြိုးပမ်းမှုများတွင်သာ မြန်မာစစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် စစ်ကောင်စီကို အလွတ်သဘော အသိအမှတ်ပြုရန် ကုလသမဂ္ဂ အဖွဲ့အစည်းများ၏ ဆုံးဖြတ်ချက်ကိုလည်း NUG က ဝေဖန်ရှုတ်ချလျက်ရှိသည်။

ကုလသမဂ္ဂဥပဒေရေးရာရုံး၏ ၁၉၅၀ မူလမှတ်တမ်းအရ “အဖွဲ့ဝင်၏ တာဝန်များအား ၎င်းတို့ကို အမှန်တကယ် ထမ်းဆောင်နိုင်သည့် အာဏာရှိသော အစိုးရများကသာ ဆောင်ရွက်နိုင်သည်” ဟုဆိုသည်။ အားပြိုင်နေသည့် တရားပြိုင်များအကြား မည်သည့်အဖွဲ့က အဆိုပါစံသတ်မှတ်ချက်နှင့် ကိုက်ညီကြောင်း ဆုံးဖြတ်ရာတွင် “အစိုးရ [အသစ်]က နိုင်ငံနယ်နိမိတ်အတွင်း ထိရောက်သော လုပ်ပိုင်ခွင့်အာဏာကို ကျင့်သုံးနိုင်ခြင်း ရှိ/မရှိနှင့် လူဦးရေအများစုက ပုံမှန်လိုက်နာသည့် အလေ့အထ ရှိ/မရှိတို့ကို စုံစမ်းရန်” လိုအပ်သည်။

၎င်းတို့သည် ပကတိအခြေအနေမှန်ကို သိရှိစေမည့် မေးခွန်းများဖြစ်သည်။ ကုလသမဂ္ဂသည် ၎င်းမေးခွန်းများကို စုံစမ်း၍ ဖြေရှင်းရန် မည်သည့်တရားဝင် အားထုတ်မှုမျှ မပြုလုပ်သေးသလို ထိုသို့ ပြုလုပ်မည့် အရိပ်လက္ခဏာလည်း ပြသခြင်းမရှိသေးပေ။ ယင်းအခြေအနေမျိုး၌ ကုလသမဂ္ဂ၏ ယခင်အလေ့အထအရ အထွေထွေညီလာခံ၌ ကိုယ်တိုင်ကိုယ်ကျ တက်ရောက်နေသူ မည်သူပင်ဖြစ်စေ၊ ၎င်းပုဂ္ဂိုလ်ကို အသိအမှတ်ပြုခဲ့ဖူးပြီး ယခုမြန်မာနိုင်ငံဖြစ်စဉ်တွင် သံအမတ်ကြီးဦးကျော်မိုးထွန်းကို ဆက်လက်အသိအမှတ်ပြုရမည် ဖြစ်သည်။

သို့သော် ဦးကျော်မိုးထွန်းအား လက်ရှိရာထူး၌ ဆက်ထားခွင့်ပြုရင်း အခြားတစ်ဖက်ကလည်း မြန်မာပြည်သူများ အရေးမဆောင်ရွက်နိုင်အောင် ၎င်းအားနှုတ်ပိတ်ထားသည့် အပေးအယူမှာ ဤဖြစ်စဉ်ကို လွဲချော်စေသော လှည့်ကွက်ဖြစ်သည်။ အလားတူပင် ကုလသမဂ္ဂသည် မြန်မာနိုင်ငံအတွင်းရှိ ၎င်း၏မြေပြင်အဖွဲ့အစည်းများကို အာဏာ မသိမ်းမီကအတိုင်းပင် အများအားဖြင့် နေမြဲအတိုင်းထိန်းသိမ်းထားရှိပြီး တရားမဝင်စစ်ကောင်စီနှင့် ၎င်း၏ကိုယ်စားလှယ်များနှင့် လုပ်ငန်းများဆက်လက် ပူးပေါင်းဆောင်ရွက်လျက်ပင် ရှိသည်။

မြန်မာပြည်သူများ၏ ပြောရေးဆိုခွင့်ကို ငြင်းပယ်ခြင်း

မြန်မာကိုယ်စားလှယ်အား တရုတ်၊ ရုရှားနှင့် အမေရိကန်ပြည်ထောင်စုတို့က ပြောရေးဆိုခွင့် မပြုသည့် လုပ်ရပ်မျိုးသည် ယခင်က စည်းမျဉ်းအခြေခံဆောက်ရွက်ဖူးသည့် အစဉ်အလာမရှိခဲ့ပေ။ ထို့အပြင် ဥပဒေမဲ့သော အဆိုပါလုပ်ရပ်သည် အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်သည့် ကိုယ်စားပြုမှုဆိုင်ရာ အငြင်း ပွားမှုများအတွက်လည်း ဆိုးဝါးသည့် အကျိုးဆက်များရှိနေသည်။

ရေတိုကာလတွင် ကုလသမဂ္ဂစနစ်တစ်ခုလုံး၏ လုပ်ငန်းများ မှန်ကန်စွာဆောင်ရွက်နိုင်စွမ်းကို ဤလုပ်ရပ်က ထိခိုက်စေခဲ့ပြီးဖြစ်သည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်၍ ဦးကျော်မိုးထွန်းအား အထွေထွေညီလာခံ၌ စကားပြောဆိုခွင့် မပြုသလို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (UNHRC)၊ ကမ္ဘာ့ကျန်းမာရေးညီလာခံ (WHA)၊ နိုင်ငံတကာ အလုပ်သမားကွန်ဖရန့်(ILC) စသည့် အစည်းအဝေးများသို့ တက်ရောက်ခွင့်ကိုလည်း ပိတ်ပင်ခံထားရသည်။

အဆိုပါ အစည်းအဝေးအားလုံးသည် မြန်မာနိုင်ငံနှင့် သက်ဆိုင်သော အရေးကြီးကိစ္စရပ်များ၊ ဆက်လက်ဖြစ်ပွားနေဆဲ အကျပ်အတည်းများကို တင်ပြဆွေးနွေးမည့် အစည်းအဝေးများဖြစ်သည်။ သို့သော် မြန်မာပြည်သူများအတွက် တင်ပြဆွေးနွေးနေစဉ် ကာလအတွင်း မြန်မာကိုယ်စားလှယ်၏ ထိုင်ခုံနေရာ လစ်လပ်နေသည်မှာ ၂ နှစ်နီးပါးပင်ရှိလာခဲ့ပေပြီ။

၎င်းအခြေအနေထက် ပို၍ဆိုးဝါးသည့်အချက်မှာ လူမျိုးတုံးသတ်ဖြတ်သည့်အမှုအတွက် စစ်ကောင်စီအား တရားရုံးရှေ့မှောက်၌ မြန်မာနိုင်ငံကို ကိုယ်စားပြုလျှောက်ထားရန် ခွင့်ပြုခဲ့သည် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ၏ မမျှတသောဥပဒေအရ သံသယရှိဖွယ် ဆုံးဖြတ်ချက် ဖြစ်သည်။ ICJ စီရင်ဆုံးဖြတ်ချက်ကို အသိအမှတ်ပြုပြီး ပူးပေါင်းဆောင်ရွက်သွားမည်ဟု NUG က လျှောက်ထားခဲ့လင့်ကစား တရားရုံးက စစ်ကောင်စီ၏ ကိုယ်စားလှယ်များကို လက်ခံရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကာ စစ်ကောင်စီ၏ရှေ့နေအဖွဲ့က တရားရုံး၏ စီရင်ဆုံးဖြတ်ချက်ကို မလျှော့တမ်း ဆက်လက် ငြင်းဆန်လျက်ရှိနေဆဲပင် ဖြစ်သည်။

ထို့အတူ တိုင်းပြည်တွင်း လူသားချင်းစာနာမှု အကူအညီနှင့် ကုလသမဂ္ဂ အစီအစဉ်များအတွက် စစ်ကောင်စီနှင့် ပုံမှန်အတိုင်း ဆက်လက်စေ့စပ်ညှိနှိုင်းနေသည် ကုလသမဂ္ဂ၏ချဉ်းကပ်မှုကြောင့် ၎င်းအကူအညီများကို မြန်မာပြည်သူများ၏ သာယာဝပြောရေးအတွက် စိတ်မဝင်စားဘဲ သွေးဆာနေသည့်လူဆိုးဂိုဏ်း တစ်ခုအား စိတ်ကြိုက်ချယ်လှယ်ခွင့် ရရှိသွားစေခဲ့သည်။ လူအများအပေါ် နိုင်ထက်ကလူပြုနေသူများနှင့် ထိုသို့ပူးပေါင်းဆောင်ရွက်မှုကြောင့် မြန်မာပြည်သူများအကြား နဂိုကတည်းက မကောင်းလှသော ကုလသမဂ္ဂ၏ ပုံရိပ်ကို ပိုမိုဆိုးဝါးပျက်စီးစေလျက် ရှိသည်။

တစ်ဖက်က ဦးကျော်မိုးထွန်းအား ကုလသမဂ္ဂအဖွဲ့အများအပြား၌ မြန်မာနိုင်ငံကိုယ်စားပြုမှုကို ငြင်းပယ်ရင်း အခြားတစ်ဖက်က စစ်ကောင်စီနှင့် မြေပြင်တွင် အတိအလင်း ပူးပေါင်းဆောင်ရွက်နေခြင်းအားဖြင့် ကုလသမဂ္ဂသည် တရားဝင် အသိအမှတ်ပြုမှုဆိုင်ရာ အဂတိမကင်းသော အပေးအယူ၏ မူလသတ်မှတ်ချက်ဘောင်ကို ကျော်လွန်သွားခဲ့ပြီဖြစ်သည်။ UNHRC ၊ILC ၊ WHA နှင့် အခြားအဖွဲ့အသီးသီး သည်လည်း အသိအမှတ်ပြုခြင်းဆိုင်ရာ ၎င်းတို့၏ကိုယ်ပိုင်စည်းမျဉ်းများကို ချိုးဖောက်လျက်ရှိကြသည်။

အဆိုပါအဖွဲ့အစည်းတစ်ခုချင်းသည် “အထွေထွေညီလာခံ၏ သဘောဆန္ဒ”ကို လိုက်နာဆောင်ရွက်သည့် အသိအမှတ်ပြုမှုဆိုင်ရာ မူဝါဒနှင့်အလေ့အထများ အသီးသီး ရှိကြသောကြောင့် ၎င်းတို့၏ဆွေးနွေးပွဲများ၌ ဦးကျော်မိုးထွန်း၏ တရားဝင်ကိုယ်စားပြုမှုကို လက်ခံခွင့်ပြုသင့်ကြသည်။ ကုလသမဂ္ဂ၏ အဆင့်အမြင့်ဆုံး နှင့် အာဏာအရှိဆုံး အဖွဲ့ဖြစ်သောအထွေထွေညီလာခံ၏ တရားဝင် အသိအမှတ်ပြုခြင်းခံထားရသည့် မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် ဖြစ်သည်နှင့်အညီ ဦးကျော်မိုးထွန်းသည် ကုလသမဂ္ဂ၌ အဆင့်အမြင့်ဆုံး မြန်မာသံတမန်ဖြစ်သည်။

ကုလသမဂ္ဂက ပုံမှန်အားဖြင့် အလွန်အလေးထားသော သံတမန်ကျင့်စဉ်ရှုထောင့်အရ ၎င်းကို အဆိုပါအစည်းအဝေးတိုင်း၌ စကားပြောဆိုခွင့်ပြုသင့်သည်။ သာမန်အားဖြင့် အထွေထွေညီလာခံ အမြဲတမ်းကိုယ်စားလှယ်တစ်ဦးသည် ကုလသမဂ္ဂ၏ မည်သည့် အခမ်းအနား၌မဆို မိမိနိုင်ငံအမည် တံဆိပ်တုံးအနောက်၌ ထိုင်ခွင့်ရှိသည်မှာ မေးခွန်းထုတ်ရန်မလိုသော ခြွင်းချက်မရှိ အနေအထားဖြစ်သည်။

နယူးယောက်ကုလသမဂ္ဂရုံး၌ အမေရိကန်ဒုတိယသံအမတ်အဖြစ် စာရေးသူ တာဝန်ထမ်းဆောင်ခဲ့စဉ်က သံရုံးတွင် ဝန်ထမ်းအင်အားနည်းနေသည့်အခါတိုင်း သို့မဟုတ် တရားဝင်အသိအမှတ်ပြု သံအမတ်တစ်ဦး တက်ရောက်ရန်လိုအပ်သည့်အခါတိုင်း ကုလသမဂ္ဂအစည်းအဝေးများရှိ အမေရိကန်နိုင်ငံ အမည်တံဆိပ်တုံးအနောက်သို့ အပြေးအလွှားဝင်ထိုင်ကာ ကိုယ်စားပြု တက်ရောက်ရလေ့ရှိသည်။ ဤအချက်မှာ ကုလသမဂ္ဂအဖွဲ့အစည်းတိုင်းတွင် လုပ်ရိုးလုပ်စဉ်ဖြစ်သလို ကောင်းစွာ လက်ခံထားသည့် အလေ့အထဖြစ်ကာ ယခုဦးကျော်မိုးထွန်းဖြစ်စဉ်ကျမှ ခွဲခြားဆောင်ရွက် ခြင်းမျိုး မပြုလုပ်သင့်ပေ။

မှားယွင်းနေသော အသိအမှတ်ပြုမှု ဆုံးဖြတ်ချက်ကို စိန်ခေါ်ခြင်း

ဦးကျော်မိုးထွန်းအပေါ် အသိအမှတ်ပြုထားခြင်းကို နောက်ကွယ်၌ အခန်းတံခါးပိတ်ဆွေးနွေး၍ ပယ်ဖျက်သည့်လုပ်ရပ်က ဒီမိုကရေစီလောကအတွင်း စိုးရိမ်မှုဂယက်များ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်စေလျက်ရှိ သည်။

အခြားအမြဲတမ်း ကိုယ်စားလှယ်များအနေဖြင့် မှားယွင်းနေသော အဆိုပါဆုံးဖြတ်ချက်ကို တစ်ညီတစ်ညွတ်တည်း ထုတ်ဖော်ဝေဖန် စိန်ခေါ်သင့်ပြီး ကန့်လန့်ကာနောက်ကွယ်၌ လျှို့ဝှက်ညှိနှိုင်း၍ မြန်မာ ပြည်သူ ၅၅ သန်းအတွက် ကိုယ်စားပြုခွင့်ကို ငြင်းပယ်မည့်အစား အဖွဲ့ဝင်နိုင်ငံများအား ပွင့်ပွင့်လင်းလင်း မဲခွဲဆုံးဖြတ်ခွင့်ပြုရန် တောင်းဆိုသင့်သည်။

ထို့အပြင် လူသားချင်းစာနာမှုနှင့် အခြားအကူအညီပေးမှုများ၌လည်း မြန်မာပြည်သူများ၏ အမြင်၌ ယုံကြည်ကိုးစားမှုကို ဆက်လက်ထိန်းသိမ်းရန်မျှော်လင့်ပါက ကုလသမဂ္ဂအဖွဲ့အစည်းများသည် စစ်ကောင်စီလက်အောက်ခံဌာနများနှင့် ဝင်ရောက်ခွင့်ရရှိရေး ညှိနှိုင်းခြင်း၊ ပူးပေါင်းလုပ်ကိုင်ခြင်းများကို ချက်ချင်း ရပ်ဆိုင်းရမည် ဖြစ်သည်။

အဆိုပါကုလသမဂ္ဂအဖွဲ့အစည်းများသို့ ပမာဏအများဆုံး ထည့်ဝင်သည့် အလှူရှင်နိုင်ငံဖြစ်သော အမေရိကန်ပြည်ထောင်စုနှင့် ၎င်း၏မဟာမိတ်များသည် ၂၀၁၂ ခုနှစ်မတိုင်မီက ၎င်းအဖွဲ့များ လက်ခံကျင့်သုံးခဲ့သော အပြိုင်ဆက်သွယ် ဆောင်ရွက်သည့်စနစ်သို့ ပြန်သွားစေအောင် တောင်းဆိုခြင်း၊ မဲခွဲဆုံးဖြတ်ခြင်းများဖြင့် တွန်းအားပေးရမည်ဖြစ်သည်။ စစ်ကောင်စီ ထိန်းချုပ်မှုမှ လွတ်ကင်းသော နယ်စပ်ဖြတ်ကျော်ပေးအပ်မှုနှင့် အခြားအကူအညီ ပေးအပ်မှုပုံစံများကို တိုးချဲ့ဆောင်ရွက်ရန် ၎င်းနိုင်ငံများသည် NUG ၊ တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များ၊ မဟာမိတ် အရပ်ဖက်အဖွဲ့များနှင့်လည်း ပူးပေါင်းလုပ်ကိုင်ရမည်ဖြစ်သည်။

ကုလသမဂ္ဂ၏ ကုန်ကျစရိတ် ကြီးမားလှသော ရန်ကုန်ရုံးများကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးထက် ကုလသမဂ္ဂက ပေးအပ်သော အကူအညီများ၏ သမာသမတ်ရှိမှု၊ လွတ်လွတ်လပ်လပ် ဆောင်ရွက်နိုင်တို့က ပို၍အရေးကြီးပေသည်။

အဆိုပါ တရားမျှတမှုမရှိသော အကူအညီပေးမှု အစီအစဉ်များ ဆက်လက်လုပ်ဆောင်နေခြင်းကို ကန့်ကွက်နိုင်ရေး အမေရိကန်ပြည်ထောင်စုနှင့် အခြားဒီမိုကရေစီနိုင်ငံများက လက်ရှိဖြစ်ပေါ်နေသော တရားဝင်အသိအမှတ်ပြုမှု စဉ်းစားဆုံးဖြတ်မည့်ကိစ္စကို အသုံးချရန် အရေးကြီးသည်။ အာဏာသိမ်းခဲ့ သည်မှာ ၂ နှစ်နီးပါးကြာမြင့်ခဲ့ပြီဖြစ်ရာ မြန်မာနိုင်ငံကို အုပ်ချုပ်နေသည်ဟုဆိုသော စစ်ကောင်စီ၏ တရားမဝင်မှုနှင့် မစွမ်းဆောင်နိုင်မှုများကို ဆက်လက်၍ မေးခွန်းထုတ်မနေသင့်တော့ပေ။

ကုလသမဂ္ဂသည် စစ်ကောင်စီကို လုပ်ပိုင်ခွင့်ပေးရင်း ၂ နှစ်တာကာလကို အချိန်ဖြုန်းခဲ့ပြီးဖြစ်ကာ မြေပြင်လက်တွေ့အခြေအနေ၌လည်း စစ်ကောင်စီ၏ အရေးနိမ့်မှုကို အထင်အရှား တွေ့မြင်နေရပြီး ဖြစ်သည်။ အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ပြောဆိုခဲ့သည့် ဒီမိုကရေစီနိုင်ငံများသည် လက်ရှိ လှိုက်စားနေသည့် အခြေအနေများ ဖြစ်ပေါ်လာအောင် ခွင့်ပြုခဲ့ရုံသာမက ၎င်းတို့က တက်တက်ကြွကြွ စေ့စပ်ညှိနှိုင်းပြီး အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး ရန်ပုံငွေများ ပေးအပ်ခဲ့ခြင်းဖြစ်သည်။

အပြောနှင့် အလုပ်ညီရန် အချိန်ကျရောက်လာခဲ့ပေပြီ။ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီကို ယုံကြည်သောအဖွဲ့ဝင်နိုင်ငံများသည် အခွင့်အရေးများစွာ လက်လွှတ်ဆုံးရှုံးခံထားရပြီးဖြစ်သော မြန်မာပြည်သူများထံသို့ ၎င်းတို့၏ ရပ်တည်မှုအသံကို ပြန်လည်ပေးအပ်နိုင်ရေး လိုအပ်သော ခြေလှမ်းများကို ဆောင်ရွက်ကြရလိမ့်မည် ဖြစ်သည်။

(Just Security တွင်ဖော်ပြထားသော သံအမတ်ကြီး Kelley Currie ၏ “Democracies Must Stop Playing Games with Myanmar’s Representation at the United Nations” ဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article